အောင်သူငြိမ်း - ထိုင်းနိုင်ငံနဲ့ ခရစ်ပ်တိုငွေကြေး (၂)
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၁
◾️ ခရစ်ပ်တို ငွေကြေးဆိုတာ
ခရစ်ပ်တိုငွေကြေး (Cryptocurrency) ဆိုတာ အမှန်တကယ် ရှိမနေတဲ့၊ အွန်လိုင်းပေါ်က ငွေကြေး (Virtual currency) ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပညာ ရှင် ဆာတိုရှိ နာကာမိုတို (Satoshi Nakamoto) က တီထွင်ခဲ့တာပါ။ ဒီနာမည်ကလည်း အစစ် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူက ဘစ်ကွိုင်ကို နိုင်ငံတကာ ငွေကြေးပေးချေမှုတွေမှာ အစိုးရ၊ ငွေကြေးအဖွဲ့အစည်းတွေ ထိန်းချုပ်မှု ကင်းတဲ့ ကြားခံငွေကြေးတခုအနေနဲ့ စတင်ခဲ့တာပါ။ ခုလို ခရစ်ပ်တိုငွေကြေးတွေ စတင်နိုင်ဖို့ နည်းပညာက ဘလော့ချိန်း နည်းပညာ (Blockchain technology) လို့ ခေါ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဘစ်ကွိုင်ကို စတင်လှည့်လည်စဉ်က ကွိုင်တခုတန်ဖိုးဟာ ဒေါ်လာ ၀.၀၀ ပဲ ရှိပါတယ်။ ၂၀၀၇ ခုနှစ်ရောက်တော့ ဈေးကွက်ထဲမှာ ဘစ်ကွိုင်တခု တန်ဖိုးက ဒေါ်လာ ၁,၀၀၀ လောက် ဖြစ်နေပါပြီ။ ၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာပေါ်မှာ ခရစ်ပ်တိုငွေကြေးက တခုထဲပဲ ရှိခဲ့ပေမယ့်၊ ၂၀၂၁ ခုနှစ်မှာ တော့ အမျိုး ၆,၀၀၀ ကျော်လောက် ဖြစ်နေပါပြီ။ ဈေးကွက်တွင်း စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ လောက် ရှိနေပါတယ်။ တနှစ်ကို ၁၂.၈% နဲ့ ပျမ်းမျှ ချဲ့ထွင်နေမှု ရှိတယ်လို့ တွက်ချက်ကြပါတယ်။ ဒေါက်တာ ချတ်ချိုင်းက တော့ ဒီတန်ဖိုးဟာ တကယ့်အမှန်မူရင်း တန်ဖိုး (Intrinsic value) ရှိမနေတာကြောင့် လောင်းကစားတာနဲ့ ပိုတူလိမ့်မယ် လို့ သူက မြင်ပါတယ်။
◾️ ငွေကြေး
ကျနော်တို့ သုံးစွဲနေတဲ့ ငွေကြေးကို (Fiat money) လို့ ခေါ်ကြပြီး ဥပမာ ယန်း၊ ဒေါ်လာ၊ ယူရို၊ ယွန် စသည်ဖြင့်မှာတော့ အမှန် တကယ်တန်ဖိုး (Intrinsic value) ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နောက်မှာ လည်ပတ်နေတဲ့ နိုင်ငံတခုရဲ့ စီးပွား ရေး စနစ်က ကျားကန်ထားပေးပါတယ်။ သူ ဥပမာပေးထားတာက ထိုင်းနိုင်ငံမှာ လှည့်လည်နေတဲ့ငွေကြေး ၂၃.၇ ထရီလီယံ ဘတ် ရှိနေတဲ့နောက်မှာ ထိုင်းစီးပွားရေးရဲ့ GDP တန်ဖိုး (၂၀၂၀ ခုနှစ်) ၁၅.၇ ထရီလီယံ နောက်ခံ ရှိထားပါတယ်။ ဒီလိုအမှန် တန်ဖိုး နောက်ခံရှိထားတာကြောင့် ငွေကြေးတခုရဲ့ ရှေ့ဘယ်လိုဖြစ်မလဲ လားရာကို စီးပွားရေးပညာရှင်တွေက တွက်ဆလို့ ရပါတယ်။ ဆိုလိုတာက လည်ပတ်တဲ့ငွေကြေး၊ စီးပွား အတက် အကျပေါ်မူတည်ပြီး ငွေဈေး တက်မလား- ကျမလား ပြောလို့ ရတာမျိုးပါ။
ငွေကြေးမှာ သူ့ရဲ့ လုပ်ငန်း ၃ ခု ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီတွေကတော့ တန်ဖိုးအရ သိမ်းထားနိုင်မှု (Store of value)၊ ငွေစာရင်းထဲက ယူနစ် (Unit of account)၊ ဖလှယ်ပေးချေမှုအတွက် ကြားခံ (Medium of exchange) လို့ ဆိုကြပါတယ်။ အခု ခရစ်ပ်တိုငွေကြေးမှာလည်း ဒီလို လုပ်ငန်း ၃ ခုစလုံး လုပ်ပေးနေနိုင်တာပါ။ တခုပါပဲ။ ဘစ်ကွိုင်းတခုကို ဒေါ်လာ ၆ သောင်း ၈ ထောင်ကျော် ရှိနေရာကနေ၊ ၄ သောင်း ၈ ထောင်ကျော်ကို ပြန်ပြုတ်ကျတာမျိုးကတော့ အတော့်ကို အတက် အကျကြမ်းတယ်လို့ ဆိုရပါလိမ့်မယ်။
မစ္စတာ နာကာမိုတို ဘစ်ကွိုင်ကို ၂၀၀၈ ခုနှစ်မှာ စတင်တီထွင်စဉ်က အမှန်တန်ဖိုးက ၀.၀၀ ဒေါ်လာပါ။ ဒီလို အမှန်တန်ဖိုး မရှိပေမယ့် သူရည်ရွယ်ထားသလို ငွေပေးချေမှု ကြားခံဖြစ်နိုင်သလားဆိုတော့၊ “ဖြစ်နိုင်ပါတယ်”။ အခု ဖြစ်နေပါပြီ။ ခရစ်ပ် တိုငွေကြေးက Fiat money တွေလိုပဲ နိုင်ငံအများစုမှာ အစား ထိုး နေရာယူလာကြပါပြီ။ ဗင်နီဇွဲလားနိုင်ငံက ဥပမာတခုပါ။
ဗင်နီဇွဲလားမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၂၀၀% ရှိနေပါတယ်။ ဒါကြောင့် လူတွေက ဒေသခံငွေကြေး (ဗိုလစ်ဗားစ်) ကို မကိုင်ချင်ကြတော့ပါဘူး။ ဒါကြောင့် ဗင်နီဇွဲလား ပြည်သူတွေက ခရစ်ပ်တိုငွေကြေးကို ပြောင်းကိုင် ပေးချေမှု လုပ်လာကြပါတယ်။ ဒါပေမယ့် သူတောင် ကမ္ဘာမှာ ခရစ်ပ်တိုငွေကြေး ကိုင်သုံးတဲ့ အဆင့် ၇ နိုင်ငံပါ။ ကမ္ဘာ့ ခရစ်ပ်တိုငွေကြေး ညွှန်းကိန်း Global Crypto Adoption Index (၂၀၂၁) အရ ကမ္ဘာပေါ်မှာ ထိပ်တန်း ခရစ်ပ်တိုသုံးနေတာ ဗီယက်နမ်ပါ။ ဖြစ်နိုင်တာက ဗီယက်နမ် စီးပွားရေးတက်နေတာက ငွေကြေးဈေးကွက် ဖွံ့ဖြိုးနေတာ၊ ပံ့ပိုးနိုင်တာထက်စာရင် ပိုမြန်နေလို့ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံတကာ ငွေပေးချေမှုတွေမှာ ဗီယက်နမ်ကုန်သည်တွေအဖို့ ပိုမြန်ဆန်ဖို့ လိုအပ်လာနေပါတယ်။ (နောက်တဖုံ စဉ်းစားနိုင်တာက အခွန်ဘယ်လို ကောက်မလဲ၊ အခွန်ရှောင်ချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်)။
◾️ ဒစ်ဂျစ်တယ်ငွေကြေး (Digital currency) နဲ့ ခရစ်ပ်တိုငွေကြေး (Cryptocurrency)
ဒီ ၂ ခုက ကွာခြားချက် ရှိပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးက ထုတ်ဝေထားတဲ့ ငွေစက္ကူတွေရဲ့ ဒစ်ဂျစ်တယ်ပုံစံပါ။ ငွေစက္ကူ ကိုင်နေတာထက်စာရင် ပိုလို့ သက်တောင့်သက်သာ ရှိဖို့ပါ။ တရုတ်နိုင်ငံ အပါအဝင် အချို့နိုင်ငံများက ဗဟိုဘဏ်ကျော ထောက်နောက်ခံပြု ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency- CBDC) ထုတ်ဖို့ လုပ်နေကြပါတယ်။ အစိုးရ တွေက ခရစ်ပ်တိုငွေကြေး ထုတ်ရင်ရော မဖြစ်နိုင်ဘူးလား၊ အဓိပ္ပါယ် မရှိပါဘူး။ ဗင်နီဇွဲလားအစိုးရက ပီထရို (Petro) ဆိုပြီး ခရစ်ပ်တို ငွေကြေး စမ်းထုတ်တာ ကျရှုံးခဲ့ပါတယ်။
ခရစ်ပ်တိုငွေကြေးကတော့ တမျိုးတဘာသာပါ။ သူကလည်း ကမ္ဘာ့စီးပွားရေး လားရာကို ပြောင်းသွားစေဖို့ အကြောင်းရှိနေပါတယ်။ ဘာဘာ (BaBa) ဆိုတာက တရုတ်နိုင်ငံရဲ့ အီး-ကောမာ့စ် e-commerce အကြီးဆုံး ပလက်ဖောင်းတခုပါ။ ဖောက်သည်ပေါင်း ၁.၁၈ ဘီလီယံ ရှိပါတယ်။ (အဲဒီအထဲက တရုတ်နိုင်ငံမှာ ၉၁၂ သန်းနဲ့ ပြည်ပနိုင်ငံတွေမှာ ၂၆၅ သန်း ရှိနေ ပါတယ်)။ ဆိုပါစို့ (ဒါဟာ စိတ်ကူးယဉ် ဇာတ်လမ်းတခု လုပ်ကြည့်တာပါ)။ BaBa က သူ့ကိုယ်ပိုင် ဘာ-ကွိုင်း (Ba-coin) ဆိုပြီး ငွေပေးချေဖို့ကိစ္စတွေအတွက် တရုတ်ယွန်နဲ့ယှဉ်ပြီး ထုတ်မယ်ဆိုပါစို့။ ဈေးဝယ်သူတွေက ဘာဘာရဲ့ လက်ခွဲငွေကြေးနည်း ပညာ Fintech ကုမ္ပဏီ (AND) ဆီက ‘ဘာကွိုင်း’ ကို ချေးယူနိုင်ပါတယ်။ အဲဒီ AND ကုမ္ပဏီကလည်း ဈေးရောင်းမှုတွေကို လှုံ့ဆော်နိုင်ဖို့ Ba-pay (ဘာပေး) ဆိုပြီး လုပ်ထားပါတယ်။ ဈေးဝယ်သူတွေက ‘ဘာကွိုင်း’ ကို သုံးရုံမကဘဲ၊ ပစ္စည်းပေးသွင်း ရောင်းချသူတွေကလည်း ‘ဘာကွိုင်း’ ကိုသုံးပြီး ရောင်းဝယ်ကြဖို့ တိုက် တွန်းပါမယ်။ ဒါဆိုရင် သိပ်မကြာခင်မှာပဲ တရုတ်နဲ့ နိုင်ငံတကာကြားမှာ အကျယ်အပြန့်သုံးနေတဲ့ ငွေကြေးတခု ဖြစ်လာမှာပါ။
ဆိုပါစို့။ အကယ်၍ တစုံတဦးက Prime assets တွေ ဝယ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုပါစို့။ ‘ဘာကွိုင်း’က အခု ဒေဝါလီ ခံရလု ဆဲဆဲ ဖြစ်နေတဲ့ တရုတ်က အိမ်ရာကုမ္ပဏီ (Evergreat) ကိုပါ ကယ်တင်နိုင်ပါသေးတယ်။ ဆိုလိုတာက AND ကုမ္ပဏီက ဖန်တီးထားတဲ့ ‘ဘာကွိုင်း’ နဲ့ အိမ်တွေကို ဝယ်ယူနိုင်ပါမယ်။ ခုလို ပိုင်ဆိုင်မှု ယူနစ်တခုချင်းရဲ့ တန်ဖိုးကို ဘာဘာဝက်ဆိုဒ်မှာ တင်ထားတဲ့ အခါ နိုင်ငံတကာက စိတ်ဝင်စားသူတွေကလည်း ကြည့်နိုင်ပါတယ်။ အဲဒီအခါ အိမ်ရာဝယ်ဖို့ စိတ်ဝင်စားသူတွေက ‘ဘာကွိုင်း’ ချေးငွေကို ရယူပြီး အိမ်ရာတွေကို ရေရှည် အိမ်ဝယ်စနစ် (Mortgage) နဲ့ ဝယ်နိုင်ပါလိမ့်မယ်။ ကြိုတင်ငွေ ပေးချေ စရာ မလို (Zero down payments)၊ ငွေတိုးမရှိ၊ တကယ့် ရေရှည်ချေးငွေအဖြစ် အိမ်ရာတွေ ဝယ်ကြပါလိမ့်မယ်။ အကြောင်းကတော့ ‘ဘာကွိုင်း’အတွက် ဘာဘာကုမ္ပဏီမှာ အမှန်တန်ဖိုး ဘာမှ ရှိစရာ မလိုပါဘူး။ အမှတ်ရဖို့က ခရစ်ပ်တိုငွေကြေး ဆိုတာ အမှန်တန်ဖိုး မရှိတဲ့ စိတ်ကူးယဉ်ထဲက ငွေကြေးပါ။
ဒီလိုနဲ့ အချိန်တိုအတွင်းမှာပဲ ဘာဘာကုမ္ပဏီက တရုတ်စီးပွားရေး တခုလုံးကို ထိန်းချုပ်သွားနိုင်ပါလိမ့်မယ်။ ဘာဖြစ်လိုလဲ ဆိုတော့ သူက ‘ဘာကွိုင်း’ကို ထိန်းချုပ်ထားလို့ပါပဲ။ ဒီလို စိတ်ကူးယဉ် အခြေအနေကို စဉ်းစားကြည့်ပါ။ တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံ ဗဟိုဘဏ်/ ဘဏ်များက ဘယ်လို သဘောထားကြမှာပါလဲ။ ကြိုက်မှာ မဟုတ်ပါဘူး။ စာဖတ်သူတွေကပဲ အခု ဇာတ်လမ်းနိဂုံးကို စဉ်းစားကြည့်နိုင်ပါတယ်။
အခုလို စိတ်ကူးယဉ်ဇာတ်လမ်းက ဖော်ပြနေတာက အမှန်တန်ဖိုး မရှိတဲ့ ‘ဘာကွိုင်း’က ခဏအကြာမှာ အမှန်တန်ဖိုး (Intrinsic value) တခု ရှိလာပါတယ်။ တန်ဖိုးက ဘာဘာ ပလက်ဖောင်းရဲ့ အမြတ်ငွေများနဲ့ Evergreat group အိမ်ရာအုပ်စု ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးများပါ။ ဒီအချိန်ကျရင် အွန်လိုင်းငွေကြေးက အမှန်ငွေကြေး (Fiat money) နဲ့ အပြိုင် ဖြစ်လာပါပြီ။ ဒါကြောင့် ကမ္ဘာ့စီးပွာ းရေး လားရာကို ပြောင်းသွားစေဖို့ အကြောင်းရှိနေတယ်လို့ ပြောရတာပါ။
ထိုင်းနိုင်ငံ ဥပမာကို စာရေးသူ Chartchai Parasuk က ပေးပါတယ်။ ခုအခါ အစိုးရအကြွေးက GDP ရဲ့ ၆၀% ရှိနေပါတယ်။ အိမ်ထောင်စုတွေရဲ့ အကြွေးက GDP ရဲ့ ၉၀% ရှိနေပါတယ်။ ဒီအတိုင်းဆို ရေရှည်လည်ပတ်ရေး ခက်ခဲနိုင်ပါတယ်။ ဒီအခါမှာ ခုန ပြောတဲ့ဇာတ်လမ်းလို ခရစ်ပ်တိုငွေကြေးက ငွေကြေးလှည့်လည်ပတ်မှုအတွက် နောက်ထပ်နည်းလမ်း (Alternative liquidity) တခု ဖြစ်လာနိုင်ပါတယ်။ အစောက ပြောတဲ့ ဘာဘာဇာတ်လမ်းလိုပဲ ထိုင်းနိုင်ငံမှာ ထိုင်းမှိုင်းနေတဲ့ အိမ်ရာ ဈေးကွက် နဲ့ ခရီးသွားလုပ်ငန်း ပြန်ထူထောင်လာစေဖို့ ကူညီနိုင်ပါတယ်။ ဒီအခါမှာ ဘဏ်တွေဆီမှာ ငွေချေးဖို့ ဘယ်သူက လိုအပ်ပါဦးမလဲ။
ခရစ်ပ်တိုငွေကြေးကို တီထွင်ခဲ့သူက ဉာဏ်ကြီးပါတယ်။ အခု သူရည်ရွယ်ခဲ့တဲ့အတိုင်းလည်း ပေါက်မြောက်ခဲ့တယ်လို့ စာရေးသူ Chartchai Parasuk က ထင်ပါတယ်။ အကြောင်းကတော့ ကမ္ဘာကြီးတခုလုံးက ကြွေးမြီအမြောက်အများ တင်နေကြပြီး၊ ငွေကြေးကဏ္ဍကလည်း ပြိုလုလုနီးပါး အခြေအနေ ရောက်နေတာကြောင့်ပါ။ ဗဟိုဘဏ်တွေက သူတို့ စီးပွားရေး စနစ်တွေကို ပံ့ပိုးဖို့ ငွေကြေး (Fiat money) တွေ ရိုက်ထုတ်လုံးပန်းရင်း အလုပ်တွေ များနေကြပါတယ်။ ဒါဆိုရင် နောက် ထပ်ရွေးချယ်စရာ ငွေကြေးတခုခု ရှာဖို့ မလိုအပ်ပါဘူးလား၊ ပိုလို့ ယုံကြည်နိုင်တဲ့ ငွေကြေးတခုခုပေါ့ လို့ စာရေးသူ Chartchai Parasuk က သုံးသပ်ထားကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar