Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၇ ရက် 

နယ်မြို့တွေမှာ ကျေးရွာတွေမှာ အိမ်တွေမီးလောင်နေချိန်၊ စစ်ကောင်စီတပ်တွေလာပြီဆိုရင်  နေအိမ်ကနေ စွန့်ခွာပြီး တောထဲတောင်ထဲ ဒါမှမဟုတ် ရွာနဲ့ဝေးရာမှာ ဘယ်လောက်ကြာမယ်မှန်းမသိဘဲ ပိုင်ဆိုင်တဲ့အထဲက တန်ဖိုးရှိ သယ်လည်း သယ်နိုင်တဲ့ ငွေကြေး လက်ဝတ်လက်စား ဆေးဝါးတွေကိုသယ်ပြီး တိမ်းရှောင်ကြရတဲ့ အချိန် ရန်ကုန်မြို့နေ လူထုက ကျေးလက်ကလူထုလောက် ဒုက္ခမရောက်ပေမယ့်လည်း  နေ့စဥ်ဗုံးပေါက်ကွဲတာတွေ ဖမ်းဆီးတာတွေ လုပ်ကြံသတ်ဖြတ်တာတွေအကြား ကိုယ်လည်း အကြောင်းမသင့်ရင် သေနိုင်တယ်လို့ နှလုံးသွင်းပြီး သွားလာနေကြတာမျိုး ဖြစ်ပါတယ်။ ရန်ကုန်လို မန္တလေးလို မြို့နေလူထုအဖို့  အသက်ရှင်နေထိုင်ရေးအတွက် အလုပ်လုပ်ကြဖို့လိုအပ်တာကြောင့် အလုပ်ရှိနေသရွေ့ အပြင်ထွက်လို့ရနေသရွေ့  စွန့်စားပြီး သွားလာနေကြရတာဖြစ်ပါတယ်။ 

ရန်ကုန်၊ မန္တလေးမြို့မှာနေထိုင်သူတွေအဖို့ အခွင့်အလမ်းရှိနေသေးတဲ့ ဝင်ငွေရစရာလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး ဒီလိုခေတ်ပျက်မှာ ရှင်သန်ဖို့ကြိုးစားနေကြရတာဖြစ်ပါတယ်။ အရင်းအနှီးရှိသူ အပိုအလျှံရှိသူတွေ အတွက် မတောင်းတာပေမယ့် နေ့လုပ် နေ့စား စက်ရုံအလုပ်ရုံတွေ မှာ အလုပ်လုပ်သူတွေအဖို့တော့ စစ်အာဏာသိမ်းပြီးကာလမှာ ကိုဗစ်ကြောင့်ရော နိုင်ငံရေးကြောင့်ပါ မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင် ဆုံးရှုံးကြပြီး ဘယ်လိုရပ်တည်ရမှန်းမသိသူတွေ အများအပြားရှိပါတယ်။ 

ရန်ကုန် မန္တလေးလိုမြို့တွေမှာ နေထိုင်ရေးအတွက် အိမ်ငှားခ၊ အဆောင်ငှားခလိုမျိုးပေးနိုင်ဖို့လိုအပ်သလို စားဖို့ဆန်၊ ဟင်းလျာ ကျန်းမာရေးအတွက် အရေးပေါ်ငွေကြေး စသဖြင့် ကုန်ကျစရိတ်တွေ အများကြီးရှိကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ စားသောက်ဖို့ ငွေလောက်သာရှိပြီး နေအိမ်ငှားခအတွက် မသုံးနိုင်သူတွေအဖို့ မြို့ဆင်ခြေဖုန်းတွေ မြို့နယ်လမ်းတွေရဲ့ နဘေးလိုမျိုးမှာ ကျူးကျော်ကပ်ရပ်နေကြသူတွေကိုလည်း ပြီးခဲ့တဲ့လတွေကတည်းက စစ်ကောင်စီက အာဏာသုံး အင်အားသုံး ဖျက်ခိုင်းတာကြောင့် လူဦးရေသိန်းနဲ့ချီ အခြေမကျ ရွှေ့ပြောင်းရ အချို့လည်း ကျေးလက်တွေဆီပြန်ကြရတဲ့အနေအထားဖြစ်ပါတယ်။ 

ကျေးရွာတွေ တောနယ်တွေက လူထုကတော့ ကိုယ်တွေစိုက်ပျိုးထားတဲ့ စပါးခင်း ပဲခင်း နှမ်းခင်း ရိတ်သိမ်းချိန်ရောက်ပေမယ့်လည်း အဲဒီနေရာတွေ မအေးချမ်းသေးရင် ရိတ်သိမ်းဖို့ အခွင့်မသာတဲ့အဖြစ်တွေ နဲ့ ကြုံနေကြရတာဖြစ်ပါတယ်။ နေအိမ်တွေစွန့်ခွာထွက်ပြေးကြရတဲ့အခြေအနေမျိုးမှာ နေအိမ်မှာ သိုလှောင်ထားတဲ့ ဆန်စပါး၊ ရိက္ခာတွေ အိမ်မွေးတိရိစ္ဆာန်တွေ အကုန်မသယ်သွားနိုင်တာကြောင့် စစ်ကောင်စီတပ်တွေက ယူနိုင်တာယူ သတ်စားတာ သတ်စားပြီး ကျန်တာတွေ ဖျက်ဆီးသွားတဲ့ အဖြစ်တွေလည်း နေ့စဥ်လို ဖြစ်ပျက်နေတာဖြစ်ပါတယ်။ 

ကျေးရွာတွေသာမက မြို့အဆင့်ရှိတဲ့ ထန်တလန်လိုမြို့တောင် တမြို့လုံးစွန့်ခွာ ထွက်ပြေးကြရတဲ့အဖြစ်ဟာ သမိုင်းမှာ ဆိုးရွားတဲ့အဖြစ်အပျက်အဖြစ် မှတ်တမ်းတင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကိုလေ့လာကြည့်ရင် အသက်ဘေးလုံခြုံရေးကပ်ဘေးနဲ့အတူ ရိက္ခာပြတ်လပ်မယ့် အငတ်ဘေးလိုမျိုး အတိုင်းအတာတခုထိ ကျရောက်လာနိုင်ခြေလည်းရှိနေတာ သတိပြုမိမှာဖြစ်ပါတယ်။ အခုနှစ် စိုက်ပျိုးရာသီမှာ မစိုက်ပျိုးနိုင်ခဲ့ကြတဲ့ လယ်ယာတွေ တောင်ယာတွေ စိုက်ခင်းတွေ၊ စိုက်ပျိုးစရိတ် ကြီးမြင့်ပြီး ထွက်ကုန်ကျ မတင်ပို့နိုင်တဲ့ အခြေအနေတွေ၊ စိုက်ပျိုးပြီး လုံခြုံရေးအခြေအနေကြောင့် မရိတ်သိမ်းနိုင်တဲ့ လယ်တွေ ယာတွေ ဘယ်လောက်ရှိမလဲဆိုတာ စာရင်းပြုစုနိုင်တဲ့အနေအထားမရှိပေမယ့် ထည့်သွင်းစဥ်းစားရမယ့် ပမာဏတခုရှိနေတယ်လို့တော့ အကြမ်းဖျဥ်းခန့်မှန်းနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂအဖွဲ့တို့ကတော့ ခန့်မှန်းတွက်ချက်မှုတွေလုပ်ထားကြပြီး သန်းနဲ့ချီတဲ့ လူဦးရေ အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေ၊ ဆင်းရဲမွဲတေမှု အညွှန်း မျဥ်းအောက် လူဦးရေထပ်မံတိုးပွားလာနိုင်ခြေတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ရိက္ခာစိုက်ပျိုးနိုင်တဲ့ မြေတွေအများအပြားရှိသလို အလုပ်လုပ်နိုင်တဲ့ လူဦးရေ၊ ရာသီဥတု မိုးရေရရှိမှုတွေ စတဲ့အခြေအနေတွေရှိပေမယ့် ပဋိပက္ခနဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် အငတ်ဘေးကို ရင်ဆိုင်ရနိုင်ခြေ ရှိနေတာအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်လိမ့်မှာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar