မောင်ရစ် - သင်ခန်းစာတခု စဉ်းစားမိတာ
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၂၁
နွေဦးတော်လှန်ရေးကို မြန်မာပြည်က ပြည်သူတွေအကုန်လုံး ထကြွဆင်နွှဲကြတော့ ပြည်ပက မြန်မာတွေလည်း ဝိုင်းကြ ဝန်းကြပါတယ်။ အခုချိန်ထိ နွေဦးတော်လှန်ရေးအလံဟာ အမြင့်မားဆုံးလွှင့်ထူ ချီတက်နေပါတယ်။ ပြည်တွင်းနဲ့ နယ်စပ်ဒေသက တောထဲ တောင်ထဲက ထောင်ထဲကနေ နေရပ်စွန့်ခွာ တော်လှန်ပြည်သူတွေ၊ PDF တွေ၊ CDM တွေ၊ သူတို့၏ ခေါင်းဆောင်တွေဟာ အားလုံးကို စွန့်လွှတ် စွန့်စားပြီး တိုက်ပွဲဝင်နေကြတယ်။ တခါတလေတော့လည်း တော်လှန်ရေး၏ အဓိကအရေးတော်ပုံပန်းတိုင်ကြီးကို မေ့လျော့ပြီး၊ ကျနော်တို့လို့ ဘေးကနေ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ကူညီနေကြသူတွေကနေ ကိုယ့်အရေး ကိုယ့်အတ္တ ကိုယ့်အခွင့်အရေးတွေကို ရှေ့တန်းတင်ကြ ရေးကြီးခွင်ကျယ်တွေ လုပ်မိကြပါတယ်။ အများပရိသတ်အမြင်မှာ အနှောက်အယှက်ဖြစ်ရတယ်။ အချိန်တွေ ဖြုံးသလို ဖြစ်ကြရတယ်။
အဲသည်အတွက် - အဖွဲ့အစည်းအတွင်း ရဲဘော်များအလုပ်အကိုင် ဆက်ဆံရေး အဆင်ပြေချောမွေ့စေရေးအတွက် ဒီစာကို ရေးပါတယ်။ လက်ရှိမှာ တာဝန်ယူထားတဲ့ အလုပ်အဖွဲ့ ၁ ခု ၂ ခု တာဝန်ခံတဦးအနေနဲ့လည်း ဒီစာကို ရေးပါတယ်။
ရဲဘော်ချင်း ဆက်ဆံရေး ချောမွေ့ပြေပြစ်ရန် လိုအပ်ပါတယ်။ ဘယ်သူမှ ရိုက်ပီးခိုင်းလို့ ဒီအလုပ်လုပ်နေတာ မဟုတ်ပါ။ တော်လှန်ရေးအတွက် နောက်တခုက တော်လှန်ရေးခေါင်းဆောင်တွေ၏ဦးဆောင်မှုကို ယုံကြည်သည့်အတွက် မိမိအရေးကို အားလုံးက နောက်ထားပြီး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အချင်းချင်းဆက်ဆံရေးမှာ ...
(၁) ရန်သူကို ရန်သူလိုဆက်ဆံနိုင်ရမှာဖြစ်သလို မိတ်ဆွေ ရဲဘော်တွေကို ရန်သူလို မဆက်ဆံမိရန် အရေးကြီးပါတယ်။
(၂) အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ သီးခံမှုကို အမြဲတန်း ရှေ့တန်းတင် ဆက်ဆံရမှာ ဖြစ်ပါတယ်။
(၃) လုပ်ငန်းတွင်းမှာ အာဃာတတွေ ၊ မရည်ရွယ်ဘဲ အဖုအထစ်တွေ မဖြစ်ထွန်းအောင် ဂရုစိုက်ရပါမယ်။ ဖြစ်ခဲ့ရင်လည်း မိမိဘာသာမိမိ ချေဖျက်ရပါမယ်။ ရဲဘော်များတွင်း မိတ်ဘက်များအတွက် သင့်မြတ်ရေး၊ ပြန်လည်သင့်မြတ်ရေးသဘောထားကို ကိုင်စွဲရပါမယ်။ အရင်က၊ အတိတ်က၊ လုပ်ငန်းအပြင်က အာဃာတတွေ မကြေလည်မှုတွေကို အထဲကို မယူလာပါနဲ့။ အထဲက အဖုအထစ်တွေကို ခြေဖျက်နိုင်အောင်ကြိုးစားပြီး ဆက်လုပ်ပါ။ ဆက်မလုပ်နိုင်ရင် အဲသည်အဖုအထစ်တွေ မကြေလည်မှုတွေထားရစ်ခဲ့ပြီး လုပ်ငန်းကနေထွက်ခွာပါ။ အပြင်မှာ ပြန်ပြောဆိုကြတာမျိုး မကြားချင်ပါ။
တော်လှန်ရေးမှာ မိတ်ဘက်တွေအချင်းချင်း ရဲဘော်တွေ အချင်းချင်း ရန်ဘက်သဖွယ် ဆက်ဆံတာ၊ ကန့်သတ်တာ၊ တားဆီးငြင်းခုန်ကြတာတွေကြောင့် လုပ်ငန်း မအောင်မြင်တာတွေ လူအချင်းချင်း ဆက်ဆံရေးတွေ ပျက်စီးရတာကို သတိပြုစေချင်ပါတယ်။
(၄) အဖွဲ့အစည်းတွေ အတွင်းနဲ့ အပြင်မှာ အဆိပ်အတောက်ဖြစ်သော ဆက်ဆံရေးနဲ့ ပဋိပက္ခအသွင်ဆောင်တာကို လက်မခံပါ။ တော်လှန်ရေးက မအောင်မြင်သေးဘူး ကိုယ့်အချင်းချင်း မရည်ရွယ်ပဲဖြစ်စေ၊ ကိုယ့်စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ဖြစ်စေ အဆင်မပြေဖြစ်ကြတာ လက်မခံပါ။
သင်ခန်းစာ ယူပါ၊ ပြုပြင်ပါ၊ မကျေည်မှုတွေကို ချေဖျက်ပါ။ ဒီတောင်တွေကို မကျော်နိုင်ရင် တော်လှန်ရေးလည်း ကျော်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ အနှစ် ၃၀ လုံးလုံး ဒီပြသနာနဲ့ လူတွေ စည်းလုံးညီညွတ်ရေးတွေ ပြိုကွဲရတယ်၊ ယုံကြည်မှုတွေ မတည်ဆောက်နိုင် ဖြစ်ရတယ်၊ အုပ်စုတွေ ဖွဲ့ကြတာ၊ အသွင်မတူတဲဲ့ မိတ်ဆွေတွေ အချင်းချင်း အလုပ်မလုပ်နိုင်ဘူး ဆိုတာတွေ ဖြစ်ကြတယ်။ ဒါတွေ သင်ခန်းစာယူရပါမယ်။
သူများတွေက ကျနော့်ထက် ပိုသိပါလိမ့်မယ်။ သည်သင်ခန်းစာလေးများ ငါတို့က သိပြီးသားလို့ ပြောချင် ပြောနေကြမယ် ထင်ပါတယ်။
မောင်ရစ် (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar