ဘီရုမာ - နိုင်ငံတကာအတွက် သီချင်းတပုဒ်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁
ဓမ္မက အဓမ္မကို အမြဲနိုင်တယ်ဆိုတာ မမှန်ဘူး။ ခွန်အားကြီးသူကသာ ငယ်သူကို နိုင်တာ။ ဒီဒွန်ဒရာကြီးကိုက ကြီးနိုင်ငယ်ညှင်းပဲ။
ကျနော်တို့ မြန်မာ့ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာတို့၊ UNတို့ဆိုတာ အင်အားကြီးနိုင်ငံတွေကသာ လက်ဝါးကြီး အုပ်ထားတယ် ဆိုတာ ပိုသိလာရတယ်။
ဒါကြောင့်လည်း ကျနော်တို့ ပြည်သူတွေက ဓမ္မဘက်ကို အဓမ္မထက် အင်အားကြီးလာအောင် တည်ဆောက်လာခဲ့ကြရတာပဲ။ အရွယ်ကြီးလာတာနဲ့အမျှ နိုင်ငံတကာက လေသံ တဖြည်းဖြည်း ပြောင်းလာတာလည်း မြင်ရ၊ ကြားကြရတယ်။ နိုင်ငံတိုင်းက အမှန်တရားဆိုတာထက် မိမိကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ကြပါသတဲ့။
ဖေဖော်ဝါရီလက စလို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ခေါင်းတွေချည်းပစ်ခဲ့တာကနေအစ၊ ရွာတွေကိုဝင်မွှေ၊ ရွာလုံးကျွတ်မီးရှို့တာအလယ်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်မှာ စစ်ကောင်စီက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေတာတွေ မျက်ဝါးထင်ထင် တွေ့မြင်လာရတာအဆုံး အမှန်တရားဖက်ကနေ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးတာမျိုးမရှိလို့ အဖက်ဖက်ကနေ ဝိုင်းတွန်းနေကြရတုန်း။
အရင်က အာစီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်ဖက်လုံးအကြမ်းမဖက်ကြပါနဲ့လို့ ဝါးလုံးချီးသုတ်ရမ်းခဲ့ရာကနေ အခုဆိုရင် စစ်ကိုင်းတိုင်းဒေသအနှံ့မှာဆို စစ်ကောင်စီက လေယာဥ်ပေါ်ကနေ ရပ်ရွာတွေထဲ အရပ်သားတွေကို လိုက်ပစ်နေတာမို့လို့ အရင်လို ၂ ဖက်လုံး တော်ကြပါဆိုပြီး ရောချလို့တော့ မရတော့ဘူးနော်။
ကရင်ပြည် လေးကေ့ကော်ကတိုက်ပွဲတွေမှာလည်း လေကြောင်းကနေ ရပ်ရွာတွေထဲ လိုက်ပစ်နေတာကို ထိုင်းဖက်ကနေ အထင်းသားမြင်တွေ့ရသလို၊ ဗီဒီယိုမှတ်တမ်းတွေလည်း ရှိနေပြီပဲ။ ဘယ်လောက်ထိ ရမ်းကားသလဲဆိုရင် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ထိုင်းဖက်ခြမ်းရောက်တဲ့အထိ လက်နက်ကြီးနဲ့လှမ်းထုလို့ ထိုင်းဖက်က ပြန်ကြိမ်းပြီး တားခဲ့ရတယ်။ ဒါတောင် နောက်နေ့ ကျည်ထပ်ကျလို့ ထိုင်းအိမ်တွေပါ ပျက်စီးကုန်တာလည်း အထင်အရှားကြီး။
ခရစ္စမတ်အကြိုနေ့က ကရင်နီပြည်၊ ဖရူဆိုမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၃၅ ဦးကို စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့မှုမှာ Save the Children ဝန်ထမ်း ၂ ဦးပါ ပါဝင်နေတာကို တရားဝင် အတည်ပြုလိုက်ပြီ။
ညှိနှိုင်းဖို့သွားတဲ့ (သူတို့ဖက်သားဖြစ်တဲ့) နယ်ခြားစောင့်တပ်သား ၄ ဦးကိုပါ ကြိုးတုတ်ပြီး ပစ်သတ်ခဲ့တာဟာ စစ်ကောင်စီက ဘယ်လောက်တောင် အကြမ်းဖက် ရမ်းကားနေသလဲဆိုတာ ပိုပေါ်လွင်နေတာပဲ။
ဒီကိစ္စကို စစ်ကောင်စီဖက်က ဇော်မဲလုံးကလည်း (PDF တွေပါလို့စွပ်စွဲတာက လွဲလို့) သူတို့လက်ချက်ဖြစ်ကြောင်း သတင်းဌာနတွေမှာ ဖြေထားတဲ့ သက်သေလည်း ခိုင်မာနေပြီ။
UN အမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက UN မှာ ဒီကိစ္စကို စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ တောင်းဆိုတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့တယ်။
အရပ်ဖက် အဖွဲ့အစည်း ၅၉ ဖွဲ့ကလည်း တောင်းဆိုတယ်။
AA ၊ MNDAA နှင့် TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကလည်း တောင်းဆိုတယ်။
အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကနေ အချက်၄ချက် တောင်းဆိုထုတ်ပြန်တယ်။
ပိတ်ထားတဲ့နားတွေက အကုန်လုံးအော်ပြောမှ ကြားမှာပါ🎶 ဆိုတဲ့သီချင်းက မအလအတွက်မဟုတ်ပဲ UN နဲ့ နိုင်ငံတကာအတွက် ဆိုထားတာပဲ ဖြစ်မယ်။ ဒါကြောင့်လည်း အင်္ဂလိပ်ဗားရှင်းနဲ့ ထပ်ထွက်လာတာနေမှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar