Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လပြည့်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လပြည့်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

◾️ ၁၀ လတာအတွင်း အကျိုးအမြတ်နဲ့ ဆုံရှုံးမှုများ 
ခုကာလဟာ စစ်အာဏာသိမ်းမှု ၁၀ လတာအတွင်း မြန်မာနိုင်ငံအဖို့ ဘာတွေအကျိုးအမြတ်ထွက်ခဲ့ပြီးဘာတွေ ဆုံးရှုံးခဲ့သလဲဆိုတာ ပြန်သုံးသပ်ကြည့်ရမယ့် အချိန်လို့ ထင်ပါတယ်။ ခရီးဘယ်လောက်ရောက်ပြီလဲလို့မေးရင် ခရီးက လမ်းတဝက်မှာလို့ပဲ ဖြေရမယ်ထင်ပါတယ်။ အင်အားစု အသစ်ဖွဲ့စည်းတာတွေ၊ အင်အားစုစည်းတာတွေ အင်အားစု တစုနဲ့တစုပေါင်းစည်းမလား မဟာမိတ်လုပ်မလား၊ သီးခြားစီနေမလား ဆိုတာတွေ၊ အင်အားစု အချင်းချင်း အားပြိုင်မှုတွေ၊ အင်အားပြအနိုင်ကျင့်တာတွေလည်း နွေဦးတော်လှန်ရေးလို့ခေါ်ဆိုကြတဲ့ လွန်ခဲ့တဲ့ ၁၀ လတာမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

အကျိုးအမြတ်လို့ဆိုရင် ဘာတွေအကျိုးအမြတ်ရလိုက်သလဲလို့ မေးစရာရှိလို့ ဘုံရန်သူဆိုတဲ့ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တိုက်ဖျက်ဖို့ရာအတွက် လူမျိုးစုတွေအကြား၊ ကိုးကွယ်ရာ ဘာသာမတူ လူမျိုးမတူတဲ့ လူမှုအသိုက်အဝန်းတွေအကြား နားလည်မှုစိတ်ဓါတ်တခုရရှိတယ်လို့ အကဲဖြတ်ကြပါတယ်။ အမှန်တကယ် မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့တွေကို လေးစားတန်ဖိုးထားတဲ့ အမြင်မျိုး စံနှုန်းမျိုး ရရှိကြပြီလားဆိုတာတော့ အငြင်းပွားစရာ အနည်းငယ်ရှိနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ အဲဒီအကြောင်းအရာတွေ ခေါင်းစဥ်တွေကို ရှေ့တန်းမတင်ကြတော့တာ တွေ့ရမှာပါ။ 

ဆယ်စုနှစ်များစွာ အမြင်အယူအဆချင်း မတူကွဲပြားခဲ့တဲ့ ဖက်ဒရယ်ဝါဒနဲ့ပတ်သက်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေအကြား အမြင်သဘောထားကွဲပြားမှု ပိုကျဥ်းမြောင်လာတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုချိန်မှာ သဘောတူညီချက်တွေ အနေနဲ့ ကြီးကြီးမားမား ကတိပြုရေးထိုးကြတာမတွေ့ရသေးသော်လည်း အင်အားစုအတော်များများ ကိုယ်စားပြုပါဝင်ကြတဲ့ နောင်အနာဂတ် အခြေခံဥပဒေလို ချာတာ အပေါ်ရဲ့ ပါဝင်တာတွေကြည့်ရင် ယခင်ကထက်ပိုပြီး နီးစပ်လာတယ်လို့ ဆိုနိုင်ပါတယ်။ 

ဖက်ဒရယ်နဲ့ပတ်သက်ရင် တကယ်ခိုင်မာတဲ့ ကတိပြုမှုမျိုးတော့ မဟုတ်သေးသလို လက်ရှိမြန်မာနိုင်ငံရဲ့ အနေ အထားက ဖက်ဒရယ်လမ်းဆုံလား အချို့သောတိုင်းရင်းသားလူမျိုးစုတွေအဖို့ ဖက်ဒရယ်က အချိန်နှောင်းနေပြီလား အဲဒီအင်အားစုတွေအနေနဲ့ ကွန်ဖက်ဒရေးရှင်းလို ဖက်ဒရယ်ထက်ပို လွတ်လပ်တဲ့လမ်းဆုံမှာ ရောက်နေကြပြီလားဆိုတာမျိုး ရှုမြင်မှုတွေလည်း ရှိနိုင်ပါတယ်။ 

နောက် အကျိုးအမြတ်လို့ ယူဆချက်တခုက စစ်အာဏာသိမ်းပြီးနောက် ဖက်ဒရယ်တပ်မတော်လိုမျိုး ပေါ် ထွက်လာဖို့ ပြောဆိုလာကြတဲ့အခြေအနေမျိုး ရောက်ရှိလာတာဖြစ်ပါတယ်။ သို့ပေမယ့် သတ်သတ်မှတ်မှတ် တိတိကျကျ ဆွေးနွေးကြတာမျိုးမဟုတ်ပဲ အယူအဆကို စပြီးစိတ်ဝင်စားလာကြတာမျိုးလို့ ထင်ပါတယ်။ 

အခုလိုကာလမှာ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သူ အားလုံးပါဝင်ရေးဆိုတဲ့ အမြင်အောက်မှာ စစ်ရေး နိုင်ငံရေး စည်းရုံးရေးလိုမျိုးကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ လမ်းပွင့်လာတယ်လို့ ဆိုရမယ့်အချက်တွေက နိုင်ငံ ရေးအရ အကျိုးအမြတ်တွေလို့ ဆိုနိုင်ပါတယ်။ တချို့သော အမြင်တွေဝါဒတွေ အယူအဆတွေနဲ့ပတ်သက်လို့ ယေဘုယျသဘောတူညီတာတွေရှိလာပြီး အသေးစိတ်အဆင့်တွေကျရင် သဘောထားမတူညီတာမျိုးတွေ ကွဲပြားတာမျိုးတွေလည်း ရှိနိုင်သေးတယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ 

တဖက်မှာ ဆုံးရှုံးမှုတွေလို့ဆိုလိုက်ရင် ဘာတွေရှိမလဲဆို ပထမဆုံးကတော့ အစားထိုးလို့မရ၊ တန်ဖိုးဖြတ်လို့မရတဲ့ လူ့အသက်တွေပါ။ ခုချိန်ထိဆို အသက်ပေါင်းထောင်နဲ့ချီ ဆုံးရှုံးပြီး ဖြစ်ပါတယ်။ ကမ္ဘာရဲ့ တချို့သောနေရာဒေသက ပြည်တွင်းစစ်တွေမှာ လူ့အသက်ပေါင်း သောင်းဂဏန်း၊ သိန်းဂဏန်း သန်းဂဏန်းအထိ အသက်ဆုံးရှုံးရတဲ့ လူသားတွေကြောင့်ဖြစ်တဲ့ ပဋိပက္ခကပ်ဘေးတွေနဲ့ မနှိုင်းသာပေမယ့် ထောင်ဂဏန်းနဲ့ ချီတဲ့သူတွေ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း မရှိခဲ့တာမို့ မျှော်လင့်မထားတဲ့ ဘေး အန္တရာယ်ကြီး တခုလို့ဆိုရမှာပါ။ 

ဒုတိယအနေနဲ့ လက်ရှိအသက်ရှင်နေသော်လည်း အသက်အန္တရာယ်ရှိလောက်တဲ့အခြေအနေမှာ နေထိုင်နေကြရတဲ့ မိသားစုတွေဖြစ်ပါတယ်။  ဖမ်းဆီးခံရမယ့်အန္တရာယ်​ လက်နက်ကိုင်အဖွဲ့ဝင်မဟုတ်သော်လည်း  ဖက်တဖက်ကလို့ စွပ်စွဲကာ သတ်ဖြတ်ခံရမယ့် အန္တရာယ် ရှိနေသူတွေ လက်ရှိမြန်မာနိုင်ငံမှာ သိန်းနဲ့ချီ ရှိနေကြမယ်လို့ မှန်းဆရပါတယ်။ ဒီအခြေအနေတွေထဲမှာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေလည်း ပါဝင်ပါတယ်။ နေအိမ်တွေ မီးရှို့ခံရ ရိက္ခာတွေ ဖျက်ဆီးခံရ အသက်အန္တရာယ် ကျရောက်လို့ တောထဲ တောင်ထဲ တိမ်းရှောင်နေရ၊ ဒုက္ခသည်စခန်းတွေမှာ မိုးရာသီ၊ ဆောင်းရာသီလိုမျိုးမှာလည်း ဒုက္ခနဲ့ အသက်အန္တရာယ် နှစ်ခုလုံးကို ရင်ဆိုင်ပြီး အသက်ရှင်နေကြရသူတွေ ဖြစ်ပါတယ်။ 

တတိယက လူမှုစီးပွားအရ အသက်ရှင်အောင် ဝလင်အောင် နေထိုင်စားသောက်ဖို့ အခွင့်အရေးမရကြတဲ့ အခက်အခဲကြုံနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံရေး အကြောင်းအချက်တွေနဲ့ ဆက်စပ်သက်ရောက်မှုတွေက လူအများအပြားကို သက်မွေးဝမ်းကျောင်း အလုပ်မလုပ်ကိုင်နိုင်ကြတော့ပဲ အကူအညီကို မျှော်လင့်ကာ နေထိုင်စားသောက်ရတဲ့ဘဝမျိုး လူ့သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အနေအထားမျိုးမဟုတ်တော့ပဲ သိမ်ငယ်စိတ် အားငယ်စိတ်နဲ့နေထိုင်ကြရတဲ့ ဘဝမျိုးသက်ရောက်သွားကြတာတွေ ဖြစ်ပါတယ်။ 

ဒီအရာတွေက ပြီးခဲ့တဲ့ ၁၀ လတာအတွင်း ဆုံးရှုံးခဲ့ကြရတဲ့ ထင်သာမြင်သာရှိတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ရှာဖွေ လုပ်ကိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ၊ လနဲ့ချီ စိုက်ပျိုးလုပ်ကိုင်ထားတဲ့ စိုက်ပျိုးခင်းတွေ မရိတ်သိမ်းနိုင်တော့တာတွေ၊ အိမ်တွေမှာ မွေးမြူထားတဲ့ ရှိစုမဲ့စု အိမ်မွေးတိရိစ္ဆာန်တွေ သတ်ဖြတ်ယူဆောင်ခံရတာတွေ၊ ကိုးကွယ်ယုံကြည် အထွတ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့ခံရ ဖျက်ဆီးခံရတာတွေက လူ့ဘဝမှာ တသက်တခါသာ ကြုံတွေ့ရင်တောင် များလွန်းလှပြီလို့ ဆိုရမယ့်အရာတွေ ဖြစ်ပါတယ်။ 

ဒါတွေအပြင် အမြင်တွေ အယူအဆတွေ မတူညီ ကွဲပြားရုံမျှနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်ခံရတာမျိုး ခြိမ်းခြောက်ခံရတာမျိုးတွေကလည်း ယဥ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမဟုတ်တော့တဲ့အနေအထားမို့ အမြင်မတူတာနဲ့ အယူအဆမတူတာနဲ့ အကြမ်းဖက်ဖို့ သတ်ဖြတ်ဖို့ လှုံ့ဆော်တဲ့ အလေ့အထ အယူအဆတွေ အလေ့အထတွေ မျာ းပြားလာတာလည်း ဆုံးရှုံးမှုတခုလို့ ဆိုနိုင်ပါတယ်။ 

လူမှုအသိုင်းအဝိုင်းမှာ အမြင်မတူတာ ကွဲပြားတာ အယူအဆချင်း အားပြိုင်အခြေအတင်ဆွေးနွေး ငြင်းခုံနိုင်ကြတဲ့ အခြေအနေမျိုးမရှိတော့ဘဲ အင်အားသာလျင် အဆုံးအဖြတ်ဖြစ်မယ့်အခြေအနေမျိုးဆီ ဦးတည်နေတာတွေဟာ ကျနော်တို့ လူ့အသိုက်အဝန်းအတွက် ဆုံးရှုံးမှုတွေလို့ ဆိုရင် မှားမယ်မထင်ပါဘူး။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar