မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၂၁
◾️ ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တွေ
ဒီနေ့သတင်းတွေထဲ စိတ်ထိခိုက်စရာ အကောင်းဆုံး သတင်းတပုဒ်ကတော့ ကယားပြည်နယ် ဖရူဆိုမြိုံနယ် မိုဆိုရွာအနီးမှာ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင် အရပ်သား ၃၀ ဦးထက်မနည်း စစ်ကောင်စီတပ်တွေက သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ဒီဇင်ဘာ ၂၄ ရက်နေ့ ခရစ်စမတ်အကြိုနေ့မှာ ဖြစ်ပျက်ခဲ့တာပါ။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကယားပြည်နယ်မှာ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီဒေသက ပြည်သူတွေအဖို့ ခရစ်စမတ်လို ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ အချိန်အခါမှာ စစ်ဘေးရှောင်နေရတာနဲ့တင် ဝမ်းနည်းစရာကောင်းနေပြီး အခုလို တိုက်ပွဲကနေ တိမ်းရှောင်သူတွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ သွားဆုံတွေ့ရာက သတ်ဖြတ်ခံရတဲ့ အဖြစ်က အလွန်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ် တခုဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်ထဲက အဲဒီနေရာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းအနေနဲ့ ဝင်လာချိန် KNDF တွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ တိုက်ပွဲတွေကနေ အသက်အန္တရာယ်လွတ်အောင်တိမ်းရှောင်ဖို့ ဆောက်လုပ်ရေးသုံး မြေတွေ သဲတွေတင်တဲ့ကားကြီးနဲ့လိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တာပါ။
မသတ်ဖြတ်ခင် ဖမ်းဆီးထားချိန်မှာ ကလလတလို့ အတိုကောက်ခေါ်ဆိုတဲ့ ကရင်နီလူမျိုးပေါင်းစုံလွတ် မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၄ ဦး အရပ်သားတွေ လွတ်မြောက်ရေးအတွက် သွားရောက်ကြားဝင်ပြောဆိုပေးဖို့ အဲဒီနေရာကို သွားရောက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး တပ်ဖွဲ့ဝင် ၄ ဦးကို ပစ်သတ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
သေဆုံးသွားကြရတဲ့ အရပ်သား ၃၀ ကျော်ထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children အန်ဂျီအိုရဲ့ ပြည်တွင်းဝန်ထမ်း ၂ ဦးလည်းပါဝင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ ၁၁ ဦး ၁၃ ဦး တစုတဝေးထဲ သတ်ဖြတ်ခံရတာ အဖြစ်တွေနဲ့ အလားသဏ္ဍာန်တူသော်လည်း ကလေးသူငယ်နဲ့ အမျိုးသမီးတွေပါဝင်နေခြင်းဟာ ရက်စက်မှုဒီဂရီကို ပိုမြင့်တက်စေပါတယ်။
အစိုးရလို့ သူတို့အဖွဲ့အစည်းကိုသူတို့ ခေါ်ဆိုတဲ့ စစ်ကောင်စီက လက်နက်ကိုင် ခုခံသူတွေ ပျောက်ကျားတွေကို သတ်ဖြတ်တာတွေတင်မက အပြစ်မဲ့တဲ့ အရပ်သားတွေကိုပါ ကြီးငယ်မရွေး ကျားမမရွေးသတ်ဖြတ်တယ်ဆိုတာရဲ့ သက်သေနောက်တခု တိုးလာတဲ့ သဘောလို့ပဲ ဆိုချင်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေ ကယားပြည်နယ် ဖရူဆိုဒေသမှာပဲ ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ မကြာသေးမီ နှစ်ပိုင်းတွေက ရခိုင်ပြည်နယ်မှာ အေအေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ကာလတွေတုန်းကလည်း ဖြစ်ပျက်ခဲ့ဖူးသလို ၂၀၁၇ ရခိုင်ပြည်နယ် မြောက်ပိုင်းက အာဆာကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးမှာလည်း အရပ်သား ကျားမမရွေး၊ လူကြီးလူငယ်မရွေး လူထောင်နဲ့ချီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရဖူးပြီ ဖြစ်ပါတယ်။ အဲဒီလို အဖြစ်အပျက်တွေဖြစ်ပွားစဥ်က လူမျိုးမတူကွဲပြားတာ ဘာသာမတူတာ အယူအဆမတူတာကြောင့် အဖြစ်အပျက်ရဲ့ ရက်စက်မှု စစ်ရာဇဝတ်မှု ဆိုတာတွေကို ဝိုင်းဝန်းဆန့်ကျင် ကြဖို့အားနည်းခဲ့ကြပါတယ်။
အစိုးရတပ်လို့ အမည်နာမယူထားတဲ့ စစ်တပ်ဟာ လက်နက်ကိုင်တိုက်နေသူတွေကိုသာ ချေမှုန်းတာမဟုတ်ပဲ အဲဒီလက်နက်ကိုင်တိုက်နေတဲ့ တပ်ဖွဲ့တွေနဲ့ လူမျိုးတူသူတွေအပေါ်၊ လူမှုအသိုက်အဝိုင်းတခုလုံးအပေါ် သတ်ဖြတ် လက်စားချေမှုတွေက သမိုင်းမှာ အမဲကွက်အနေနဲ့ တခုမက ရှိခဲ့ဖူးတာဖြစ်ပါတယ်။
ဒီလို အတိတ်နဲ့ လတ်တလောသမိုင်းဖြစ်ရပ် တွေနဲ့ နှိုင်းယှဥ်ကြည့်ရင် အသစ်မဟုတ် အခုမှ စကျူးလွန်တာမဟုတ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ရပ်တွေထဲမှာတော့ တကြိမ်ထဲ ဖြစ်ရပ်တခုထဲမှာ အရပ်သားအရေအတွက် အများဆုံး သေဆုံးကြရတဲ့ အဖြစ်အပျက်လို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
စစ်ပွဲဖြစ်ပွားပြီဆိုကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာ ရှိလာမှာမှန်ပေမယ့်လည်း ရိုက်နှက်ခံရတာ၊ ပိုင်ဆိုင်မှုလုယူသွားတာ ဖျက်ဆီးသွားတာတွေ သံသယနဲ့ ဖမ်းဆီးတာမျိုးတွေက များပြားလွန်းလို့ မှတ်တမ်းတွေထဲ မထင်ရှားတော့တဲ့ အဖြစ်အပျက်တွေ ဖြစ်လာနေပြီး အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးကတော့ တကြိမ်ဖြစ်ပွားရုံနဲ့တင် လူတွေရဲ့ စိတ်နှလုံးကို ထိခိုက်ခံစားရစေသလို နာကျည်းမှုတွေ လက်စားချေတိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက တဖြည်းဖြည်းကျယ်ပြန့်လာသလို အခုလို ဖြစ်ရပ်တွေက လူတွေရဲ့ ခံစားချက် နာကျည်းမှုတွေ အရှိန်မြင့်တက်လာစေပြီး ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ပိုမိုခက်ခဲလာစေမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် မြန်မာနိုင်ငံဟာ စစ်ပွဲ ၊ နာကျည်းမှုနဲ့ ပိုမိုအရှိန်မြင့်လာမယ့် လက်နက်ကိုင်ပဋိပက္ခချောက်ထဲ တစတစကျဆင်းလာနေပြီလို့ ဆိုရမယ်ထင်ပါတယ်။
ကယားပြည်နယ်က အရပ်သားအစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတဲ့ သတင်းအပြီးမှာတော့ ကရင်ပြည်နယ် လေးကေကော်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ယနေ့ ခရစ်စမတ်နေ့မှာလည်း စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံဘက်အခြမ်း ထပ်မံတိမ်းရှောင်သူတွေ ရှိခဲ့ပြီး လေးကေကော်ဒေသက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဦးမယ့် အလားအလာလို့ ယူဆရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar