Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၆ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၆ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၁

◾️ နိုင်ငံရေးကျိန်စာသင့်နေတဲ့ မြန်မာနိုင်ငံ 
ကျိန်စာဆိုတဲ့ စကားလုံးဟာ ဘာသာရေးနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အယူအဆတခုဖြစ်ပါတယ်။ ပစ္စုပ္ပန်ကာလမှာ အားမနိုင်လို့ မာန်လျော့လိုက်ရတဲ့ အခြေအနေကြောင့် တချိန်ချိန် ဘဝတခုခုမှာ ပြန်လည်အနိုင်ရဖို့ တိုင်တည်ခြင်း၊ နောက်အဓိပ္ပါယ်ဖွင့်ဆိုမှုတခုကတော့ ခုလိုမတရား အနိုင်ယူလိုက်လို့ ခံစားရသူက ဒီအမှုကို ပြုသူအနေနဲ့ သူအခုခံစားရသလို တချိန်ချိန်မှာ ပြန်လည်ခံစားရပါစေလို့ တိုင်တည်တဲ့အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ 

ကျိန်စာဆိုတာ ပဒေသရာဇ်ခေတ်ရဲ့ ပုံရိပ်တွေလည်းဖြစ်ပါတ​ယ်။ အာဏာရှိသူက အာဏာအရှိန်ပြည့်ဝနေစဥ်မှာ တရားခြင်း မတရားခြင်းတွေ အပေါ်အခြေမခံဘဲ အာဏာ၊ အင်အားနဲ့ အနိုင်ကျင့်တဲ့အခါ  ခံရသူကဘဝအဆက်ဆက်မှာ လက်စားချေဖို့ အနိုင်ရဖို့ တိုင်တည်ခြင်းသဘောလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးနယ်ပယ်မှာတော့ ကျိန်စာဆိုတဲ့ စကားလုံးကို သယံဇာတကျိန်စာ စတဲ့အသုံးအနှုန်းမျိုးမှာ သုံးနှုန်းလေ့ရှိပါတယ်။ သ​ယံဇာတကြွယ်ဝခြင်းက ကောင်းကျိုးဖြစ်ရမယ့်အစား သယံဇာတကို မျှတစွာ ခွဲဝေခြင်းမပြုကြတာကြောင့် ပဋိပက္ခဖြစ်ပွားပြီး သေကျေပျက်စီးကြရတဲ့ အခြေအနေမျိုးကို သယံဇာတကျိန်စာလို့ တင်စားကြပါတယ်။ 

မြန်မာ့နိုင်ငံရေးမှာလည်း ကိုလိုနီခေတ်အမွေဆိုးရဲ့ ကျိန်စာ၊ လူမျိုးစုအရေးနဲ့ ဆိုင်တဲ့ ကျိန်စာ၊ နိုင်ငံရေးအယူဝါဒကျိန်စာ၊ စစ်အာဏာရှင်စနစ်ကျိန်စာ စသဖြင့် အရင့်အရင်အမွေတွေကို ဆက်ခံတဲ့ နိုင်ငံရေးအစဥ်အလာတွေရဲ့ အကျိုးဆက် ကျိန်စာတွေသင့်နေသလားလို့ တွေးဆစရာတွေဖြစ်နေတဲ့ အခြေအနေမျိုးပါ။ 

ကိုလိုနီခေတ်ရဲ့ ကျိန်စာဆိုရာမှာ မြန်မာနိုင်ငံရဲ့ လူမျိုးစုတွေအကြား ခွဲခြားအုပ်ချုပ်ခြင်းရဲ့ ရလဒ်ဖြစ်တဲ့ တစုနဲ့တစုယုံကြည်မှု ပျက်ပြားခဲ့ရတဲ့ အပေါ်မူတည်ပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။  တန်းတူအခွင့်အရေး မိမိကိုယ်ပိုင်ပြဌါန်းခွင့် လက်နက်ကိုင်တိုက်ခိုက်ပြီး ရယူဖို့ကြိုးစားတာ ကိုယ့်လူမျိုးစုကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်တိုက်ခိုက်တဲ့ လမ်းစဥ်ကိုရွေးချယ်ခဲ့ကြတာဟာ ကိုလိုနီခေတ်ရဲ့ အကျိုးဆက်ကျိန်စာသဖွယ် ဖြစ်ပါတယ်။ 

အလားတူ စစ်အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ အင်အားနဲ့ လက်နက်ကိုအားကိုးပြီး အနိုင်ကျင့် အုပ်ချုပ်ခဲ့ကြတဲ့ ခေတ်သစ်မြန်မာ့သမိုင်းမှာ ခံစားရတဲ့မတရားမှုတွေအတွက်  အာဏာရှင်စစ်တပ်ကို အမြစ်ဖြုတ်ရမယ် ဖယ်ရှားရမယ်ဆိုတဲ့ ကျိန်စာက ၁၉၅၈၊ ၆၂၊ ၈၈ နဲ့ ၂၀၂၁ ခုနှစ်တွေရဲ့ နိုင်ငံရေးကျိန်စာသဖွယ်ဖြစ်ပါတယ်။ ခုလက်ရှိ မြန်မာနိုင်ငံရောက်ရှိနေတဲ့အနေအထားက စစ်အာဏာရှင်ကျိန်စာသင့်နေတဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။ 

ဆယ်စုနှစ် ၇ ခုကျော်ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်မီးက ပိုအရှိန်ညီးညီးတောက်လောင်လာနေတဲ့ အခြေအနေဟာ စစ်အာဏာရှင်ကျိန်စာသင့်နေတဲ့ မြန်မာနိုင်ငံလို့ ဆိုရမှာ ဖြစ်ပြီးဒီပြည်တွင်းစစ်အရှိန်ကနေ ဘယ်လိုထွက်ပေါက်မျိုးနဲ့ ထွက်နိုင်မလဲ သို့မဟုတ် ထပ်ပြီးနက်ရှိုင်းတဲ့ ပဋိပက္ခဆီ ကျဆင်းမလားဆိုတာတော့ တိတိပပ ဘယ်သူမှ မပြောနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒီနေ့ သတင်းတွေမှာတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက  အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်မီးရှို့ခဲ့တဲ့ဖြစ်ရပ်မှာ နိုင်ငံတကာ NGO ဖြစ်တဲ့ Save the Children အဖွဲ့မှ ဒေသခံဝန်ထမ်းနှစ်ဦးပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းအချက်အလက်တွေအရ ကောက် ချက်ချရပါတယ်။ Save the Children က ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာ သူတို့ရဲ့ အကူအညီပေးတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

အခုဖြစ်ရပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အပြစ်မဲ့အရပ်သားတွေ အဖြစ်အပျက်တခုထဲမှာ အရေအတွက်အများဆုံး သေဆုံးမှုအဖြစ် မှတ်တမ်းတင်ရဖွယ်ရှိပါတယ်။ ကယားပြည်နယ်ရဲ့ ဒေသခံတွေက စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုကို ရက်စက်စွာနှိမ်နှင်းမယ်လို့ သတင်းစကားပါးလိုက်တဲ့ သဖွယ်လည်း ဖြစ်ပါတယ်။ 

ဒီနေ့မှာပဲ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က မြောက်အင်းရွာမှာလည်း စစ်ကောင်စီတပ်တွေက ရွာကိုဝင်ပြီး လူနေအိမ်တွေမီးရှို့ခဲ့တယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ရဲ့ တောင်ဘက် နတ်ချောင်းကျေးရွာမှာလည်း ဒေသခံပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့သတင်း၊ ကရင်ပြည်နယ် လေးကေကော်ဒေသတိုက်ပွဲကနေ ကော့ကရိတ် မြဝတီ အာရှလမ်းပေါ်က နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းတွေက ဒီနေ့သတင်းဖြစ်ရပ်တွေ မှာ နေရာယူထားကြပါတယ်။ 

ရန်ကုန်မြို့မှာတော့ နေ့စဥ်လိုလို ဗုံးပေါက်ကွဲမှုက တနေရာမဟုတ် တနေရာမှာ ဖြစ်ပွားလေ့ရှိပြီး ဒီနေ့အဖို့တော့ မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘက်မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်တာ လူတဦး နှစ်ဦး ပစ်သတ်ခံရတာ သတ်ဖြတ်ခံရတာတွေက လူအများစိတ်ဝင်စားတဲ့ သတင်းမျိုးမဟုတ်တော့ဘူးလို့တောင် ဆိုရမလို ဖြစ်လာပါတယ်။ ဒီလိုအဖြစ်အပျက်တွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေလို ဖြစ်လာနေပြီး မြို့နေလူထုအနေနဲ့ သွားစရာကိစ္စအတွက် သွားလာလှုပ်ရှားနေကြတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

အမှန်တကယ်တော့ မြို့ပြက သူတွေရဲ့ အခြေအနေထက် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က ကျေးရွာတွေမှာ နေထိုင်သူတွေ ရဲ့ အခြေအနေက လုံခြုံရေးအရ ပိုင်ဆိုင်မှု အသက်မွေးဝမ်းကျောင်း ထိခိုက်မှုအရ အများကြီးဆိုးရွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ကျေးရွာတွေ နယ်တွေက စစ်ဖြစ်ပွားကြပြီဆိုရင် ပထမဆုံးစစ်တလင်းသဖွယ် ဖြစ်ခံရပြီး နေအိမ်တွေကို မီးရှို့တာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံး ကျွဲနွားတွေ သေဆုံး သတ်ဖြတ်ခံရတာတွေနဲ့ ဘဝကို အစကပြန်စရမယ့် အနေအထားမျိုးကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar