Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၁

◾️ တရားဥပဒေစိုးမိုးမှု လျော့လျဲလာခြင်း (သို့မဟုတ်) စိုးရိမ်ထိတ်လန့်အောင် လုပ်ဆောင်ခြင်း  
အခုရက်ပိုင်း သတင်းတွေထဲ ခိုးမှုတွေ၊ လုယက်မှုတွေလို သိပ်မကြီးမားတဲ့ပြစ်မှုတွေကစလို့ လူသတ်တာ မူးယစ်ဆေးဝါးတွေ ကားနဲ့ တနေရာမှ တနေရာသယ်ယူနေကြတာတွေအထိ ပိုများလာတာ သတိထားမိပါတယ်။ အချို့မြို့တွေမှာ မြို့မစျေးလို စည်ပင်စျေးတွေကို ညဖက်ဖေါက်ယူနေတာတွေလည်း သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။ 

ရေစကြိုမြို့မစျေး ဖောက်ခံရတဲ့သတင်းကိုဖတ်ရသလို တလောက နတ်မောက်မြို့မစျေးကြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်သွားခဲ့သလို ယနေ့ညမှာတော့ စလင်းမြို့မစျေး မီးလောင်တဲ့သတင်း ဖတ်ရပါတယ်။ 

အလားတူ ဒီပဲယင်းက ကျေးရွာတရွာမှာ မိသားစုဝင် ၅ ဦးစလုံးသတ်ဖြတ်ခံရပြီး ပိုင်ဆိုင်မှုဖြစ်တဲ့ ရွှေငွေတွေ ယူဆောင်သွားတာခံရပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင်လည်း နေ့စဥ်လိုလို သတင်းတွေထဲ ကားတွေနဲ့သယ်လို့ဖမ်းမိတဲ့ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ ပမာဏအများအပြား သတင်းတွေထဲ တွေ့နေရ နားထောင်နေရတာ ဖြစ်ပါတယ်။ 

ကလေးလိုမြို့မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုပိုမိုများပြားလာတာတွေကို သတင်းတွေထဲ တွေ့ရပြီး PDF အဖွဲ့တွေက သတိပေးတဲ့ ထုတ်ပြန်ချက်တွေ ဆိုရှယ်မီဒီယာမှာထုတ်ပြန်နေတာလည်း တွေ့ရပါတယ်။ 

ဒီအဖြစ်အပျက်တွေကို လေ့လာသုံးသပ်ကြည့်ရင် တရားဥပဒေစိုးမိုးမှု လျော့လျဲလာတဲ့သဘောလို့ ယေဘုယျကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ သို့သော် နောက်မေးခွန်းတခုဖြစ်တဲ့ ဒီလိုဥပဒေစိုးမိုးမှု လျော့လျဲလာတာဟာ သဘာဝအလျောက် ဖြစ်လာတာလား၊ စစ်ကောင်စီဘက်က တရားဥပဒေစိုးမိုးမှု လျော့လျဲအောင် အခြေအနေတွေကိုဖန်တီးပေးတာ ဟပေးတာတွေလုပ်ပြီး လူထုကို စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေကာ စစ်တပ်နဲ့ရဲကို အားကိုးအောင် လုပ်တာလားဆိုတာ သဲသဲကွဲကွဲပြောဖို့ ခက်တဲ့အခြေအနေ ဖြစ်ပါတယ်။ 

လက်ရှိ အခြေအနေမှာ စစ်တပ်တွေရဲတွေက လူထုရဲ့ပိုင်ဆိုင်မှုတွေကို အခွင့်ရရင် ရသလို လုယူတာ ဖျက်ဆီးတာ ငွေတောင်းပြီး ပြန်လွှတ်တာတွေ လုပ်နေတဲ့ သတင်း၊ အဖြစ်အပျက်တွေ နေ့စဥ်ကြားသိနေရတာ ဖြစ်ပါတယ်။ လူတွေကို သံသယနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းဆီးပြီး ပြန်လွှတ်စေချင်ရင် ကျပ် သိန်းနဲ့တောင်းတာ ဆိုင်ကယ်တွေဖမ်းဆီးပြီး သောင်းဂဏန်းနဲ့ ပြန်ရွေးရတာတွေ နေ့စဥ်လိုလို ဖြစ်နေတာမို့ တရားဥပဒေ စိုးမိုးမှုကို ဖျက်ဆီးတာဟာ စစ်တပ်နဲ့ရဲက ထိပ်ဆုံးမှာပါနေတာ ငြင်းမရတဲ့အဖြစ်ပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း တဖက်မှာ လူထုအနေနဲ့ မိမိတို့ပိုင်ဆိုင်မှု အသက်တွေကို မိမိဘာသာ မကာကွယ်နိုင်ပဲ ဖြစ်လာချိန်မှာ လက်ရှိဖြစ်နေတဲ့အခြေအနေကိုမနှစ်သက်ပဲ တည်ငြိမ်မှုရစေချင်တဲ့ဆန္ဒတွေဖြစ်လာမှာ သဘာဝဖြစ်ပါတယ်။ 

ဒေသန္တရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေးအပြင် ဥပဒေစိုးမိုးရေးလည်း တတ်နိုင်သမျှ ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းနဲ့ အတွေ့အကြုံလည်း အများကြီးလိုအပ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကာလက အုပ်ချုပ်ရေးကိုဆုတ်ပေးလိုက်ပြီး အခြေအနေကို ပိုရှုပ်ထွေးအောင်လုပ်ကာ စစ်တပ်က အာဏာပြန်သိမ်းတဲ့အကွက်မျိုးကို အခုလည်း အနည်းနဲ့အများ လုပ်ဆောင်လာမှာ သံသယဖြစ်စရာမရှိပါဘူး။ 

စစ်ကောင်စီဘက်ကဆင်တဲ့ အဲဒီအကွက်မျိုး မအောင်မြင်အောင် ဒေသအလိုက် လူထုကိုနှိုးဆော်ပြီး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ခိုးမှု၊ လုယက်မှုလိုမျိုးကို အလွန်အကျွံပစ်ဒဏ်ဖြစ်တဲ့ သတ်ဖြတ်မှုမျိုး မချမှတ်မိအောင်လည်း သတိပြုဖို့လိုအပ်ပါလိမ့်မယ်။ ပြစ်မှုနဲ့ လိုက်ဖက်ညီတဲ့ ပြစ်ဒဏ်မျိုးပဲ ဖြစ်ဖို့သတိပြုသင့်ပါတယ်။ 

အခုကာလကနေစတင်ပြီး မူးယစ်ဆေးဝါး ဖြန့်ချိတာ သယ်ဆောင်တာ၊ လုယက်တာ ဓါးပြတိုက်တာတွေအပြင် ပိုင်ဆိုင်မှုတွေ ဖျက်ဆီးတဲ့ မီးရှို့မှုတွေလို အဖြစ်အပျက်တွေ အများအပြားကြုံတွေ့ လာနိုင်ခြေရှိသလို ဒီအခြေအနေတွေကိုကျော်ဖြတ်ပြီး အကောင်းဆုံးအဖြေရှာကာ လမ်းကြောင်းမလွဲစေဖို့က ဦးဆောင်သူတွေရဲ့ ကြိုတင်ပြင်ဆင်မှု ပညာပေးမှုတွေအပေါ်မှာ အများကြီးမူတည်နေတယ်လို့ ဆိုချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar