Breaking News

ကိုကျော် (မြစ်ကြီးနား) - တွီတာ စီအီးအိုရာထူးမှ နုတ်ထွက်သွားသူရဲ့ အနုပညာဆန်တဲ့အမြင်

ကိုကျော် (မြစ်ကြီးနား) - တွီတာ စီအီးအိုရာထူးမှ နုတ်ထွက်သွားသူရဲ့ အနုပညာဆန်တဲ့အမြင် 
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

တွီတာ (Twitter) ပူးတွဲတည်ထောင်သူ နဲ့ စီအီးအို Jack Dorsey က ကုမ္ပဏီကနေ နုတ်ထွက်သွားပြီး သူ့နေရာမှာ Parag Agrawal က အစားထိုး တာဝန်ယူလိမ့်မယ်လို့ ကုမ္ပဏီမှအတည်ပြုခဲ့ပါတယ်။

တရားဝင်နုတ်ထွက်စာထဲမှာ Jack Dorsey က "တွီတာကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီက တည်ထောင်သူတွေဆီမှ ရှေ့ဆက်ခရီးချီဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျနော်ယုံကြည်လို့ပါ။ Parag အပေါ်မှာထားရှိတဲ့ ကျနော့်ရဲ့ယုံကြည်မှုက နက်ရှိုင်းပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ထဲမှာ သူရဲ့စွမ်းဆောင်မှုတွေ တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့အရည်အချင်း၊ နှလုံးရည်နဲ့ ယုံကြည်မှုတို့အတွက် ကျနော်အထူးပဲ ကျေးဇူး တင်ပါတယ်။ သူဦးဆောင်ဖို့ အချိန်တန်နေပါပြီ" လို့ ပြောခဲ့ပါတယ်။

တွီတာ ကုမ္ပဏီဝန်ထမ်းများကို ရေးခဲ့တဲ့စာထဲမှာ သူက တွီတာ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် ရှိနေအုံးပေမဲ့လည်း မေလထဲမှာ ဒီတာဝန်မှလည်း နုတ်ထွက်သွားမှာဖြစ်ပြီး သူရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အခုလိုရှင်းပြထားပါတယ်။

"ဘာလို့ဆက်ပြီး မနေတာလဲ သို့မဟုတ် ဥက္ကဌအဖြစ်နေပါလား? လို့မေးကြတော့ အခုချိန်မှာ Parag ကိုနေရာပေးပြီး ကုမ္ပဏီကိုဦးဆောင်စေတာက အလွန်အရေးကြီးတယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ကုမ္ပဏီတစ်ခုက တည်ထောင်သူရဲ့ လွှမ်းမိုးမှု သို့မဟုတ် ညွှန်ကြားမှုတို့ရဲ့အောက်က လွတ်မြောက်နိုင်ပြီး သူ့ဖာသာ ရပ်တည်သွားနိုင်ဖို့က အလွန်ကိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်"

"သင်တို့အားလုံးကို သိစေချင်တာက ဒါဟာ ကျနော်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ သေချာတာကတော့ ကျနော့်အတွက် အတော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီနဲ့ ဝန်ဆောင်မှုတွေ ပြီးတော့ သင်တို့အားလုံးကို ကျနော်ချစ်ပါတယ်။ ကျနော်တကယ်ပဲ ဝမ်းနည်းမိပါတယ် ဒါပေမဲ့ တကယ်လည်း ပျော်မိပါတယ်။ ဒီလို အဆင့်အတန်းထိရောက်နိုင်တဲ့ ကုမ္ပဏီတွေ များများစားစား မရှိပါဘူး။ နောက်ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်အတ္တကို ကျော်လွန်ပြီး ကုမ္ပဏီအတွက် စဥ်းစားရွေးချယ်ပေးမဲ့ တည်ထောင်သူတွေလည်း များများစားစား မရှိပါဘူး။ ဒီခြေလှမ်းရွေ့မှုက မှန်ကန်တယ်ဆိုတာကို ကျနော်တို့ သက်သေပြသွားမှာပါ" လို့ Jack Dorsey က ပြောခဲ့ပါတယ်။

Jack Dorsey က ဘလော့ချိန်းနည်းပညာ (blockchain)၊ ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrency) နဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေး တို့မှာ စိတ်ဝင်စားမှုရှိတာကို လူသိများကြပြီး၊ စီအီးအိုအသစ် Parag Agrawal ကလည်း web3 နဲ့ တွီတာမှ တည်ထောင်ထားတဲ့ Bluesky (လူမှုကွန်ယက်နဲ့ ပတ်သက်ပြီး အများပိုင်နဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ စံသတ်မှတ်မှုစနစ်တစ်မျိုး) တို့မှာ စိတ်ဝင်စားမှုရှိတာကို သိရပါတယ်။

၄၅ နှစ်အရွယ် ဘီလျှံနာ Jack Dorsey ဟာ အရာရာတိုင်းကို ရိုးရှင်းစွာလုပ်ကိုင်နေထိုင်တာကို ကြိုက်ပါတယ်။ တစ်နေ့ကို တစ်ကြီမ်သာ အစာစားပြီး စနေတနင်္ဂနွေနေ့တို့မှာ အစာမစားပဲနေတယ်၊ နေ့တိုင်း ၂ နာရီကြာ တရားထိုင်ပါတယ်။ (မှတ်မိတာက လွန်ခဲ့သော ၃ နှစ်ကျော်လောက်က သူရဲ့မွေးနေ့မှာ မြန်မာပြည် ပြင်ဦးလွင် သို့ ရောက်ခဲ့ပြီး ၁၀ ရက် တရားစခန်းဝင်ခဲ့ပါတယ်။ ဝိပသနာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုသိဖို့ နဲ့ ဒုက္ခဝေဒနာ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်တဲ့နည်းလမ်းတစ်ရပ် ဖြစ်ကြောင်း၊ စိတ်ရဲ့ အတွင်းပိုင်းအကျဆုံးနေရာကို ထွင်းဖောက်လေ့လာမှု ဖြစ်ကြောင်း၊ ခံစားနေရတဲ့ ဝေဒနာ နာကျင်မှုနဲ့ သာယာမှုတို့ကို သတိလက်လွတ်ကာ တုန့်ပြန်နေတဲ့အစား အဲဒီ ခံစားချက်တွေကို သတိနဲ့ရှုမှတ်နေခြင်းဖြင့် နောက်ပိုင်းမှာ အားလုံးပျောက်ကွယ်သွားကုန်တယ် လို့ သူ့ရဲ့အတွေ့အကြုံကို ပြန်ရေးခဲ့ပါတယ်။) 

Jack Dorsey က ၁၉၇၆ ခုနှစ် မီဆူရီပြည်နယ် စိန့်လူးဝစ်မှာ မွေးဖွားခဲ့ပြီး သူ့အဖေဝယ်ပေးခဲ့တဲ့ ပန်းသီးကွန်ပြူတာတစ်လုံးနဲ့ ပရိုဂရမ်မာတစ်ဦးဖြစ်အောင် ကိုယ်တိုင်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ New York University မှာ တပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ပြီး ကယ်လီဖိုးနီးယားသို့ ပြောင်းရွေ့ကာ တွီတာ ဖြစ်လာဖို့ စိတ်ကူးအိပ်မက်ရှိခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းထွက်၊ မင်းမဲ့ဝါဒီသင်္ကေတ တက်တူး ထိုးထားပြီး နှာခေါင်းပေါက်မှာ အကွင်းတပ်ထားတဲ့ (အခုချိန်ဆို မုတ်ဆိတ်ရှည်ပါထား) Jack Dorsey က စီးပွားရေးအမြင်ရှိပေမဲ့လည်း သူ့ကိုယ်သူ အနပညာဆန်သူအဖြစ် ပိုပြီးမြင်ခဲ့ပါတယ်။ တခါတရံ စိတ်ကူးယဥ်နေတတ်ပြီး ဥပမာအားဖြင့် အင်္ကျီချုပ်တဲ့လူတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ သူက အင်ဂျင်နီယာ ပရိုဂရမ်မှာတစ်ဦး ဖြစ်ပေမဲ့လည်း နေဆုံးအချိန်ကျမှ အရေးပေါ်ထုတ်သုံးဖို့ ကုတ်တွေရေးပြီး တစ်ခုခုဖန်တီးလိုက်မှာဖြစ်ပြီး အိမ်လခပေးနိုင်အောင်လို့ ဆိုပါတယ်။

တကယ်လည်း သူရဲ့အနှပညာ စိတ်ကူးယဥ်ဆန်ဆန် အတွေးအခေါ်ကြောင့် ၂၀၀၈ ခုနှစ်မှာ တွီတာ စီအီးအိုရာထူးကနေ ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ တွီတာပူးတွဲတည်ထောင်သူ Evan Williams မှ သူ့ကို "မင်းက အင်္ကျီချုပ်တဲ့လူ ဖြစ်ချင်ဖြစ်လို့ရတယ် ဒါမှမဟုတ် တွီတာရဲ့စီအီးအို ဖြစ်လို့ရတယ်၊ ဒါပေမဲ့ နှစ်ခုစလုံးဖြစ်လို့ မရဘူး" လို့ ပြောခဲ့ကြောင်း Hatching Twitter စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ တွီတာရဲ့ အမှုဆောင်ဥက္ကဌအဖြစ် ပြန်ရောက်လာခဲ့ပြီး အွန်လိုင်းငွေကြေးပေးချေမှုစနစ် Square (ယနေ့အချိန်မှာ ဒေါ်လာဘီလျှံ ၁၀၀ တန်နေပြီး အဲဒီမှာသူက စီအီးအိုအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်) ကို တည်ဆောက်ပေးခဲ့ပါတယ်။ ၂၀၁၅ မှာ တွီတာစီအီးအိုအဖြစ် တာဝန်ပြန်ယူခဲ့ပါတယ်။ 

နောက်ပိုင်းမှာ သူရဲ့လုပ်ငန်းပိုင်းမှာ ဦးစားပေးရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံသူတွေရဲ့ မကျေနပ်သဘောမကျမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီဝန်ထမ်းများနဲ့ ရင်းနှံမြုပ်နှံသူ ရှယ်ယာရှင်များ အံ့ဩသွားလောက်အောင် သူဟာ တစ်နှစ်မှာခြောက်လလောက် အာဖရိကမှာ ရွေ့ပြောင်းနေထိုင်တော့မယ်လို့  ထုတ်ဖော်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်လာတဲ့နောက်ပိုင်း သူရဲ့အစီစဥ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံမှုမှာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ တွီတာရှယ်ယာရှင် Elliott Management က စိတ်မသက်သာနိုင်သေးဘဲ စီးပွားရေးတစ်ခုရဲ့ ထိပ်ပိုင်းဦးဆောင်သူက အလုပ်မှာပိုပြီး အာရုံစိုက်သင့်တယ်လို့ ယူဆထားပါတယ်။ Elliott Management ဟာ တွီတာကုမ္ပဏီမှာ နံပါတ် ၁၃ နေရာ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး၊ Elliott ရဲ့သူဌေး Paul Singer က Jack Dorsey ရဲ့ ကုမ္ပဏီ ၂ ခုမှာ (Twitter နဲ့ Square) စီအီးအို တာဝန်ယူထားတာကြောင့် လုပ်ငန်းမှာ ကောင်းမွန်စွာမစီမံနိုင်မှာကို စိုးရိမ်ပူပန်နေခဲ့ပါတယ်။

ပြီးတဲ့လတွေထဲမှာ တွီတာနဲ့ပတ်သက်ပြီး Jack Dorsey ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက် ဆန်းသစ်မှုတွေ အများစုက ကုမ္ပဏီဝင်ငွေပိုရအောင်ထက် တွီတာလုံခြုံရေး၊ သုံးစွဲသူများရဲ့ ဒေတာလုံခြုံရေးတွေ နဲ့ ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။ အခု စီအီးအိုအသစ် Parag Agrawal လက်ထက်မှာ အမြတ်အစွန်းပိုပြီးရနိုင်မဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ နေ့စဥ်တွီတာသုံးစွဲသူ ၃၁၅ သန်းအထိ ၅၀ ရာခိုင်နှုန်းပိုများလာအောင်နဲ့ ကုမ္ပဏီနှစ်စဥ်ဝင်ငွေ ၇.၅ ဘီလျှံအထိ ၂ ဆတိုးပွားအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Jack Dorsey ထွက်ခွာသွားချိန်မှာ နေ့စဥ်တွီတာသုံးစွဲသူပေါင်း သန်း ၂၁၀ ရှိပြီး ကုမ္ပဏီနှစ်စဥ်ဝင်ငွေ ဒေါ်လာ ၃.၇ ဘီလျှံရှိပါတယ်။ Bloomberg Billionaires Index စာရင်းအရ Jack Dorsey ရဲ့ပိုင်ဆိုင်မှုက ၁၂.၃ ဘီလျှံရှိပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်း ၁၇၄ အဆင့်မှာ ရှိပါတယ်။ လက်ရှိအချိန်မှာ တွီတာရှယ်ယာရဲ့ ၂.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်နေပါသေးကြောင်း။ ။

(ကိုးကား။ ။ The Verge, Nov 29, 2021 - Twitter CTO Parag Agrawal replaces Jack Dorsey as CEO
The Guardian, Nov 29, 2021 - Jack Dorsey: the outgoing Twitter CEO with an artist’s vision)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar