ခွန်ဆိုင်း - အုတ်မြစ်နဲ့ ငြမ်း၊ မခွဲခြမ်းနိုင်ကြသူများ
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၁
တယောက်ယောက်က ဖတ်ဖြစ်အောင်လုပ်လိုက်တာကြောင့် အလုပ်ရှုပ်တဲ့ကြားက နိုင်ငံခြားကမြင်တဲ့ အမြင်ဆောင်းပါးလေးပုဒ်လောက် ဖတ်ဖြစ်သွားပြီး ဒီဆောင်းပါးကိုရေးပါတယ်။
၁။ Aung San Suu Kyi Falls, but Myanmar’s Democratic Hopes Move On (By Sui-Lee Wee and Richard C. Paddock
• Published Dec. 6, 2021Updated Dec. 7, 2021
• news analysis
ဒေါ်အောင်ဆန်းစုကြည် ကျသွားပေမယ့် မြန်မာ့ဒီမိုကရေစီမျှော်လင့်ချက်များ ခရီးမပျက်ပါ (နယူးယောက်တိုင်းသတင်းစာ)
၂။ The Political Obituary of Aung San Suu Kyi By Timothy McLaughlin ဒီဇင်ဘာ ၇
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနာရေးသတင်း (အတ်တလန်တာ သတင်း စာ)
၃။ Aung San Suu Kyi: Myanmar democracy icon who fell from grace
ဂုဏ်အမြင့်က ပြုတ်ကျခဲ့တဲ့ မြန်မာ့ဒီမိုကရေစီပြယုဂ် အောင်ဆန်းစုကြည် (ဘီဘီစီ) ဒီဇင်ဘာ ၇
၄။ “Aung San Suu Kyi is now one of many”
အောင်ဆန်းစုကြည်သည် ယခုအခါ အများထဲကတယောက် (ဂါးဒီယန်းသတင်းစာ အက်ဒီတာ) ဒီဇင်ဘာ ၇
ဒီဇင်ဘာ ၆ မှာ ဒေါ်အောင်ဆန်းစုကြည်ကို စကစကထောင်ချလိုက်ပြီး ခုလို နိုင်ငံခြားသတင်းတွေမှာ ဆောင်းပါးတွေတက်လာပါတယ်။ သူ့ကိုထောင်မချခင်မှာတင် တချို့သတင်းဆောင်းပါးရှင်တွေဟာ သူတို့ပြောချင်တာကို ကြိုအင်တာဗျူး၊ ကြိုရေးသားထားကြပုံပေါက် တယ်။ ဘာကြောင့်လဲဆို နယူးယောက်တိုင်းကဆောင်းပါးဟာ ဒေါ်စုကို ထောင်ချတဲ့နေ့စွဲနဲ့ ပါလာခဲ့တာဖြစ်ပြီး တခြားအမြင်ဆောင်းပါးတွေကလဲ နောက်နေ့မှာ ချက်ချင်း အစီအရီ ပါလာကြလို့ဖြစ်ပါတယ်။ ခေါင်းစည်းတပ်ပုံ အသုံးအစွဲတွေကိုကြည့်ရင် သူတို့ တွေးပုံ မြင်ပုံ မြန်မာ့ ဒီမိုကရေစီခရီးအပေါ် သူတို့နားလည်သဘောပေါက်ပုံ သူတို့စေတနာများကို မြင်ရပါတယ်။ တိုင်းပြည်တပြည် လူ့အဖွဲ့ အစည်းတရပ်တိုးတက်ဖို့ တဘဝလုံး အဖွားကြီးဖြစ်တဲ့အထိ အလုပ်လုပ်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တယောက် ထောင်ထပ်ကျသွားချိန်နဲ့ ကိုက်ပြီး ခုလိုရေးသားချက်တွေဟာ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း မောင်းနှင်လည်ပတ်နေတဲ့ ရင်ခုန်သံစည်းချက်တွေနဲ့ အတော်ကင်းကွာတာ တွေ့ပါလိမ့်မယ်။ ဆောင်းပါးအားလုံးရဲ့ ယေဘုယျသုံးသပ်ချက်တွေမှာ အခုအရေးတော်ပုံဟာ ဒေါ်စုကို ဗဟိုပြုတာမဟုတ်ဘူးလို့ ပြောချင်တာထက် ပိုနေကြပြီး ဒေါ်စုရေ ခင်ဗျား နိုင်ငံရေးခေတ်ကုန်သွားပြီ။ ခင်ဗျားဇာတ်သိမ်းသွားပြီ။ ခင်ဗျား မြန်မာပြည်မှာ အရေးမပါတော့ဘူးလို့ သာသာထိုးထိုး ပြောနေကြတာမျိုးတွေ ပါနေပါတယ်။
မြန်မာပြည်သူတွေနဲ့ ထဲထဲဝင်မနေ မြန်မာ့နိုင်ငံရေး လက်တွေ့ မြေပြင်တွေနဲ့ကင်းကွာ၊ ပြည်တွင်းက အချက်အလက်အမှန်တွေကို အခြေမခံ သူတို့ဖြစ်ချင်တာကိုသာ တွန်းပြောချင်ကြတဲ့အကျင့်တွေ စွဲနေကြသလား မပြောတတ်ပါ။ သူမတယောက်တော့ အထိမ်းသိမ်းခံဘဝနဲ့ နှစ် အကြာကြီး ထပ်နေရတော့မယ်။ အသက်ကလဲကြီးလှပြီ။ နိုင်ငံတကာမှာလဲ ရေပန်း- ပဏာမစားတော့ဘူး။ နိုင်ငံရေးဇာတ်သိမ်းသွားပြီဆိုတဲ့ ပြူးတူးပြဲတဲခေါင်းစဥ်တွေနဲ့ သူတို့ ဆောင်းပါးတွေကို သာသာထိုးထိုး အရောင်တင်ကြတာ အကျင့်ဆိုးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ မကြိုက်လို့ရတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီသမိုင်းမှာ သူတို့ပြောဆိုကိုးကားနေတဲ့ ဒီမိုက ရေစီဆိုတာကြီးခိုင်မာဘို့ အုတ်မြစ်အခြေခံ အခိုင်အမာချခဲ့တဲ့သူဆိုတာကို ချန်လှပ်လိုက်လို့မရပါဘူး။ သူ့အဆင့်ကို သမိုင်းတဖြတ်နဲ့ နှိမ့်ချလိုက်လို့ မရပါဘူး။ သူ့အသက်ကြီးနေပြီ။ လောကဓမ္မ ဘာမှငြင်းစရာမရှိဘူး။ ထောင်နှစ်ရှည်လဲ (နှစ်၁၀၀ ကျော်) ကျမယ်။ စစ်ကောင်စီက ဖမ်းကတည်းက သူ့ကို ဘယ်သူနဲ့ မှတွေ့ခွင့်မပေးသလို ဘယ်သူနဲ့မှ တွေ့ခွင့်မရနိုင်ခင် ကွယ်လွန်သွားနိုင်ပါသေးတယ်။ အခုဆင်နွဲနေကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ သူ ဘယ်နေရာကမှ ပါနိုင်ခွင့်မရှိဘူး။ ဒါတွေကြောင့် သူ့နိုင်ငံရေးက သေသွားပြီ။ သူ့ သြဇာ သူ့အရှိန်အဝါက မရှိတော့ဘူး။ သူခေတ်ပြီးသွားပြီဆိုတာမျိုးတွေက မြန်မာပြည်သူတွေကို သရော်မော်ကားလုပ်တာ။
နိုင်ငံတကာကို ခုလို တလွဲမက်ဆေ့ချ်တွေပေးရင် မြန်မာ့ဖက်ဆစ်ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးကိုလဲ ပုံဖျက်သလိုဖြစ်ပါတယ်။ လူထုထောက်ခံမဲ ၈၀ ရာခိုင်နှုန်းကျော်နဲ့ နိုင်ထားတဲ့ ပါတီရဲ့ခေါင်းဆောင်။ အဲဒီခေါင်းဆောင်ကော တခြားခေါင်းဆောင်အများစုပါ ထောင် ချခံလိုက်ရတဲ့အချိန် ။ တပြည်လုံးကို စစ်တပ်က အာဏာသိမ်းပြီး လုပ်ချင်တာတွေလုပ်နေတဲ့အချိန် (ဒီဖြစ်စဥ်တွေ အားလုံးက ပထမအကြိမ်လဲမဟုတ်ဘူး၊ မနေ့တနေ့ကဖြစ်နေတာလဲမဟုတ် နှစ် ၃၀ ကျော် မြန်မာ့ပြည်သူတွေရဲ့ကြိုးပမ်းထားမှုတွေ သဲထဲရေသွန်ဖြစ်သွားခဲ့တာ)
ဒီအချိန်မျိုးမှာ ယူအန်ကော အနောက်ဒီမိုကရေစီနိုင်ငံများ၊ အာဆီယံများပါမကျန် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံအတွက် စစ်တပ် အာ ဏာသိမ်းထားတာကို အသိအမှတ်မပြုသေးတာ၊ စီးပွားရေးပိတ်ဆို့နေတာ လုံခြုံရေးကောင်စီခေါ် ပြီး စိုးရိမ်ကြတာ၊ အပြစ်တင်ရှုံ့ချတာ၊ ကိုယ့်အပေါ် သံခင်းတမံခင်းဖက်က ကူညီထောက်ခံတာမျိုးလောက်သာပြုနိုင်ကြတာ အခုအချိန်အထိ ဒီလောက်ပဲမဟုတ်ဖူးလား။ မြန်မာပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေ အကာအကွယ်တွေမပေးနိုင်ပဲ အာဏာသိမ်းစစ်တပ်ကို တဖက်ကလဲ ဆက်ဆံနေရတာ ၈၈ က စတွက်ရင် ဒီနေ့ ဒီအချိန်အထိ မဟုတ်ဖူးလား။
၈၈ နောက်ပိုင်း မွေးဖွားလူလားမြောက်ကြတဲ့ မျိုးဆက်တွေဟာ သက္ကရာဇ် ၂၀၂၀ မှာဆို အသက် ၂၀ နဲ့ ၃၀ ကြား အရွယ်ရောက်ကြပြီ။ သူတို့ စပြီးတတ်သိနားလည်တတ်တဲ့အရွယ်မှာ ၁၉၉၀ ရွေးကောက်ပွဲကို ကြုံဖူးခဲ့ကြမယ်။ အင်ဂျီအိုအဖွဲ့ (ငါးရာကျော် မလားမသိဘူး) တနိုင်ငံလုံးမှာ ဖွဲ့စည်းလှုပ်ရှားခွင့်ရတဲ့ကာလမှာ လူဖြစ်ခွင့်ရကြတယ်။ ခုလို ပိုမိုပွင့်လင်းကောင်းမွန်လာတဲ့ နိုင်ငံရေးရေခံမြေခံပေါ် မှာ ကြီးပြင်းရတဲ့ မျိုးဆက်တွေမို့ နိုင်ငံတကာနဲ့ ပိုထိတွေ့ ခွင့် မျက်စိနားပွင့်ခွင့် ရကြတယ်။ အင်မတန်ကံကောင်းကြပါတယ်။ ပိန်းပိတ်အောင်မှောင်နေတဲ့ တပါတီအာဏာရှင်ရဲ့ တံခါးပိတ်ဝါဒစနစ်ကို မသိမှီလိုက်ကြပါဘူး။ မခံခဲ့ကြရပါဘူး။ နည်းပညာတွေ ဆက်သွယ်ရေးတွေ တဟုန်ထိုး တိုး တက်လာတဲ့ကာလနဲ့ အချိန်ကိုက် လူဖြစ်ခဲ့ကြရလို့ မျက်စိပိတ်နားပိတ် အမှောင်ခေတ်ထဲ ကြီးခဲ့ရတဲ့လူကြီးတွေ (ဂျင်လီးတွေ) ထက် ပိုရှင် သန် ပိုထက်မြက် ပိုအမြင်ကြွယ် ပိုပြတ်သားခွင့်ရကြတာ ငြင်းစရာမရှိပါဘူး။ ၈၈ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းတွေဆိုတာလဲ မဆ လ တပါတီအာဏာရှင်စနစ် မိုးကောင်းတုန်းက အခင်းအကျင်းမျိုးတွေ မဟုတ်ပါဘူး။ ကွင်းအတော်ကျယ် နေသာလှုပ်သာဖြစ်လာတာပါ။ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကနေသင်ယူကြရင်း စစ်အာဏာရှင်အိုနဲ့ ဒီမိုမျိုးဆက်အိုတွေကြားက နိုင်ငံရေးတိုက်ပွဲတွေကို တဆင့်ခံ သင် ကြား တိုးတက်ခဲ့ကြ မြန်မာပြည်အတွက် အင်အားအလင်းသစ်တွေ ဖြစ်ခဲ့ကြပါတယ်။
၈၈ နောက်ပိုင်းကြီးပြင်းတဲ့ လူငယ်မျိုးဆက်တွေကသာ အခု နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးရင် တိုင်းပြည်ကို စီမံအုပ်ချုပ်ရတဲ့နေရာတွေ မှာ မုချအစားထိုးတာဝန်ယူလာကြရမှာ သေချာပါတယ်။ အဲဒီအခါ လက်တွေ့ အစိုးရတရပ်က တာဝန်ခံဆုံးဖြတ်ရတဲ့ကိစ္စတွေ တွေ့လာကြမှာ ။ ကြေငြာချက်ထုတ် ပို့ချထားတဲ့ ယေဘုယျအမှန်တရားများကို ပြောနေကြရုံ အဆင့်မှာမဟုတ်တော့ဘဲ မတူညီတဲ့ လူ့အဖွဲ့အစည်းအတွင်းက ပြဿနာတွေကို တာဝန်ခံ လက်တွေ့ဖြေရှင်းရတော့မှာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြား ပြဿနာ။ မတူညီ လူမျိုးစု အချင်းချင်းကြား ပြဿနာ - ကိုးကွယ်ယုံကြည်မှု ယဥ်ကျေးမှုနောက်ခံမတူတဲ့ လူ့အဖွဲ့အစည်းများကြား ပြဿနာတွေကို လက်တွေ့ဖြေရှင်းတဲ့အခါ ဖက်အားလုံးဆီက လက်ခုပ်သံမြိုင်မြိုင် မရနိုင်ပဲ နင်ပဲငဆ အဆဲမျိုးတွေလဲ ကြုံကြရမှာဖြစ်ပါတယ်။
တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ဆိုးကြီး အပြင်းအထန်သင့်နေချိန် ၂၀၂၀ ရွေးကောက်ပွဲကို အဲဒီကပ်ဆိုးကြီးကြားကပဲဖြစ်အောင် တချိန်ထဲ ဖြတ်ကျော် ကျင်းပခဲ့ကြတဲ့နိုင်ငံ ၂ ခု - မြန်မာနဲ့အမေရိကန်မှာ မြန်မာ့ရွေးကောက်ပွဲက ဘာရုပ်ပျက်ဆင်းပျက်မှ မဖြစ်ဘူး။ ဘာရုန်းရင်းဆန်ခတ်မှ မဖြစ်ဘူး။ စည်းကမ်းကျန နိုင်ငံကြီးသားများပီသစွာ လွတ်လပ်စွာမဲပေးကြခြင်းနဲ့ NLD ၈၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုနဲ့ အပြတ်အသတ်အနိုင်ရ အဖြေထွက်တဲ့အချိန်။ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံမှာတော့ နှစ်ဖက်ငြင်းကြခုန်ကြ ပစ်ခတ်မှုတွေဖြစ်ကြ လွှတ်တော်ကို ရှုံးတဲ့ဖက်က လူအုပ်တွေ ဝင်ရောက်အကြမ်းဖက်သောင်းကြမ်းကြ။ သမတထရမ့် ထောက်ခံသူများဖက်က ပွဲကြမ်းခဲ့ကြလို့ အမေရိကန်ရွေး ကောက်ပွဲသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ခဲ့တဲ့အချိန်။ ဒီလို ကသောင်းကနင်းအခြေအနေမျိုးမှာတောင် အမေရိကန်စစ်တပ်က အေး အေးဆေးဆေး ဘေးမှာပဲနေခဲ့တယ်မဟုတ်လား။
အေးအေးဆေးဆေးမနေခဲ့တာက မြန်မာစစ်တပ်။ စားလို့ အံတိုနေတဲ့ အာဏာရှင်အစစ်။ အဲဒီအာဏာရှင်ဟာ ဖက်ဆစ်လဲဖြစ်တာမို့ ဘယ်သူ့ကိုမှချမ်းသာမပေးဘူး။ သူ့အာဏာကိုထိပါးသူမှန်သမျှ အမျိုးအရင်းဆိုတာလဲ မရှိဘူး။ ဘာသာအရင်းဆိုတာလဲ မရှိဘူး။ မငဲ့ညှာတတ်ဘူး။ ဒါကို အနောက်တိုင်းသားတွေ သိတ်သိပုံမရဘူး။ သူတို့တသက် သူတို့ဘိုးဘွားတွေတသက် ဒါမျိုးဖိနှိပ်ရက်စက်မှုမျိုးတွေ ကြုံဖူးတာမှ မဟုတ်တာ။ ဒါကြောင့်လဲ မြန်မာ့နိုင်ငံရေးကို သူတို့ချဉ်းကပ်တိုင်းမှာ မြန်မာစစ်တပ်နဲ့ မြန်မာပြည်သူတွေကို မခွဲခြားတတ်ပဲ လုံးချ လုံးတုတ် နေခဲ့ကြတာပါ။
ကိုယ့်တိုင်းပြည်မှာ ခုလိုပြတ်ပြတ်သားသား အနိုင်ရတဲ့ပါတီကို စစ်တပ်က အစိုးရဖွဲ့ခွင့်မပေးတော့ပဲ လူထုရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိမ်းသိမ်းတဲ့အချိန် ပြည်သူတွေက ဆန္ဒမပြထိုက်ဖူးလား။ ဆန္ဒပြပြည်သူတွေကို ရာထောင်ချီ ဖမ်းဆီးပစ်သတ်တဲ့ အချိန် ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်အရ လက်နက်ကိုင်ခွင့်မရှိဘူးလား။ အမေရိကန်မှာ ခုလိုစစ်တပ်ကအာဏာသိမ်းလိုက်ရင် အမေရိကန်ပြည်သူတွေ ဘာလုပ်မယ်ထင်ပါသလဲ။ ပြည်တွင်းစစ်ကြီး အကြီးအကျယ်မီးတောက်နေမှာ မေးခွန်းထုတ်စရာလိုမလား။ ဒီဆောင်းပါးရှင်တွေ နိုင်ငံရေးပညာရှင်တွေ သူများနိုင်ငံကို ဆရာကျမယ်မကြံခင် ကိုယ့်ဖာသာကိုယ် မေးရမယ့်မေးခွန်းတွေပါ။
ဒေါ်အောင်ဆန်းစုကြည်လို စစ်အာဏာရှင်တွေနဲ့ နှစ် ၃၀ ကျော်ကြာရှည် ကြာမျော ညဏ်မကစားဖူးပဲ။ သူ့လို လင်ပစ်သားပစ် မိသားစုဘဝကိုပစ်ပြီး တိုင်းပြည်အရေးမှာ ဘဝနှစ် အလုပ် မလုပ်ဖူးပဲ။ သူ့လို မြန်မာပြည်က ထွက်မပြေးပဲ။ သူ့လို အကြိမ်ကြိမ်လုပ်ကြံ မခံရဖူးပဲ။ သူ့လို ပါတီကြီးတခုကို စတင်တည်ထောင်ကတည်းက ပြိုကွဲဖို့အကြောင်းစုံ အတွင်းအပြင် ဖန်တီးကြိုးစားကြပေမယ့် ပါတီမပြိုကွဲ၊ ခေါင်းဆောင်နေရာက ဖယ်ရှားမခံရပဲ ရွေးကောက်ပွဲတိုင်းမှာ အပြတ်အသတ်အနိုင်ရအောင်မလုပ်နိုင်ဖူးပဲ။ လူထုမျက်ကွယ်က ၁၅ နှစ်လောက် ဖျောက်ထားခံရပေမယ့် မှေးမှိန်ပျောက်ကွယ်မသွားပဲ လူထုကြားမှာရှိနေခဲ့တဲ့ ခေါင်းဆောင်တယောက်ကို ခုလို အိုကြီးအိုမထောင်ကျတော့မှ ပစ်ပစ်ခါခါ အရေးအသားတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ အဆင်မပြေဘူး။ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးမှာလဲ အဆင်ပြေမှာမဟုတ်ဘူး။
ဒေါ်စုကိုထောင်ချလိုက်လို့ ကုလလုံခြုံရေးကောင်စီကတောင် စကစကို အပြစ်တင်ရှုံ့ချနေချိန်မှာ ဒီဆောင်းပါးတွေက ဒီလိုပြောနေ ရေးနေတာမျိုးက အတော်ချော်တဲ့သဘော မရှိဘူးလား။ ဖက်ဆစ်စစ်တပ်ကို လက်တွေ့ ရင်ဆိုင်သူတိုင်းဟာ မလွယ်ပါဘူး။ အထူးသဖြင့် နိုင်ငံခြားသားတွေ ပိုမလွယ်ပါဘူး။ နဝတလက်ထက်တုန်းက ဒေါ်စုနဲ့ အတော်တရင်းတနှီးရှိတဲ့အတွက် Fax machine လေးတခု တရားမဝင်ပိုင်ဆိုင်မှုဆိုပြီး အမှုဆင် ဆွီဒင် ဖင်လန် သံကောင်စစ်ဝင်တယောက်ကို တရားစွဲပြီး နဝတစစ်အစိုးရက အင်းစိန်ထောင်မှာဖမ်း၊ တိုက်ပိတ်ထားလိုက်တဲ့အခါ ၆ လမကြာလိုက်ပဲ စိတ်ဆင်းရဲပြီး ကွယ်လွန်သွားပါတယ်။ အသက် ၅၀ လောက်ပဲရှိဦးမယ်ထင်ပါတယ်။ မြန်မာ့အရေးမှာ တက်ကြွလှုပ်ရှားလှတဲ့ အင်္ဂလန်သူတယောက်ကို အင်္ဂလန်ရောက်တော့ ဆုံခဲ့ဖူးတယ်။ ကိုးလေးလုံးနေ့ မြန်မာပြည် ကိုးလေးလုံးလှုပ်ရှားမှုဖေါ်ဆောင်ဖို့ဆိုပြီး မြန်မာပြည်ထဲကို နိုင်ငံတကာတက်ကြွလှုပ်ရှားတချို့နဲ့ သူကဝင်သွားခဲ့တာ။ စစ်အစိုးရက ထောင်ထဲဖမ်းထည့်လိုက်တဲ့အခါ ၃ လလောက်နဲ့ သူခင်မျာ အတော်ဒုက္ခများသွားပြီး နောက်ဆုံး အင်္ဂလန်က သူ့မိဘက ခံဝန်ချက်နဲ့ လာကယ်ထုတ်ရပါတယ်။ မြန်မာပြည်ကို သူထပ်မသွားတော့ဘူးလို့ ပြောတယ်။
ပြီးခဲ့တဲ့ မေလတုန်းက Frontier Myanmar ရဲ့ သတင်းအယ်ဒီတာ ဒဲနီဖက်စတာလဲ စစ်ကောင်စီဖမ်းဆီးတာခံရပြီး ထောင်ထဲမှာ ၆ လလောက် အချုပ်ခံလိုက်ရတယ်။ ပြန်လွှတ်ပေးလိုက်တဲ့အချိန် သူ့သတင်းစာရှင်းလင်းပွဲကျတော့ သူအချုပ်ခံနေရချိန်တွေမှာ ရူးချင်စိတ်ပေါက်ခဲ့တယ်လို့ ပြောပါတယ်။ သူ နှိပ်စက်ညှင်းပန်းခံရတဲ့အကြောင်း မပြောခဲ့ပါဘူး။ သူ့ကို နိုင်ငံခြားသားမို့ မနှိပ်စက်လိုက်တာ။ ဒါတောင် ၆ လလောက်နဲ့ သူကော သူ့မိဘတွေ အတော်ခြောက်ခြား စိတ်ပျက်သွားပုံရတယ်။
အရိုးရင့်အာဏာရှင်တွေနဲ့ မြေပြင်မှာ ဒဲ့ယှဥ်ပြိုင်ရတာ အဝေးက ထင်သလောက်မလွယ်ပါဘူး။ မြန်မာ့ဒီမိုကရေစီခရီးမှာ ဒေါ်စုကို ငြမ်းသဘောထား သူ့ကဏ္ဍပြီးသွားပြီလို့ ထင်ကြသူ။ သူ့ကို နိုင်ငံရေးမြောင်းထဲပို့ချင်သူများသာ မြောင်းထဲရောက်ကြ မှာပါ။ ဘယ်သူနဲ့မှတွေ့ခွင့်မရအောင်လုပ်ထားပြီး အာဏာသိမ်းစစ်တပ်က စွဲချင်သလောက်စွဲတဲ့ အမှုပေါင်း တဒါဇင်လောက်ကို ရင်ဆိုင်ရင်း လောလောလတ်လတ် ထောင်ချခံလိုက်ရတဲ့ အသက် ၇၆ နှစ်အဖွားကြီးတယောက်ကို နိုင်ငံခြားပြန် မြန်မာဆရာကြီးတယောက်က မှတ်ချက်ပြုထားတာပုံကို အဲဒီ နယူးယောက်တိုင်းဆောင်းပါးရှင်က အကိုးအကား ခုလိုပြုထားပါသေးတယ်။
“Every day, day by day, Aung San Suu Kyi has less and less to do with the revolution,” ------- “The show can go on without her. It’s better for the show to go on without her.”
တနေ့ထက်တနေ့ ဒီတော်လှန်ရေးဟာ သူနဲ့မဆိုင်တော့ဘူး။ ဒီပွဲမှာ သူမပါပဲ ဆက်သွားနိုင်ပါတယ်။ ဒီပွဲ သူမပါရင် ပိုတောင်မှကောင်းသေး တယ်။
ကျွန်တော်ကတော့ ကြိုက်တယ်။ သူအနားယူခွင့်ရသွားတာလို့ မတ်လမှာကတည်းက ရေးခဲ့ဖူးပါတယ်။ သူ့အပေါ် မှီခိုနေတာတွေ လုပ်မရတော့ပဲ နောက်လူတွေက မှန်မှန် မှားမှား တာဝန်ခံ ဆက်လုပ်ခွင့်ရကြပြီလို့ မှတ်ပါတယ်။ သူ့လုပ်သင့်တာ အကုန်လုပ်သွားပြီးပြီ။ သူ့ကို ဘယ်သူမှ ဖြုတ်မချနိုင်ဘူး။ စောဘဦးကြီးကိုဘယ်သူမှ ဖြုတ်မချနိုင်သလို၊ ဗိုလ်ချုပ်ဂွမ်မော်ကို ဘယ်သူမှဖြုတ်မချနိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဘယ်သူမှဖြုတ်မချနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီတော်လှန်ရေးခရီးမှာ အုတ်မြစ်လား ငြမ်းလား မခွဲခြားနိုင်ကြဘူးဆိုရင် နိုင်ငံရေးစေတနာ နည်းတယ်လို့ မြန်မာပြည်သူတွေက သတ်မှတ်ကြမှာသေချာတယ်။
ခွန်ဆိုင်း
၁၄-၁၂-၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar