Breaking News

ဘီရုမာ - သူခိုးတပ်မဒေါ်

ဘီရုမာ - သူခိုးတပ်မဒေါ်
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

သူခိုးတပ်မဒေါ်နဲ့ ဖွတ်သူခိုးတွေက ကာတွန်းတွေသာ လိုက်ခိုးနေတာ။ တကယ်တော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကတည်းက စစ်တပ်ကို ကျနော်ကိုယ်တိုင် ကာတွန်းသင်ပေးခဲ့ပြီးသား။

အဲ့ဒီတုန်းက မအလထက် ပုတဲ့ “တော်ဇမ်းဘာ ကျော်ဆန်းရာ” ခေတ်။ ဗိုလ်မှူးချုပ် အူးကျော်ဆန်း ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့စဉ်ကာလက “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဆိုပြီး ကြွေးကျော်ခဲ့ဖူးတယ်။

အဲ့တုန်းက..
BBC လိမ်နေဒီ၊
VOA ညာနေဒီ၊
RFA သွေးထိုးနေဒီ၊
လေလှိုင်းပေါ်က လူဒတ်သမားများ
နားမယောင်လေနဲ့ ဒဒိထား ဆိုပြီး TV မှာရော သတင်းစာမှာရော စာလုံးမဲကြီးနဲ့ နေ့တိုင်းကြည့်ခဲ့ကြရတာ မှတ်မိဦးမှာပေါ့။ အဲ့တုန်းက အခုလို ဆိုရှယ်မီဒီယာတွေ မရောက်သေးဘူး။ ဂျီမေး၊ ဂျီတော့ခ်ခေတ်။ တယောက်နဲ့တယောက် ဂျီတော့ခ်ကနေ ချက်ကြရတာ။

အဲ့မှာ.. ဂျီတော့ရဲ့ စတေးတပ်လေးမှာ လူငယ်တွေ ပြောင်ပြီးတင်ထားကြတယ်။
ယောက္ခမ လိမ်နေသည်။
ယောင်းမ ညာနေသည်။
ဆွေမျိုးများ သွေးထိုးပေးနေသည်။
အိမ်ဘေးနားက ကာလသားများ
သွားမယုံလေနဲ့ သတိထား..တဲ့။

ထားပါတော့။ အဲ့ဒီခေတ်တုန်းက မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ထင်ပါရဲ့ စစ်ဗိုလ်တွေကို ကာတွန်းသင်တန်း သင်ပေးရမယ်ဆိုပြီး အနုပညာတက္ကသိုလ်ကို အထက်က စာကျလာတယ်။ အဲ့ဒီချိန်တုန်းက ကျနော်က ပန်းချီဌာနမှာရော၊ ရုပ်ရှင်ဌာနမှာရော သင်ကြားနေတဲ့ “ကျူတာ” ဘဝပေါ့။ လူငယ်လည်း လူငယ်၊ မဂ္ဂဇင်းကာတွန်းတွေလည်းဆွဲတော့ ဌာနက ကျနော့်ကိုပဲ သွားသင်ဖို့ တာဝန်ပေးခဲ့တယ်။

တကယ်တော့.. ကျနော်က အဲ့ဒီချိန်မှာကတည်းက နိုင်ငံရေးကာတွန်းတွေကို ဘီရုမာ ကလောင်နဲ့ ဒိုင်လျှိုဆွဲနေပြီ။ ဌာနလူကြီးတွေကတော့ မဂ္ဂဇင်းပေါ်က ကလောင်နာမည်ပဲ သိကြတာကိုး။ တကယ့် သူပုန်ကာတွန်းဆရာကိုမှ စစ်တပ်ကို ကာတွန်းသွားသင်ခိုင်းမိလျက်သား ဖြစ်နေတာဗျ။ ဒါနဲ့ပဲ တပ်မဒေါ်က စစ်ဗိုလ်တွေကို ကာတွန်းဆွဲနည်း သွားသင်ပေးခဲ့ရတယ် ဆိုပါတော့။

ကျနော်ကလည်း ကာတွန်းဆွဲနည်း သင်တာလေ။ မဟုတ်မမှန် လုပ်ကြံရေးနည်း၊ သူတပါးကိုအပုတ်ချနည်းသင်တာမှ မဟုတ်တာ။ အဲ့ဒီတော့.. ကျနော့်သင်တန်းသားတွေလည်း တကယ့်ကာတွန်းဆိုတာ ဘာဆိုတာ မြင်လာ၊ သိလာကြတယ်ပဲ ပြောရမလား။

အကြမ်းအားဖြင့်တော့ ကာတွန်းဆိုတာ.. အမြီးအမောက်မတည့်တာတွေကို သရော်တာ။ ကာတွန်းဆိုတာ.. အလွဲတွေကို ထောက်ပြတာပဲ မဟုတ်လား။ ကျနော့်သင်တန်း ၂ ပတ်မြှောက်မှာပဲ ကျနော့်သင်တန်းသား စစ်ဗိုလ်တွေက အတော်လေး ဆွဲတတ်နေကြပါပြီ။

အဲ့ဒီမှာ စစ်ဗိုလ်တယောက်က သူ့ဌာနကို ပြန်ရောက်တဲ့အခါ ဌာနတွင်းက အမြင်မတော်တာတွေကို ကာတွန်းဆွဲပါလေရော။ ကျနော့် တပည့်တွေလည်း ဘယ်လောက်တောင် ကာတွန်းစွမ်းထက်သလဲဆိုရင် အဲ့ဒီစစ်ဗိုလ်ကို အထက်ကအရေးယူလို့ ထုချေလွှာတင်လိုက်ရတယ်တဲ့။ ရာထူးတောင် ပြောင်းရွှေ့ခံလိုက်သလား မမှတ်မိတော့ဘူး။ အဲ့နောက်ပိုင်း သင်တန်းကြီးလည်း တဝက်တပြက်နဲ့ ပျက်သွားတော့တာပါပဲ။

စစ်တပ်ပေါ်လစီကာတွန်းတွေဆွဲတဲ့ထဲ ကျနော့်တပည့် စစ်ဗိုလ်တွေလည်း တယောက်မှ ရောက်မလာကြပါဘူး။ တချို့ဆိုရင် ကလောင်ဝှက်နဲ့တောင် စစ်တပ်အလွဲတွေကို ကာတွန်းဆွဲနေကြသေးတယ်။

(နှိုင်းတာတော့ မဟုတ်ပါဘူး) ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ အကျယ်ချုပ်အစောင့်ကျတဲ့ စစ်တပ်အရာရှိတွေဆိုရင် ခဏခဏ လူပြန်လဲရတယ်လို့ ကြားဖူးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကပ်ထားတဲ့ စာတွေဖတ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေထိုင်မှုပုံစံတွေ၊ သဘောထားတွေကို မြင်ပြီးတော့ အဲ့ဒီစစ်သားတွေဟာ အမှန်တရားဖက်ကို၊ ကောင်းတဲ့ဖက်ကို စိတ်ပြောင်းကုန်ကြလို့ပါတဲ့။

တပ်မဒေါ်သားတွေ အမှန်တရားကို မြင်တတ်သွားမှာ၊ ဓမ္မကို သိသွားမှာကို စစ်အာဏာရှင်ကြီးတွေက ဘာလို့ အဲ့လောက်ကြောက်ကြတာလဲ? ရှင်းနေတာပဲ၊ သူတို့ကိုယ်တိုင်က အမှန်တရား မရှိလို့။ အဓမ္မဖြစ်နေလို့ပဲ မဟုတ်လား။

သူခိုးစစ်တပ်၊ သူခိုးပါတီ၊ သူခိုးထောက်ခံသူတွေကို ပြောချင်တာက ကာတွန်းတွေကို မခိုးပါနဲ့။ မိမိဘာသာ ဆွဲတတ်အောင် တကယ့်ကာတွန်းအစစ်ကို လေ့လာကြည့်ပါ။ တကယ့်ကာတွန်းအစစ်ကို မြင်တတ်လာတဲ့အခါ အမှန်ကိုမြင်တတ်လာလိမ့်မယ်။ အဲ့လိုဆိုရင် ဒီဘဝရှေ့ရေးအတွက်လည်း ကောင်းသလို၊ သူခိုးဘဝကလည်း လွှတ်ပြီမို့ သံသရာအတွက်လည်း ကောင်းပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar