Breaking News

လှကျော်ဇော - စုန့်ချင်လင် (သို့မဟုတ်) ကျီးအုပ်ထဲက ဥဒေါင်းပျို

လှကျော်ဇော - စုန့်ချင်လင် (သို့မဟုတ်) ကျီးအုပ်ထဲက ဥဒေါင်းပျို
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၁

၁၉၄၉ ဇန္နဝါရီလ ၃၁ ရက်နေ့ ပီကင်းမြို့ကြီးငြိမ်းချမ်းစွာ လွတ်မြောက်ပီးနောက်၊ ဥက္ကဋ္ဌမော်အမှုးပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုခေါင်းဆောင်အဖွဲ့ပီကင်းကိုဝင်လာပြီး ရုံးစိုက်ပါတော့တယ်။ အဲဒီအချိန်မှာ တရုတ်ပြည်မြောက်ပိုင်းသာလွတ်မြောက်သေးပြီး တောင်ပိုင်းဒေသအတော်များများနဲ့အနောက်ဖက်ဒေသတွေ မလွတ်မြောက်သေးပါဘူး။ ဒီတော့ မော်တို့က ကျန်ဒေသများလွတ်မြောက်ရေးအတွက်ရော၊ လွတ်မြောက်ပြီးဒေသတွေအခြေခိုင်ရေးအတွက်ရော၊ အပြင်းအထန်ကြိုးစားရပါတယ်။ စစ်ရေးနည်းသာမက၊ ကျန်နည်းပေါင်းစုံပါသုံးလာရာမှာ (ပီကင်းငြိမ်းချမ်းစွာလွတ် မြောက်မှုကိုနမူနာပြုပြီး) တတ်နိုင်သမျှ ဆွေးနွေးအဖြေရှာတဲ့နည်းကို သုံးလာပါတယ်။ အဲဒီအထဲက အလွန်အောင်မြင်လာတဲ့နည်းနာကတော့ မော်ရဲ့ တပ်ပေါင်းစုဖွဲ့ရေး ပေါ်လစီပါ။ ဒီပေါ်လစီအောင်မြင်မှုဟာ နဂိုကထဲက ဗိုလ်ချုပ်တွေခြစားချင်တိုင်းစား၊ အောက်ခြေရဲဘော်တွေကို ဖိနှိပ်ချင် တိုင်း ဖိနှိပ်ပြီး၊ တိုက်ရည်ခိုက်ရည်ရော၊ စိတ်ဓာတ်အရရော ကျဆင်းချင်တိုင်းကျဆင်းနေတဲ့ ကူမင်တန်စစ်တပ်ကြီးရော၊ အခုခေတ်အခေါ် ခရိုနီများနဲ့ မိမိမိသားစု ပတ်သက်ရာပတ်သက်ကြောင်းတွေပဲ ထားစရာမရှိအောင်ချမ်းသာနေတဲ့ ပြည်သူတရပ်လုံးရဲ့အော့ကြောလန် ချန်ကေရှိတ်အစိုးရပါ ဝေါကနဲပြိုဆင်းသွားရတဲ့အကြောင်းတရပ် ဖြစ်သွားစေခဲ့ပါတယ်။

အဲဒီကာလအတွင်းက သမိုင်းဝင်အဖြစ်အပျက်တွေကိုအခြေခံပြီး ရိုက်ကူးထားတဲ့ အခန်းဆက်ဇတ်လမ်းတွဲကြီးကို အခုတလော တရုတ်ရုပ် မြင်သံကြားဗဟိုဌာနက ပြသလျှက်ရှိပါတယ်။ မော်တို့တတွေ ပီကင်းပြည်တော်ဝင်ခန်းကစလို့ ၁၉၄၉ အောက်တိုဘာ (၁) ရက်နေ့ ထျန်အန်မင်ရင်ပြင်ပေါ်ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာလိုက်တဲ့အထိ ပါဝင်ပါတယ်။ အဲဒီသမိုင်းဖြစ်စဉ်ကိုအခြေခံပြီး ဒီဆောင်းပါးကိုရေးပါတယ်။

တရုတ်ပြည်သစ်တည်ဆောက်ရေးမှာ တတိုင်းပြည်လုံးက တိုင်းချစ်ပြည်ချစ်ပုဂွိုလ်အားလုံးပါဝင်လာရေးကို ဦးစားပေးပီးလုပ်ရမယ်လို့ မော်ကမြင်ထားတာပါ။ ဒီအတွက် အဖွဲ့အစည်းပေါင်းစုံက နာမည်ကျော်ပုဂွိုလ်တွေ၊ တသီးပုဂွလိကပညာရှင်တွေ၊ ပြည်သူအများလေးစားကြည်ညိုတဲ့ မြို့မိ မြို့ဖတွေ၊ ကူမင်တန်တပ်ကကူးပြောင်းလာတဲ့ စစ်ဗိုလ်ကြီးတွေ၊ လွတ်မြောက်ပြီး ဒေသအသီးသီးက ပါတီအပေါ်ကောင်းမှုပြုခဲ့ ပြီးပါတီကိုအကြံ ကောင်း ဉာဏ်ကောင်းတွေပေးခဲ့ဘူးသူတွေ၊ စသဖြင့် အလွှာအသီးသီးကသူတွေကိုစုစည်းပြီး တရုတ်ပြည်ကြီးကို ဘယ်လို ဘယ်ပုံ အုပ်ချုပ်ကြမယ် ဆိုတာတွေကို ဆွေးနွေးကြမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဒီတော့ ဒီလိုလူမျိုးတွေကို တနိုင်ငံလုံးလှည့်ပြီး ရှာဖွေဖိတ်ကြားတာတွေ လုပ်ရပါတယ်။ ဒီအထဲက မော်အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေအတော်တန်ဖိုးထား လေးစားချဉ်းကပ်ခံရသူကတော့ တရုတ်ပြည်ကြီးကို ပဒေသရာဇ်ချင်မင်းဆက်လက်အောက်လွတ်မြောက်စေပြီး ပထမဆုံးသမ္မတနိုင်ငံတည်ထောင်ပေးခဲ့တဲ့ ဆွန်ယက်ဆင်ရဲ့ကျန်ရစ်သူဇနီးသည် စုန့်ချင်လင်ပါ။

တရုတ်ပြည်မှာ စုန့်ညီအစ်မ (၃) ယောက်ဟာ နာမည်ကြီးပါတယ်။ ဆိုစကားတခုတောင်ရှိပါတယ်။ အစ်မအကြီးဆုံး (စုန့်အိုက်လင်) က ငွေကိုချစ်တယ်။ အငယ်ဆုံး (စုန့်မေလင်) က အာဏာကိုချစ်တယ်။ (ချန်ကေရှိတ်ဇနီး) အစ်မအလတ် (စုန့်ချင်လင်) က ပြည်သူကိုချစ်တယ်တဲ့။ အဲဒီအထဲကညီအစ်မ (၂) ယောက် အလတ်နဲ့အငယ်က သမ္မတကတော်တွေဖြစ်ခဲ့ပြီး၊ အစ်မကြီးက ချန်ကေရှိတ်အစိုးရထဲက ဘဏ္ဍာရေးဝန်ကြီးရဲ့ဇနီးပါ။

စုန့်ညီအစ်မတေတွေဟာ ရှံဟဲက သူဌေးကြီးတဦးရဲ့သမီးများဖြစ်ကြပြီး၊ အမေရိကန် ဝက်စလေတက္ကသိုလ်ဆင်းများပါ။ စုန်ချင်လင်ဟာ ဘွဲ့ရပြီးနောက် ဂျပန်မှာပြည်ပြေးအဖြစ်ခိုလှုံနေရတဲ့ (ဖခင်ကြီးရဲ့မိတ်ဆွေ) ဆွန်ယက်ဆင်ဆီမှာ အတွင်းရေးမှူးအဖြစ်လုပ်ကိုင်နေရင်းက ဆွန်ရဲ့တိုင်းချစ်ပြည်ချစ်စိတ်ကိုရော၊ တိုင်းပြည်အတွက် မနေမနားကြိုစားမှုကိုရော လေးစားကြည်ညိုရာကနေ မေတ္တာသက်ဝင်သွားပြီး လက်ထပ်ခဲ့ပါတယ်။ အိမ် ထောင်သက် (၁၀) နှစ်အတွင်း အတက်အကျအမျိုးမျိုး ဘေးအန္တရာယ်အသွယ်သွယ်ကို အတူလက်တွဲဖြတ်သန်းခဲ့တာ ၁၉၂၅ ခုနှစ် ဆွန်ယက်ဆင် အဆုတ်ကင်ဆာနဲ့ ပီကင်းမှာကွယ်လွန်ချိန်အထိပါပဲ။ ရောဂါဒဏ်ရော၊ တပြည်လုံး မတည်မငြိမ် မအေးချမ်းနိုင်ဖြစ်နေတာအတွက်ရော၊ ဆွန်ယက်ဆင်ဟာ အလွန်စိတ်ဆင်းရဲစွာနဲ့ ကွယ်လွန်သွားရတာကို အနားကတဖဝါးမခွာနေခဲ့တဲ့ စုန့်ချင်လင် နားလည်သိရှိခဲ့တဲ့အတွက် ဒီပီကင်းကိုတော့ဘယ်တော့မှပြန်မလာတော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး ရှံဟဲမှာပဲ အခြေချနေတာပါ။

ဆွန်ယက်ဆင်ကွယ်လွန်ပြီးနောက် ကူမင်တန်ပါတီကို လက်ယာ (နောင် ချန်ကေရှိတ်) သမားများကအပိုင်စီးပြီး ကွန်မြူနစ်တွေကို ဖမ်းမိသမျှသတ်ဖြတ်ကာ ကျန်သမျှကို တောတွင်းမောင်းပို့လိုက်ပါတယ်။ စုန့်ချင်လင်ကိုတော့ နတ်နေကိုင်းအဖြစ်ချန်ထားပြီး ကူမင်တန်ပါတီရဲ့နာယက အဖြစ် ဟန်ပြထားပါတယ်။ စွန့်ချင်လင်ကလည်း ရသမျှအခွင့်အရေးကိုအသုံးချပြီး တရုတ်ကွန်မြူနစ်ပါတီကို ကူညီခဲ့တာပါ။ တကယ်တော့ စုန့်ချင်လင်ရဲ့ ရှံဟဲနေအိမ်ဟာ တရုတ်ကွန်မြူနစ်များရဲ့ မြေအောက်စခန်းလေးလိုပါပဲ။

ဒီတော့ မော်တို့မြို့ဝင်လာပြီးတော့၊ စုန့်ချင်လင်ကိုလှမ်းဖိတ်တာ မဆန်းပါဘူး။ မော်က ဒီလိုတောင်ဆိုပါတယ်။ "တို့တရုတ်ပြည်သစ်အတွက် အစိုးရဖွဲ့လို့ စုန့်ချင်လင်မပါရင် အစိုးရအင်္ဂါရပ်ပြည့်စုံမှာမဟုတ်ဘူး" တဲ့။

မော်ကကိုယ်တိုင်လဲစာရေးပြီးပီကင်းလာဖို့၊ တိုင်းပြည်ကြီးကို အတူတူတည်ဆောက်ဖို့ဆိုပြီး ဖိတ်ကြားပါတယ်။ စာသွားပို့မယ့်ကိုယ်စားလှယ်ကို
လည်း မော်ကိုယ်တိုင်ရွေးပေးတယ်။ စုန့်ချင်လင်နဲ့ ပုဂွိုလ်ရေးအရလည်းရင်းနှီး၊ ပါတီထဲမှာလည်း သြဇာကြီးတဲ့ တိန့်ရင်ချောင် (ချိုအင်လိုင်းဇနီး) ပါ။ ချိုအင်လိုင်ကိုယ်တိုင်ကလည်း သီးခြားစာရေးပြီး ပီကင်းလာဖို့ ဖိတ်ကြားပါတယ်။
 
မော်က စုန့်ချင်လင်နဲ့ပတ်သက်ပြီး ဒီလိုသဘောထားချပေးပါတယ်။ "စုန့်ချင်လင်ဟာ အနောက်တိုင်းမှာကြီးပြီး၊ အနောက်က ပညာရေးကိုသင်ယူလာတာဖြစ်တယ်။ ဒါကြောင့် သူစဉ်းစားမှုတွေဟာ တို့တတွေနဲ့မတူနိုင်ဘူး။ စိတ်ခံစားမှုနဲ့ စဉ်းစားတာတွေဖြစ်နိုင်တယ်။ ဒါကိုနားလည်ပေးရမယ်။ 
သွားခေါ်တဲ့အခါ ဖိအားမပေးပါနဲ့။ သူစိတ်လိုလက်ရရှိမှ၊ သူကိုယ်တိုင်စိတ်ပါမှ လာပါစေ" တဲ့။

ဒီတော့ သွားခေါ်ရတဲ့ တိန့်ရင်ချောင်က အများကြီးသတိထားဆက်ဆံရပါတယ်။ ပါလာတဲ့စာတွေကို ချက်ချင်းမပေးဘဲ နေရေးထိုင်ရေးအခြေအနေတွေ၊ ကျန်းမာရေးအခြေအနေတွေ၊ မေးမြန်းဖို့လာသလို လုပ်ထားရပြီး၊နည်းနည်းလေးအရှိန်လေးရလာမှ သူလာရင်းအကြောင်းနဲ့ စာတွေပေးရပါတယ်။ စာပေးပြီးတာနဲ့ "အစ်မကြီး အေးအေးဆေးဆေးဖတ်ပါ" ဆိုပြီး ၃-၄-ရက်ခြားပြီးမှာ ပြန်သွားတွေ့ပါတယ်။

စုန့်ချင်လင်က စာ (၂) စောင်လုံးကြောင့် သူ့အနေနဲ့ အများကြီးစိတ်လှုပ်ရှားရပေမယ့် သူ့ကျန်းမာရေးကလည်းသိပ်မကောင်းတော့လို့ မလိုက်တော့ပါဘူးလို့ ငြင်းလိုက်ပါတယ်။ ဒီမှာတင် တိန်ရင်ချောင်အစွမ်းပေါ်လာပါတော့တယ်။

တိန့်ရင်ချောင်က"အစ်မကြီးရယ်၊ ဥက္ကဋ္ဌမော်ကတော့ ဖိအားမပေးပါနဲ့၊ သူစိတ်ပါမှ လာပါစေလို့မှာလွှတ်လိုက်တာပါ။ ဒါပေမဲ့ ကျွန်မကတော့ ပြောစရာရှိတာတွေ ပြောရဦးမှာပဲ။ အစ်မကြီးအနေနဲ့ ကျွန်မတို့တောထဲနေရစဉ်တုန်းက ကိုယ့်အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်ဘဲ ကျွန်မတို့ပါတီကို အများကြီးကူညီခဲ့တာ။ စာရေးဆရာကြီးအဂွါစနိုး စတဲ့ စာရေးဆရာတွေ၊ ဒေါက်တာနော်မန်ဗက်သွန်း စတဲ့ဆရာဝန်ကြီးတွေ၊ ဆေးဝါးပစ္စည်းတွေ၊ကျွန်မတို့ဆီရောက်အောင်ပို့ပေးခဲ့တယ်။ ဒါ့အပြင် ကျွန်မတို့ရဲဘော်အများအပြားကိုလည်း ကူညီခဲ့တယ်။ (တောထဲမှာ တိန်ရင်ချောင် တီဘီရောဂါရလို့ မြို့ပေါ်တက်ဆေးကုစဉ်ကလည်း စုန်ချင်လင်ပဲစီစဉ်ပေးခဲ့တာ။) ဒီကျေးဇူးတွေကို ကျွန်မတို့ပါတီက ဘယ်တော့မှမမေ့ဘူး။ အခုလည်း ဆရာကြီးဆွန်ယက်ဆင်ရဲ့ စိတ်ကူးစံဖြစ်တဲ့ တရုတ်ပြည်သစ်ကြီးကိုတည်ဆောက်တဲ့အချိန်မှာ ကျွန်မတို့နဲ့အတူ အစ်မကြီးမပါဝင်ချင်ဘူးလား။ ကျွန်မကတော့ အခုလာတဲ့လမ်းတလျှောက်လုံး အစ်မကြီးနဲ့အတူ ငါတို့တရုတ်အမျိုးသမီးတွေလွတ်မြောက်အောင် ဘယ်လိုစည်းရုံးလိုက်မယ်။ ဘယ်လိုလှုံ့ဆော်လိုက်မယ်။ ကလေးတွေကျန်းမာရေး၊ ပညာရေးတွေအတွက် ဘယ်လိုလုပ်ကြရင်ကောင်းမယ်ဆိုတာတွေ စဉ်းစားလာတာ" လို့ ပြောပြီး အားရပါးရကို စည်းရုံးတော့တာပါပဲ။ ဒီတင် စုန်ချင်လင်လည်း မျက်ရည်စက်လက်နဲ့ ခေါင်းငြိမ့်ရပါတော့တယ်။

ဒါနဲ့ပဲ စုန့်ချင်လင်ခမျာ သူအင်မတန်စိတ်ထိခိုက်ခဲ့ရလို့ ဘယ်တော့မှခြေမချတော့ပါဘူးလို့ဆုံးဖြတ်ထားတဲ့ ပီကင်းကို တိန်ရင်ချောင်နဲ့အတူ အထူးရထားနဲ့လိုက်ခဲ့ရပါတော့တယ်။ သူ့ကို ပီကင်းဘူတာမှာ မော်အပါ ပါတီထိပ်တန်းခေါင်းဆောင်တွေ ဆီးကြိုခဲ့ပါတယ်။

ဒီနောက် ၁၉၄၉ စက်တင်ဘာ (၂၉) ရက်နေ့မှာ ပထမဆုံးကျင်းပတဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံမှာ စုန်ချင်လင်ဟာ အသစ်ဖွဲ့စည်းတဲ့ တရုတ်အစိုးရရဲ့ ဒုဥက္ကဋ္ဌတယောက်ဖြစ်လာပါတယ်။ (ဒုသမ္မတ အဆင့်ပါ။) ၁၉၄၉ အောက်တိုဘာ (၁) ရက်နေ့ ထျန်အန်မင်ရင်ပြင်ထိပ်က တရုတ်ပြည်သစ်တည်ထောင်ကြောင်း မော်ကြေညာတဲ့အခါ စုန်ချင်လင်က မော်ရဲ့ဘေးနားမှာရပ်နေတာ တွေ့လိုက်ရပါတော့တယ်။

အဲဒီအချိန်ကစလို့ စုန်ချင်လင်ဟာ နိုင်ငံတော်အကြီးအကဲတယောက်အေနနဲ့ နိုင်ငံတော်အခမ်းအနားအမျိုးမျိုးမှာ မြင်တွေ့ရပါတယ်။ ပြည်လုံးကျွတ် အမျိုးသမီးသမဂွမှာ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခံရပြီးနောက် အမျိုးသမီးနဲ့ ကလေးသူငယ်များအရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက တရုတ်လူမျိုးများနဲ့ဆက်သွယ်ပြီး တရုတ်ပြည်သစ်ရဲ့သဘောထားတွေကို ရှင်းလင်းပြောကြားလုပ်ဆောင်မှုတွေလည်း ရှိပါတယ်။တရုတ်ပြည်သစ်တည်ဆောက်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာနဲ့ မဂဇင်းများလည်းထုတ်ဝေခဲ့ပါသေးတယ်။

တိုင်းပြည်တာဝန်တွေကို မနေမနားလုပ်ဆောင်ခဲ့ရင်း ၁၉၈၁ မေလ (၂၉) ရက် အသက် (၈၈) အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်ခင် (အလွန်နာမကျန်းဖြစ်လာစဉ်) ၁၉၈၁ မေလ (၁၅) ရက်နေ့မှာတရုတ်ကွန်မြူနစ်ပါတီဝင်အဖြစ် အသိအမှတ်ပြုပေးပြီး နိုင်ငံတော်ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် သတ်မှတ်လိုက်ပါတယ်။

တကယ်တော့ စုန်ချင်လင်ဟာ ၁၉၅ဝ ခုနှစ်များထဲက ကွန်မြူနစ်ပါတီဝင်ခွင့်လျှောက်ခဲ့တာပါ။ မော်က "ခင် ဗျားအနေနဲ့ ပါတီဝင်ဆိုတာထက် ပါတီပြင်ပက တိုင်းချစ်ပြည်ချစ်ပုဂွိုလ်ဆိုတဲ့အနေအထားက ပိုသင့်တော်ပါတယ်။ဒါမှ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ဆက်ဆံတဲ့အခါ ပိုလွတ်လပ်ပါတယ်" ဆိုခဲ့ပြီး ပါတီဝင်မပေးခဲ့ပါဘူး။ဒါပေမဲ့ ပါတီရဲ့လေးစားမှုကိုပြသတဲ့အနေနဲ့ ပါတီရဲ့ထိပ်ဆုံးခေါင်းဆောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ) အကြား အသိပေးသင့်တဲ့ကိစ္စတွေ၊ သူတို့အကြား လှည့်တဲ့သတင်းတွေ စတာတွေကို စုန့်ချင်လင်ဆီပို့ပေးခဲ့ပါတယ်။

ဒါ့အပြင် ကဗျာဆရာကြီးမော်က စုန့်ချင်လင်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့ စကားတရပ်ရှိပါသေးတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလက တပ်နီရဲဘော်လေးများဟာ အစစအရာရာစည်းစနစ်ကြီးတဲ့ စုန့်ချင်လင်ကို တော်လှန်ရေးမဆန်ဘူးဆိုပြီး ကြည့်မရဖြစ်လာတော့ မော်က ဒီလိုပြောပါတယ်။ "စုန်ချင်လင်ဟာ ကျီးကန်းအုပ်ထဲကဖောက်ထွက်လာတဲ့ ဥဒေါင်းပျိုလေး။ ဘယ်သူမှ ထိခွင့်မရှိဘူး" တဲ့။ 

ဟုတ်ပါတယ်။ ဒီဥဒေါင်းပျိုလေးဟာ အလွန်ကြီးမားတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကြီးနဲ့ တရုတ်ပြည်သစ်တည် ဆောက်ရေးမှာ သူ့ဘဝတလျှောက်ပုံအပ်ပြီး အတတ်နိုင်ဆုံးအကျိုးပြုသွားခဲ့ပါတယ်။ ဒါဟာလည်း မော်ရဲ့တပ်ပေါင်းစုပေါ်လစီအောင်မြင်မှု ဥပမာတရပ်သာဖြစ်ပါတော့တယ်။

လှကျော်ဇော
၂၂-၁၂-၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar