Breaking News

အောင်သူငြိမ်း - လူကြမ်းတွေလဲရင် ကြိုက်လား

အောင်သူငြိမ်း - လူကြမ်းတွေလဲရင် ကြိုက်လား
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၁

တလောက The Economist စာစောင်မှာ ဖတ်ရတဲ့ဆောင်းပါးတပုဒ်ဟာ သဘောကျစရာကောင်းတယ်။ “As America retreat, regional rouges are on the rise” (Nov 27th Edition) "အမေရိကန်က နောက်ဆုတ်လိုက်တဲ့အခါ ဒေသဆိုင်ရာ လူဆိုးတွေ ဂြိုဟ်ထောင်လာကြတယ်" လို့ နာမည်ပေးထားတယ်။ ပြောရရင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ တခုတည်းသော ဝင်ရိုးစွန်း အင်အားကြီးနိုင်ငံတခု (unipolar power) အဖြစ် ရှိနေခဲ့တယ်။ ကျန်နိုင်ငံအပေါင်းက ခန့်ညားနေတယ်လို့ ဆိုရလိမ့်မယ်။

ဒါပေမယ့် မကြာသေးခင်က အာဖဂန်နစ္စတန်ကဆုတ်ခွာရတဲ့ကိစ္စဟာ အမေရိကန်အတွက် အတော်မျက်နှာပျက်ရတဲ့ကိစ္စ၊ အမေရိကန် အာဏာအတွက် ကျချိန်လို့လည်း သုံးသပ်ကြတယ်။ [ဒါပေမယ့် စစ်အင်အား၊ ဓနအင်အားအရ အမေရိကန်က ဗိုလ်ဖြစ်နေတုန်းပါပဲ။] တခုတည်းသောပြဿနာက အမေရိကန်ပြည်တွင်းရေးပါ။ ဒီမိုကရက်- ရီပတ်ဘလစ်ကင်တို့အကြား အကွဲအပြဲက အတော်ညှိဖို့ခက်မယ်။ သမ္မတ ထရမ့်အဆင်းမှာ ကွန်ဂရက်လွှတ်တော်ကို လူအုပ်နဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့ကြတဲ့ ကိစ္စက အတော်မျက်နှာပျက်စရာ။ ဒီလိုနဲ့ အမေရိကန်က ပြည်တွင်းရေးဖက်ကိုပဲ ပြန်ဦးလှည့်စရာဖြစ်လာတယ်။ သမ္မတအသစ် ဂျိုးဘိုင်ဒင်အဖို့ သူ့ကို စစ်ပွဲဦးဆောင်တဲ့ သမ္မတအစား၊ “ငြိမ်းချမ်းရေး” တည်ဆောက်တဲ့သမ္မတအဖြစ် မြင်စေလိုတယ်။ အရင် ဝင်ရောက်စွက်ဖက်ခဲ့တဲ့ နိုင်ငံတကာစစ်ပွဲများရဲ့အကျိုးဆက်ကြောင့် နောက်တခါ “သူများ ပြည်တွင်းရေးကို စစ်ရေးနဲ့ ဝင်ရောက်မစွက်ဖက်ရေး” (intervention) ကိစ္စဟာ ပါတီ ၂ ခုလုံး (ဒီမိုကရက်- ရီပတ်ဘလစ်ကင်တို့အကြား) ညှိမထားဘဲ သဘောတူနေကြတဲ့ကိစ္စ (bipartisan) လို့တောင် ပြောလို့ရတယ်။ ခန့်မှန်းရတာ လာမယ့်ဆယ်စုနှစ်တခုလောက်အထိ အနည်းဆုံး ပြည်ပရေးရာတွေမှာ အမေရိကန်က စစ်ရေးအရ ဝင်ရောက်မစွက်ဖက်ဘဲ လက်ရှောင်နေမယ် ယူဆရတယ်။ 

◾️ ကြောင်မရှိ ကြွက်ထ
The Economist က ဆောင်းပါးမှာ အစပျိုးထားတာကတော့ အခုစစ်ဖြစ်နေတဲ့ အီသီယိုပီးယားကို USAID အမေရိကန်ရဲ့ အကူအညီပေးရေးအဖွဲ့ကြီးရဲ့အကြီးအကဲ ရောက်လာတယ်။ သမ္မတနဲ့ တွေ့ခွင့်တောင်းတာ မရဘူး။ အဲဒီအချိန်မှာ အီသီယိုပီးယားသမ္မတက ဘာလုပ်နေသလဲဆိုတော့ အီရန်က လာရောင်းတဲ့ဒရုန်းတွေ ပြသတာ သွားကြည့်နေတယ်။ မခန့်တာ။ အခုလို အမေရိကန်အကျလို့ ယူဆနေတဲ့ကာလမှာ တရုတ်၊ ရုရှားတို့က သူတို့ဩဇာ အာဏာချဲ့ထွင်နိုင်ဖို့ ကြိုးစားနေကြတာ အံ့ဩစရာကိစ္စတော့ မဟုတ်ပါဘူး။ အလားတူ အလယ် အလတ်ဆိုဒ် နိုင်ငံတွေလို့ယူဆနိုင်တဲ့ ဘယ်လာရုစ်၊ ကျူးဘား၊ အီဂျစ်၊ အီရန်၊ ပါကစ္စတန်၊ တူရကီ၊ ဆော်ဒီ အာရေဗျတို့တောင် မခန့်ညားဘူးဖြစ်လာကြတယ်။ အရေးကိစ္စပေါင်းစုံမှာ ပိုရှုပ်ထွေးအောင် လုပ်နိုင်စွမ်းရှိလာကြတယ်။ 

အရင် အမေရိကန်သမ္မတတွေတုန်းက ကမ္ဘာ့ပုလိပ်ကြီးအဖြစ် ကိစ္စပေါင်းစုံပါတယ်။ ဒါပေမယ့် သူ့ရန်သူ၊ သူ့ကို မခန့်လေးစားလုပ်သူ မရှိရလေအောင် အဟန့်ပြုထားနိုင်စွမ်းရှိကြတယ်။ သမ္မတအိုဘားမားတုန်းက ဓာတုလက်နက်အသုံးပြုတဲ့ကိစ္စဟာ ဒါ “အနီရောင်စည်း” (Red line) ကို ဖြတ်တာပဲလို့ စည်းတားခဲ့တယ်။ ဒါပေမယ့် ဆီးရီးယားမှာ ဘာရှာ အယ်လ် အာဆတ်ဒ်က သုံးတော့လည်း ဘာမှထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။ သမ္မတဘိုင်ဒင်ကတော့ အာဖဂန်ကဆုတ်ရတာဟာ တရုတ်ကို အလေးပေးနိုင်ဖို့လို့ လူသိရှင်ကြား ပြောတယ်။ ကြားထဲမှာ ကျန်နိုင်ငံတွေအဖို့ ဘယ်လိုပလေးရမယ်၊ ဘယ်လောက်အတိုင်းအတာ သူတို့ကြွက်သားကို ညှစ်ပြဖို့ အခြေအနေရောက်ပြီဆိုတာ သိတဲ့အတိုင်း ထကြွလာကြတော့တာပါပဲ။ အမေရိကန်က နောက်ဆုတ်လိုက်တဲ့အခါမှာ ဒေသဆိုင်ရာ လူကြမ်း၊ လူဆိုးတွေ ထကြွတော့တာပါပဲ။ 

◾️ ပြောချင်တာ ယူကရိန်းအရေး
ကျနော်တို့ မြန်မာပြည်အရေးဟာ ကမ္ဘာ့ မီဒီယာတွေမှာ အချိန်ပြည့် နေရာမယူ ထားနိုင်ဘူး။ နိုင်ငံတကာ အာရုံစိုက်တဲ့၊ သူထက်သူ ပိုအရေး ကြီးတဲ့ကိစ္စတွေ ပေါ်ထွက်လာရတဲ့အခါ ဆုတ်ပေးရတာပါပဲ။  

အခု ယူကရိန်း-ရုရှား အကြပ်အတည်းက ထိပ်တန်းကိုရောက်လာတဲ့ သတင်းတပုဒ်ပဲ။ ရုရှားတပ်တွေ ယူကရိန်းနယ်စပ်မှာ အမြောက်အ များချထားရာကနေ ခုအကျပ်အတည်း စလာတယ်။ ယူကရိန်းကို အင်အားနဲ ဝင်သိမ်းပိုက်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုလည်း ရှိလာခဲ့တယ်။ ယူကရိန်း- ရုရှားပဋိပက္ခက အတော်ကြာခဲ့ပြီ။ ၇ နှစ်ပတ်ဝန်းကျင်ကို ရောက်လာခဲ့ပြီ။ ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်၊ ဖေ-မတ်လမှာ ဝင်သိမ်းပိုက်ခဲ့တဲ့ ပြဿနာကလည်း ရှိသေးတယ်။ အခုပြဿနာက အနောက်အင်အားကြီးအာဏာတွေနဲ့ ရုရှားတို့အကြား ပထဝီနိုင်ငံရေး အာဏာပြိုင်မှုတဆင့်မြင့်လာတာလို့ ပြောလို့ရတယ်။ အခြေခံကတော့ ယူကရိန်းက နယ်စပ်ပြည်နယ်တခုမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်အုပ်စု ရှိတယ်။ သူတို့ကခွဲထွက်ပြီး ရုရှားနဲ့ပေါင်းလိုကြတယ်။ ဒီသူပုန်အုပ်စုကို နှိမ်နင်းရေးအတွက် ယူကရိန်းအစိုးရ က ကြိုးပမ်းနေတယ်။ 

◾️ ယူကရိန်းမှာရှိတဲ့ ရုရှားအကျိုးစီးပွား
ပြောရရင် ဆိုဗီယက်ယူနီယံမှာ အတူရှိခဲ့ကြတဲ့ ရုရှားနဲ့ ယူကရိန်းဟာ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးဆက်နွယ်မှုများစွာရှိနေတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်ကိုတောင် “ရုရှားမြို့တော် အားလုံးရဲ့မိခင်” လို့ တင်စားခေါ်ကြတယ်။ ၈-၉ ရာစုလောက်ကတည်းက ဘိုင်ဇန်တိုင်းအင်ပိုင်ယာကနေ ခရစ်ယာန်အယူအဆ ပြန်လည်မွေးဖွားရှင်သန်တဲ့ကိစ္စတွေလည်း အရေးပါတယ်။ ယူကရိန်းမှာနေထိုင်တဲ့ ရုရှားလူ မျိုး ၈ သန်းလောက်ရှိတယ်။ ရုရှားဖက်က ကမ္ဘာကြီးကိုကြည့်မြင်တဲ့အခါ ယူကရိန်းကိုပါ ထည့်သွင်းတွက်ချက်ပြီး ကြည့်မြင်တယ်။ ဆိုလိုတာ အနောက်နိုင်ငံ အာဏာတွေနဲ့ ဆက်ဆံတဲ့အခါ ရုရှားက သူ့ကို မဟာအင်အားကြီး (superpower) လို့ ပုံရိပ်မြင်စေချင်တဲ့ကိစ္စလည်း ရှိနေတယ်။ ရုရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်၊ လောင်စာစွမ်းအင်ကိစ္စတွေလည်း အားထားနေရတယ်။ 

ယူကရိန်းကို ရုရှားက ဘာမဖြစ်စေချင်ဘူးလဲဆိုတော့ သိပ်ပြီးတော့ အနောက်နဲ့ပေါင်းတာ မလိုလားဘူး။ အထူးသဖြင့် နေတိုး စစ်စာချုပ်အဖွဲ့ (NATO) က အရှေ့ကို ချဲ့ထွင်လာတဲ့အခါ ပါမသွားစေချင်ဘူး။

◾️ ယူကရိန်းမှာရှိတဲ့ အမေရိကန်ရဲ့အကျိုးစီးပွား
ဝါရှင်တန်ရဲ့ စိတ်ဝင်စားမှုက ယူကရိန်းနဲ့အတူ ဘယ်လာရုစ်၊ ကာဇက်စတန်နိုင်ငံတွေမှာ လက်နက်တွေ အများအပြားအပြင်၊ အနုမြူလက် နက်တွေပါ ရှိနေကြတယ်။ ဒါကို ထိန်းချုပ်ချင်တယ်။ တဖက်မှာလည်း ရုရှားအာဏာကို ချိန်ခွင်ညှာ ညှိထားရေးအတွက် ယူကရိန်းကို လို ချင်တယ်။ ပြောရရင် ယူကရိန်း အချုပ်အခြာအာဏာနဲ့နယ်မြေကို ဒီအတိုင်းတည်မြဲနေစေချင်တယ်။ အမေရိကန်ဖက်က နိုင်ငံခြား အထောက်အပံ့အနေနဲ့ ယူကရိန်းကို တနှစ် ဒေါ်လာ သန်း ၂၀၀ လောက် ထောက်ပံ့ပေးနေတယ်။ ရုရှားက ကျူးကျော်မယ့် အရိပ်အယောင်တွေမြင်တဲ့အခါ တနှစ်ကို ဒေါ်လာ သန်း ၆၀၀ လောက်အထိ ဖွံ့ဖြိုးရေးအကူအညီတွေ တိုးပေးလာတယ်။ 

◾️ ဘာဆက်ဖြစ်မှာလဲ
အခုအချိန်တော့ စစ်မောင်းသံတွေ မိန့်ခွန်းတွေ ဆူနေတယ်။ ရုရှားကတော့ ယူကရိန်းကို မကျူးကျော်ပါဘူးလို့ လူသိရှင်ကြား ပြောတယ်။ နယ်စပ်မှာတော့ ရုရှားတပ်ဖွဲ့ ၉၀,၀၀၀ ကျော် တပ်ချထားတယ်။ 

တနေ့ကတော့ ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ ဘိုင်ဒင်တို့ ဒီဇင်ဘာ ၇ ရက်နေ့က အွန်လိုင်းပေါ် တွေ့ဆုံကြတယ်။ အမေရိကန်က သူ့သံတမာန်နဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရာကို ခေါ်ထုတ်ဖို့ ပြောတယ်။ ရုရှားတပ်တွေ နယ်နိမိတ်ကျော်လာရင် ဆန်ရှင်နဲ့ တွေ့သွားမယ်လို့ ပြောတယ်။ ဘိုင်ဒင်က သတင်းမီဒီယာတွေမှာ ယူကရိန်းအတွက် ဘက်စုံအစီအစဉ်တရပ် (Comprehensive plan) တခု ရေးဆွဲနေပါတယ်လို့ ပြောတယ်။ တရုတ်နိုင်ငံကတော့ အခုအကျပ်အတည်းမှာ ဘယ်နိုင်ငံဖက်ကမှ ဝင်မပါဘူး။ ကြားနေမယ်လို့ ပြောတယ်။ 

သေချာတာကတော့ EU ဥရောပသမဂ္ဂနဲ့ ရုရှားကြား ဆက်ဆံရေးက အရင်အချိန်တွေကထက်စာရင် ပိုလို့ အေးခဲလာနေတယ်။ ယူကရိန်းက ကြားထဲက ရှေ့တန်းစစ်မျက်နှာလို ဖြစ်လာနေတယ်။ ရုရှားကျောထောက်နောက်ခံ ခွဲထွက်ရေးသူပုန်တွေနဲ့ ယူကရိန်းအစိုးရ စစ်ပွဲတွေက အရှေ့ပိုင်း ဒွန်ဘာ့စ် (Donbas region) ဆက်ဖြစ်နေမှာပဲ။ ခုချိန်အထိတော့ နိုင်ငံတကာဆွေးနွေးပွဲ စကားဝိုင်းတွေက အလားအလာ မမြင်ရသေးပေမယ့်၊ ဒီအကျပ်အတည်း ပြေလည်ရေးအတွက် ကြိုးပမ်းလာကြဦးမယ်။ အရင်သဘောတူညီချက်ရထားတဲ့ အပစ်ရပ်စဲရေးကို ပြန်အတည်ပြုနိုင်အောင် ဆွေးနွေးကြမယ်လို့ ယူဆရတယ်။ 

အဲတော့ မင်းက ဘာပြောချင်တာလဲ? ခေတ်ကြီးက မကောင်းတော့ပါဘူး။ အရင် အခင်းအကျင်းပျက်ပြီး လူကြမ်းတွေ ဂြိုဟ်ထောင်တဲ့ခေတ်။ ဘုရားတရားလည်း မမေ့ကြပါနဲ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar