Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁

◾️ အိုမီခရွန်၊ နှစ်သစ်ကူးနဲ့ သေနတ်သံ ဗုံးသံတွေနဲ့ စစ်မြေပြင်ဖြစ်သွားတဲ့ မြန်မာနိုင်ငံ
နိုင်ငံတကာမှာ ကူးစက်မှုအရေအတွက်မြင့်တက်စေတဲ့ အိုမီခရွန်လို့ခေါ်တဲ့ ကိုဗစ်မျိုးကွဲဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း ရောက်လာပြီဖြစ်ပါတယ်။ ရောဂါလက္ခဏာ မပြင်းထန်ပေမယ့်လည်း ကူးစက်မှုနှုန်းထားက အရင်ဗိုင်းရပ်စ်တွေထက် အဆများစွာများပြားတာကြောင့် ကူးစက်ခံရသူ အရေအတွက်အားဖြင့် အလွန်အမင်းများပြားစေတဲ့ ပိုးမျိုးကွဲဖြစ်ပါတယ်။ 

ဥရောပနိုင်ငံတွေမှာ တရက်ကို ကူးစက်ခံရသူ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိလာနေပြီး ကိုဗစ်ဗိုင်းရပ်စ်အတွက် ရေခံမြေခံကောင်းမယ့် ဆောင်းရာသီလည်းဝင်လာချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဇွန်လကနေ စက်တင်ဘာလဆန်းလောက်ထိ တနိုင်ငံလုံးအနှံ့အပြား ဒယ်လ်တာမျိုးကွဲကူးစက်မှုခံရပြီး လူသောင်းနဲ့ချီသေဆုံးခဲ့ပြီး သန်းနဲ့ချီကူးစက်ခံခဲ့ရတယ်လို့ ခန့်မှန်းရပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခအရှိန်မြင့်လာချိန် လူအများစုအနေနဲ့ အလုပ်အကိုင်ဆုံးရှုံး ဝင်ငွေကျဆင်းနေချိန်မှာ ကူးစက်ရောဂါကျရောက်တာကြောင့် ထိခိုက်သင့်တာထက်ပိုပြီး ထိခိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုအိုမီခရွန် စတင်ကူးစက်ရောက်ရှိလာချိန်ဟာလည်း ပြီးခဲ့တဲ့ ၆ လဝန်းကျင်က အခြေအနေမျိုးနဲ့မကွာခြားသလို အချို့သောဒေသတွေမှာ အရင်ကထက် လက်နက်ကိုင် တိုက်ခိုက်မှုတွေ တင်းမာမှုတွေ လမ်းပန်းဆက်သွယ်ရေး မလုံခြုံတာတွေ ပိုမိုဆိုးရွားနေတာလည်း ဖြစ်ပါတယ်။ 

ဆေးရုံဆေးခန်း ကုသရေးစနစ်လည်း စစ်အာဏာမသိမ်းမီက အခြေအနေမျိုးပြန်မရောက်သေးသလို အုပ်ချုပ်နေတဲ့ စစ်ကောင်စီကိုလည်းလူအများစုက ယုံကြည်မှုမရှိသလို ပူးပေါင်းဆောင်ရွက်မှုလည်း မလုပ်ကြပါဘူး။ ဒီအခြေအနေတွေအောက်မှာ အိုမီခရွန်ကူးစက်မှု ကျယ်ပြန့်လာခဲ့ရင်တော့ လူတွေရဲ့ အသက်တွေပိုအန္တရာယ်နဲ့နီးစေမှာ ဖြစ်သလို ဆင်းရဲမွဲတေမှုကိုလည်း ပိုပြီးအရှိန်မြင့်စေမယ့်သဘော ရှိနေပါတယ်။ 

အခုလို အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အဖြစ်မကြာခင်က ခန့်အပ်ခံခဲ့ရသူ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာက နှစ်သစ်ကူးအခါသမယမှာ လက်နက်ကိုင်တိုက်ပွဲတွေ အပစ်ရပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

ကုလအထူးကိုယ်စားလှယ်က ကိုဗစ်အန္တရာယ်ကိုလည်း ရည်ညွှန်းထားသလို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေနိုင်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းကြဖို့လည်း ထုတ်ပြန်ချက်ထဲ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ လက်ရှိ ကုလအထူးကိုယ်စားလှယ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူ့အရင် သက်တမ်းကာလပြည့်လို့ တာဝန်ပြီးဆုံးသွားတဲ့ ခရစ်စတင်းဘာဂူနာ နေရာမှာ တာဝန်ပေးခန့်အပ်ခံရတာ ဖြစ်ပါတယ်။ 

ခရစ်စတင်းဘာဂူနာနဲ့ စစ်ကောင်စီ ဒုဥက္ကဌဖြစ်သူနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗီဒီယိုကွန်ဖရင့်စ်ကနေ တကြိမ်မက ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကိုယ်စားပြုနေရာ ကိစ္စဆုံးဖြတ်မှုတွေ နောက်ပိုင်းကာလတွေမှာ ဆွေးနွေးမှုမရှိတော့တာ ဖြစ်ပါတယ်။ ခုလ ၂၀ ရက်နေ့မှာ ကုလအထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ရုံးခန်းကို ဆက်ဖွင့်ခွင့်မရှိတော့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီနေ့သတင်းတွေထဲ အခြားသတင်းတပုဒ်က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်တာခံခဲ့ကြရတဲ့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးက ၃၅ ဦးသော အရပ်သားတွေ သေဆုံးမှုထဲမှာ နိုင်ငံတကာ အန်ဂျီအို Save the Children က မြန်မာနိုင်ငံသား ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့တာကို အတည်ပြုပြောကြားလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတည်းက အဆိုပါဝန်ထမ်း ၂ ဦးစီးနင်းသွားတဲ့ကားဟာ မီးရှို့ခံထားရတယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ကြေကွဲဖွယ်ဖြစ်ရပ်ထဲ အသက်ဆုံးရှုံးတာ ဟုတ် မဟုတ် အတည်ပြုဖို့ကြိုးစားနေခဲ့ရာက အခု တော့အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့မှာပဲ ပြီးခဲ့တဲ့ ခရစ်စမတ်မတိုင်မီ ၂ ရက်က စိန့်မေရီဘုရားကျောင်းမှာ ကာဒီနယ်လ်ချားစ်ဘိုက တပ်ချုပ်မင်းအောင်လှိုင်ကိုလက်ခံတွေ့ဆုံခဲ့ပြီး လူအများရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကာဒီနယ်လ်ချားစ်ဘိုက ဖရူဆိုဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အရပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချတဲ့ထုတ်ပြန်ချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စစ်မြေပြင် အဖြစ်ကျရောက်သွားပြီလို့ ထုတ်ပြန်ချက်ထဲမှာ သုံးနှုန်းထားသလို တပ်မတော်အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်၊ ဘုရားကျောင်းနဲ့ ဆေးခန်းတွေကို ဖျက်ဆီးတာတွေ အမြန်ဆုံးရပ်တန့်ဖို့လည်း တောင်းဆိုလိုက်တဲ့အကြောင်း ကာဒီနယ်လ်ရဲ့ ချက်ထဲဖေါ်ပြထားပါတယ်။ 

ဒီသတင်းတွေပြီးတဲ့နောက်မှာတော့ နောက်ဆုံး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတပုဒ်က မြန်မာ့အရေးကိုလည်း ထည့်သွင်းဖေါ်ပြပါရှိတဲ့ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေကို သမ္မတ ဘိုင်ဒင်က လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီဥပဒေက အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင် ခွင့်ကို လွှတ်တော်ကအဆိုပြုပြီး သမ္မတက အတည်ပြုလက်မှတ်ရေးထိုးခဲ့တာပါ။ အခုနှစ်မှာတော့ မြန်မာ့အရေးက အမေရိကန် ရဲ့ ကမ္ဘာနဲ့ ဆိုင်တဲ့ မဟာဗျူဟာမှာ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်နေတဲ့သဘော ဖေါ်ပြထားပြီးအဲဒီအတွက် လုပ်ပိုင်ခွင့် သုံးစွဲပိုင်ခွင့် ဘတ်ဂျက်တွေ ပါရှိတဲ့သဘောလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ရဲ့ ပါဝင်စွက်ဖက်မှု အလားအလာအပေါ်မူတည်ပြီး အမေရိကန်က ဆောင်ရွက်ပိုင်ခွင့်ကို ထည့်သွင်းထားတဲ့ သဘောဖြစ်တယ်လို့လည်း နားလည်ရပါတယ်။ ဒီဥပဒေကြောင့် မြန်မာ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ အမေရိကန်က ပါဝင်ကူညီမယ်မကူညီဘူးဆိုတဲ့ တိပတဲ့ အဓိပ္ပါယ်ကောက်ယူမှုမျိုးတော့ ကောက်ယူလို့မရပေမယ့် လက်ရှိမြန်မာ့အရေးကို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအရ လိုအပ်ရင် လုပ်ပိုင်ခွင့်ပေးထားတဲ့သဘောလို့ ယေဘုယျဆိုရမယ် ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar