မိုးဦးဆွေညိန်း - မန္တလေးက ပန်းချီဆရာလေး တက်တူးဆရာလေး လှိုင်းညီ သို့မဟုတ် ..............
သို့မဟုတ် ..............
မိုးဦးဆွေညိန်း
(မိုးမခ)ဒီဇင်ဘာ ၁၆၊ ၂၀၂၁
ဧပြီလဆန်းတွင် ကမာရွတ်မီဒီယာက ကိုဟန်သာညိန်း၏စွမ်းဆောင်နိုင်မှုဖြင့် ညနေ ၂ နာရီခွဲဝန်းကျင်၌သတင်းစာဖတ်ခွင့်ရသည်။ ရှေ့ပိုင်းရက်တွေတုန်းက ရက်ကျော်သတင်းစာကို ကံကောင်းထောက်မစွာ ဝေ့ဝဲရောက်ရှိလာမှဖတ်ရပါသည်။ အကြောင်းတိုက်ဆိုင်စွာ မတ်လ ၂၈ ရက်ထုတ်ကြေးမုံသတင်း စာတစောင် ကျနော်တို့အခန်းထဲသို့ ရောက်နေ၍ဖတ်မိပြီး တာမွေမှာဖမ်းမိသူနှစ်ယောက်၏သတင်းကို အမှတ်ထင်ထင်ဖြစ်ထားမိသည်။
လူသစ်များထပ်ရောက်လာသည့်တနေ့တွင် ကျနော်တို့အခန်းသို့ ထိုနှစ်ယောက်ရောက်လာသည်။ တယောက်က ဖြူဖြူသန့်သန့်တည်ကြည်လေးနက်သည့်အမူအရာရှိသည်။ သင်္ဘောသားဟုသိရသည်။ သူ့တွင် ဘာဒဏ်ရာဒဏ်ချက်မှမရှိပါ။ သူတို့နှစ်ယောက်က နွေဦးတော်လှန်ရေးကာလတွင်း၌တွေ့ဆုံရင်းနှီးခဲ့ကြပြီး အမှုတွဲဖြစ်ခဲ့ရခြင်း ဖြစ်၏။
တစယောက်က နှုတ်ခမ်းမွေးနှင့် ဆံပင်ကုပ်ထောက်မျှရှည်ပြီး ဖရိုဖရဲပုံပေါက်နေ၏။ ပစ်ခတ်ဖမ်းဆီးခံရစဥ်က ရခဲ့သည့်သေနတ်ဒဏ်ရာကြောင့် သူ့ခြေထောက်တဖက်မှာ ထော့နဲ့နေသည်သာမက မျက်နှာတွင်လည်းထိုးကြိတ်ခံထားရသဖြင့် သပြေသီးမှည့်နေ၏။ ဒဏ်ရာများကြောင့် မလှုပ်ယှက်နိုင်ဘဲငြိမ်ကုပ်နေရဟန်တူပါသည်။ ဒဏ်ရာများတဖြည်းဖြည်းပျောက်ကင်းသက်သာလာသည်နှင့် သူ့ပင်ကိုစရိုက်ကပေါ်လာတော့၏။ သူသည် အသက် ၂၉ နှစ်ရှိ လူရွယ်ပီပီ လွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး ပွင့်ပွင့်လင်းလင်းစရိုက်ဖြင့် လူတိုင်းနှင့်ဖက်လှဲတကင်းနေတတ်သူတယောက် ဖြစ်သည်။
သို့ကလို ခပ်မိုက်မိုက်ပုံစံကြောင့်လည်း စော်တွေခိုက်တာဖြစ်ပေမည်။ သူ့ရုပ်ရည်မှာ ကျနော်ငယ်စဥ်ကဖတ်ရှုခဲ့ဖူးသည့်ရုပ်ပြထဲက ခပ်မိုက်မိုက်ဇာတ်ကောင် "ပိုက်" နှင့်ပင်တူနေသေးတော့၏။ ပိုက်ဆိုသည်မှာ တချိန်က နာမည်ထင်ရှားစ မင်းသားကျော်ဟိန်းနှင့် သွားလာလှုပ်ရှားပုံစရိုက်ကအစတူအောင် တုပရေးဆွဲထားသည့် ပန်းချီညိုဝင်းဖေ၏ဇာတ်ကောင် ဖြစ်သည်။
တညသားမှာ သူ ကျနော့်နားလာထိုင်ပြီး သူ့အကြောင်းတွေ ရင်ဖွင့်ချင်ကြောင်းပြောလာပါသည်။ ကျနော်ကလည်း ကြီးကြီးငယ်ငယ် မည်သူ့ကိုမဆို ဖေး မကာ အားပေးစကားပြောတတ်၊ ရင်ဖွင့်လာလျှင်လည်း ပုဏ္ဏားတိုင်ကဲ့သို့ပြုတတ်သူဖြစ်လေတော့ သူ့ရင်ဖွင့်သံကိုလိုလိုလားလားနားထောင်ပေးခဲ့ပါသည်။
"ကျနော်က ပန်းချီအနုပညာအလုပ်နဲ့တက်တူးထိုးတဲ့အလုပ်နဲ့ပဲအသက်မွေးရင်း မန္တလေးမှာနေထိုင်တယ်။ ပန်းချီပညာကတော့ ကျနော့်အဖေဆီက အမွေရတာ၊ အဖေကလည်း ပန်းချီဆရာတယောက်ပဲ။ နောက် ကျနော်က ပရဟိတအလုပ်တွေလုပ်ရတာမျိုးလည်း ဝါသနာပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်ချိန်မှာ ကျနော်လည်း အချိန်ပြည့်ဗော်လံတီယာတယောက်ဖြစ်ခဲ့တယ်"
ပန်းချီဆရာလေးသည် တစုံတခုကိုနင့်နင့်သည်းသည်းခံစားလာရဟန်ရှိကာ မျက်ဝန်း၌သီဝေ့လာသော မျက်ရည်စတချို့ကို မျက်တောင်ဖြင့်ပုတ်ခတ်ပြီး သိမ်းဆည်းလိုက်၏။
"ကျနော့်ဘဝမှာ ထူးခြားစွာဖြစ်ခဲ့တဲ့အပြောင်းအလဲတိုင်းဟာ ဘယ်တုန်းကမှ ကြိုတင်ကြံစည်ထားတာမျိုးမရှိခဲ့ဖူးဘူး။ အခုတတိုင်းပြည်လုံးမှာ ဖြစ်နေတဲ့ နွေဦးတော်လှန်ရေးမှာလဲ ကျနော့်ရဲ့ မခံချင်စိတ်တစ်ခုတည်းနဲ့ပဲ ကိုယ့်ဒေသမဟုတ်တဲ့ ရန်ကုန်လိုနေရာမျိုးမှာ ခရီးသွားဟန်လွှဲဆိုသလို တက်တက်ကြွကြွ ဝင်ပါဖြစ်ရင်း ဆိုးဆိုးရွားရွားအဖမ်းခံရပြီး အခုလိုအင်းစိန်ထောင်ထဲ ရောက်ခဲ့ရတာပါ"
"အဖမ်းခံစဥ်အချိန်တုန်းက ကျနော့်ကို သေလူလို့ပဲ အတော်များများက တွက်ထားကြတာ"
ဟုတ်၏။ သင်္ကြန်ပြီးစမှာ အင်းစိန်သီးသန့်ထောင် တိုက် ၁၂ ကို ၅၀၅(က)နှင့်ရောက်လာသည့် မိတ်ကပ်အနုပညာရှင် မေဦးမောင်ရောက်လာစဥ် ခဏ တဖြုတ်စကားပြောဖြစ်တုန်းက "ငါမှာဖြင့် အဲဒီတာမွေဗွီဒီယိုဖိုင်ကြည့်ပြီး အရမ်းပဲသနားနေတာ၊ နင် သေပြီလို့ပဲထင်ထားတာ တော်သေးတာပေါ့ဟယ်" ဟု ပြောသည့်စကားကြားခဲ့ရသည်ကိုလည်း သတိရမိ၏။
စစ်တပ်က အာဏာမသိမ်းခင် ၁၀ ရက်ဝန်းကျင်ကမှ ပန်းချီအပ်ထည်အလုပ်တခုဖြင့် ပုသိမ်မြို့သို့သွားရောက်ခဲ့ပြီး မန္တလေးအပြန် ရန်ကုန်မြို့၌ ခေတ္တဝင်နားသည့်အခိုက် အာဏာသိမ်းမှုနှင့်ကြုံခဲ့ကာ သောင်တင်ခဲ့ရခြင်းဖြစ်သည်။ မန္တလေးမှပုသိမ်အသွားအပြန်ခရီးကို ဆိုင်ကယ်နှင့်နှင်ခဲ့ခြင်းဖြစ်၏။ ဆိုင်ကယ်ခရေဇီတစ်ယောက် ဖြစ်သောကြောင့်သာလျှင် မိုင် ၅၀၀ ဝန်းကျင်ခရီးကို သွားနိုင်ခြင်းဖြစ်ပေလိမ့်မည်။
လှုပ်လှုပ်ခတ်ခတ်သူ့ဘဝဇာတ်လမ်း၌စော်ကြည်ခဲ့ပုံတွေလည်း စိတ်ဝင်စားဖွယ်ရာ များစွာပါခဲ့ပါ၏။
======================
"ကျနော်ပန်းချီရေးချင်ပြီဆိုရင် ခံစားချက်မုဒ်တခုခုရဖို့အတွက် လက်ရှိအဆင်တပြေဖြစ်နေတဲ့ ရည်းစားကိုတောင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ သစ်စိမ်းချိုးချိုးသလို ဆတ်ခနဲဖြတ်ပစ်တတ်တယ်။ ပြီးရင် ကိုယ့်ဘာသာကိုယ် တကိုယ်တည်းအသည်းကွဲနေလိုက်တယ်။ အဲဒီလို အသည်းကွဲနေတဲ့ ခံစားချက်ကြီး'ခု' ပြီး ပန်းချီကားတွေရေးတယ်ပေါ့။ ဗန်းဂိုးတို့လိုစိတ်မျိုး ဖြစ်တာလို့ ပြောချင်ရင်ပြောလို့ရမယ်ထင်တယ်။ ခံစားချက်တွေ မွတ်သိပ်လာရင် တနေရာရာကို ထွက်ပြေးချင်လာတယ်"
ဗန်ဂိုးဆို၍ သူ့ညာဘက်မောင်းတွင်တက်တူးထိုးထားသည့် ဗန်ဂိုးပုံကိုသတိရမိပါသေးသည်။ သူ့ခန္ဓာကိုယ်မှာ အခြားသောရုပ်ပုံတက်တူးတွေ တော်တော်များများထိုးထားသည်။
"ကျနော်ရဲ့စော်ကြည်ပုံအကြောင်းတွေ ပြောပြချင်သေးတယ်။ ဘယ်လိုဓာတ်လဲကျနော်လဲမသိဘူး။ ကိုဗစ်ကာလ ဗော်လံတီယာလုပ်ရင်း ဆရာဝန်မလေးနဲ့လည်း စွံခဲ့တာပဲ။ အာဏာသိမ်းမှုမဖြစ်ခင်လေးပဲ အွန်လိုင်းပေါ်ကနေ နေပြည်တော်မှာနေတဲ့တယောက်နဲ့ငြိလိုက်သေးတယ်။ နောက် ကျနော်နွေဦးတော်လှန်ရေးထဲမှာဝင်ပါနေမှန်းသိသွားတော့ အဆက်ဖြတ်သွားတယ်။ သူငယ်ချင်းနှစ်ယောက်လုံးနဲ့ပြိုင်ပြီးတော့လည်း ဖြစ်ဖူးသေးတယ်"
ပုသိမ်တွင်ပန်းချီသွားရေးပြီးအပြန် ရန်ကုန်၌ဝင်တည်းခိုသည့် အိမ်ကတယောက်နှင့်လည်း ရည်းစားဖြစ်လိုက်သေးသည်။ အဖမ်းခံရချိန်ထိ နောက်ဆုံးရည်းစားဟု ဆိုရပါမည်။
"အနုပညာအလုပ်မှာလည်း ပန်းချီအပြင် သရုပ်ဆောင်လုပ်ဖို့တွေဘာတွေကြိုးစားခဲ့ဖူးသေးတယ်။ ဆာတိုရီကတင်တဲ့ မင်းသားဒေါင်းမတိုင်ခင်မီ သရုပ်အသစ်ခေါ်တုန်းက ကျနော်ဝင်လျှောက်တာအရွေးခံရဖူးတယ်။ တကယ်တမ်းလုပ်ရမယ်ဆိုတဲ့အခါကျတော့ ကျနော်အနေနဲ့သရုပ်ဆောင်အလုပ်ကို ဝါသနာအပါလှချည့်မဟုတ်လို့ ထပ်မဆက်သွယ်ဖြစ်ဘဲ တခန်းရပ်သွားတယ်"
"ညီလေးရာ မင်းသာ ရုပ်ရှင်မင်းသားဖြစ်ရင်တော့လား စော်ကြည်တဲ့နေရာမှာ မောင်မောင်တာတို့၊ ကျော်ဆွေတို့ထက်သာမှာကတော့ သေချာတယ်" လို့ ပန်းချီဆရာလေးကို ကျနော်ကမှတ်ချက်ပြုကာ ရယ်ဖွယ်ဖွဲ့လိုက်မိပါသေးသည်။
=======================
သူတို့အမှုတွဲနှစ်ယောက်ကို တပ်ထားသည့် ပုဒ်မက ၅၀၅-ကနှင့် ၃/၅ နှစ်ခုဖြစ်သည်။ အမှုစစွဲစဥ်က ပုဒ်မနှစ်ခုဖြစ်သော်လည်း ဒုတိယအကြိမ်ရုံးချိန်း၌ ပုဒ်မ ၃/၅ ကို ဆိုင်းငံ့လုပ်လိုက်ကြောင် သိရသည်။
မေလဆန်းမှာ ကျနော်တို့တခန်းလုံးအဆောင်ပြောင်းခံရတော့ ပန်းချီဆရာလေးနှင့်ကျနော် အခန်းကွဲသွားသည်။ သူရောက်သွားသည့်အခန်း၌ သူကဲ့သို့ တက်တူးထိုး၊ ပန်းချီရေးသည့်ကိုစိုင်းဆိုသူနှင့် တွေ့ကာ အဖွဲ့ကျသွားပြီး စွပ်ကျယ်အင်္ကျီဖြူပေါ်မှာ မင်ခြစ်ပန်းချီရေးကြသည့်အလုပ်သည် ထောင်ထဲကဖက်ရှင်တခုလို ဖြစ်ခဲ့ကြပါသည်။ ဒါက ကိုစိုင်းလက်ရာ၊ ဒါက လှိုင်းညီလက်ရာ၊ ဒါက ညီငယ့်လက်ရာ..စသဖြင့် ခွဲခြားကြည့်ရတာကလည်း ပြင်ပပန်းချီပြပွဲတွေမှာမရနိုင်သည့် ခံစားမှုတခုပင် ဖြစ်ရပါသည်။ မင်ခြစ်ပန်းချီရေးခကတော့ ကွမ်းယာ၊ သို့မဟုတ် ကော်ဖီမစ်ထုပ် တခုခုသာလျှင် ဖြစ်ပါ၏။
ကျနော့်အခန်းကို အဆောင်ဖွင့်ချိန်များမှာ သူသည် ရောက်ရောက်လာတတ်ပါသည်။ ရုံးချိန်းသွားရသည့်တရက်တွင် ပန်းချီဆရာလေးသည် ကြေကြေကွဲကွဲဖြင့်ပြန်လာကြောင်း သတင်းကြားရသည်။ အကြောင်းသိရအောင် အောက်ထပ်သို့ဆင်းကာ ပန်းချီဆရာလေးကို သတင်းမေးဖြစ်သည်။ ကျနော်ထင်ထားသည်က အမှုအကြောင်းတခုခု ထူးတာကြောင့်ဟု ယူဆမိသည်။ ကျနော့်မှာ ငိုအားထက်ရယ်အားသန်ဆိုသကဲ့သို့ ဖြစ်ခဲ့ရသည်။ ရုံးချိန်းထွက်ရသည့်အခါမျိုးမှာ ရှေ့နေတွေကတဆင့် ကိုယ့်မိသားစု..စသည်တို့ထံ တရားဝင်မဟုတ်သည့်ဖုန်းဆက်ခိုင်းတာ၊ စာပေးစာယူလုပ်တာ.. စသဖြင့် အစောင့် ဝန် ထမ်းတွေမသိအောင် သိုဝှက်ကာအဆက်အသွယ်လုပ်၍ ရကြသည်။ စော်ကြည်ဘဲ (SKB) ပန်းချီဆရာလေးဖြစ်ရပုံမှာ သူ့ရှေ့နေက ရန်ကုန်ရည်းစားနှင့် မန္တလေးရည်းစားကိုလွဲမှားပြီး ဆက်သွယ်ပေးမိသည်။ ထိုအမှားကြောင့် ပန်းချီဆရာလေးမှာ ကြေကွဲနေရခြင်း ဖြစ်ပါ၏။
ဇွန်လတွင်း၌ ဆိုင်းငံ့ပြုလုပ်ထားသည့် ထပ်တိုးပုဒ်မများကိုပြန်လည်အတပ်ခံရသည်။ ပန်းချီဆရာလေးတို့အမှုတွဲနှစ်ယောက်လည်း ပုဒ်မ ၃/၅ ပေါက်ကွဲစေတတ်သည့်လက်နက်မှုအတွက် ခရိုင်ရုံးသို့ထွက်ကာ အမှုရင်ဆိုင်ရသည်။
ကျနော့်ကို ရင်ဖွင့်စကားပြောကြားစဥ်တုန်းက "ကျနော် အပြင်ပြန်ရောက်ရင် နိုင်ငံရေးကို အခုထက်ပိုသိအောင် ကြိုးစားမယ်၊ စာအုပ်တွေလည်း ဖတ်မယ်" လို့ပြောရင်း လှုပ်ရှားတက်ကြွကာ စိုလက်တောက်ပလာသည့်ပန်းချီဆရာလေး၏ မျက်ဝန်းတွေကို ကျနော် သတိရနေမိပါသေးသည်။ ရောက်ရာအရပ်မှာ SKB ဖြစ်နေသည့် ပန်းချီဆရာလေး၏သုံးပွင့်ဆိုင်ဇာတ်လမ်းမှသည် လေးပွင့်ဇာတ်လမ်းထိ ဖြစ်နိုင်ဖွယ်ရာအလားအလာကို တွေးမြင်မိပြီးလည်း ကျနော့်မှာ ပြုံးတုံ့တုံ့ဖြစ်မိပါသည်။
မိုးဦးဆွေညိန်း
(ထောင်ထဲကမောင်မဲရဲ့ ဒိုင်ယာရီမှ...)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar