Breaking News

မိုးမြင့်ယံ - ပြုတ်ထွက်သွားသော ကျောရိုးဆစ်လေးများ

မိုးမြင့်ယံ - ပြုတ်ထွက်သွားသော ကျောရိုးဆစ်လေးများ 
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၁

ညသည် လမ်းမီးတိုင်တို့၏အောက်၌ ပြာလဲ့မှုန်ရီစွာ။ မြို့ပြရဲ့ဒီဇင်ဘာညတို့သည် ဆောင်းလက်တံတွေကို သူ့ရဲ့ ဝတ်ရုံလွှာအောက်၌ ထိုးသိပ်ဖျောက်ဖျက်ထားသည်လား မသိနိုင်စွာ မြို့ပြရဲ့ ညတွေသည် တိုးတိတ်စွာနဲ့ ပူပြင်းကျွမ်းမြစွာ လောင်မြှိုက်နေတုန်းပင်ဖြစ်သည်။

ကျွန်တော် ချစ်ခင်ရသောသူတွေ၏ ကမ္ဘာတဖက်တွင် နှင်းသည် လှပစွာ လွင်ဝဲဖြာဝေလျက် အေးမြ ငြိမ်းချမ်းခြင်းကို သယ်ဆောင်ကာ ကြွကြွရွရွလေး လှမ်းလာသည်ကို သူငယ်ချင်းရဲ့ ဖုန်း Rain tone မှ တဆင့် ကျွန်တော်သည် သိခွင့်ရလိုက်ပေသည်။

ကွန်ကရိမြိုပြရဲ့ညတို့သည် နှေးကွေးလေးလံထိုင်းမှိုင်းစွာဖြင့် အိုက်စပ်ပူလောင်စွာ ရုန်းကြွအသက်ဝင်နေပြန်သည်လေ။ မနက်ဖြန်တို့အား လှမ်းမျှော်အကြည့် ပူပြင်းလောင်မြှိုက်ခြင်း နေ့ရက်တို့သည် ရှည်လျားလွန်းလှစွာ ကျွန်တော်၏ထံပါးသို့ တိုးတိတ်ညင်သာစွာဖြင့် တိုးတိတ်ညင်သာစွာ တို့းဝှေ့ဝင်ရောက်လာခဲ့သည်ကို စိတ်အတွေး၌သိရှိခံစားနေမိပြန်သည်။

ခရစ်စမတ်ညတို့သည် ပျော်ရွှင်မှုတို့အစား ကျွန်တော်၏နှလုံးအိမ်အတွင်းသို့ နာကျင်စူးနင့်ခြင်းအလွမ်းတို့အား စန်တာကလော့ကြီးနှင့်အတူတကွ လက်ဆောင်ပါးလိုက်လေသည်လား မသိနိုင်ပါ။ စိတ်တို့သည် တညနေခင်းလုံး နောက်ကျိရှုပ်ထွေးစွာဖြင့် ထိခိုက်နာကျင်နေမိသည်လေ။

ထီးမယ်ဝါးခီးတိုက်ပွဲတွင် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ၊ ကဗျာဆရာ အေစိုင်းကေ လက်နက်ကြီးကျည်စ ထိမှန်ကျဆုံး
*********
မနေ့က(ဒီဇင်ဘာ ၂၅ ရက်)တွင်ဖြစ်ပွားသော ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဖက်ခြမ်း ထီးမယ်ဝါးခီးကျေးရွာအနီးတွင်ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကဗျာဆရာ အေစိုင်းကေ ကျဆုံးခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်ဂျာနယ်၏အယ်ဒီတာတဦးဖြစ်သူ ကဗျာဆရာအေစိုင်းကေသည် ဦးခေါင်းသို့ လက်နက်ကြီးကျည်စထိမှန်ကျဆုံးခဲ့ရပြီး ဈာပနအစီအစဉ်ကိုစီမံနေကြောင်း ကနဦးသိရှိရသည်။

အေစိုင်းကေ ခေါ် စိုင်းဝင်းအောင်သည် ကျဆုံးချိန်၌ အသက် ၃၈ နှစ်ရှိပြီဖြစ်သည်။

ထိုသတင်းသည် ကျွန်တော့် ရဲ့ ဘယ်ဘတ်ရင်တစုံကို စူးအောင့်နာကျင်နေစေသည်။ ဒီတော်လှန်ရေးကြီးမှာ ကျွန်တော်တို့ ကဗျာတွေဘယ်လောက်များ ကြွေလွင့်ပေးရဦးမည်နည်း ။

ABN/4219 က ကျောရိုးဆစ်များသည် ယခုတော့ ကျောရိုးဆစ်လေးတခု ပြုတ်ထွက် လွင့်ကျန်ခဲ့ပေသည်ပဲလေ။
=====

သေနေသော အရောင်များ 

စိတ်ထဲကနေ
တစ်စစီဆွဲထုတ်လိုက်တယ်
ဒုက္ခ ပြဿနာများသာ ဝေဒနာမျဉ်းတန်းနေပေါ့။

ကြမ်းရှသော ရက်စွဲများဟာ
ခါးသီးခြင်းတောင်ကုန်းတွေပေါ်
ဆောင်းလေလို အေးစစ်စွတ်စို
ခိုက်ခိုက်တုန်အောင် ဖြတ်သန်းသွားကြ။

နံနက်ခင်းတိုင်းကို အိုမင်းဖို့အတွက်
ငါတို့ ရှင်သန်ခဲ့ကြသလား။

သက္ကရာဇ်များတွေဟာ
မေးခွန်းသတ်တယ် ချစ်သူ။

အေစိုင်းကေ
(ကျောရိုးဆစ်များ ကဗျာစာအုပ်မှ)

ဒီလိုနာကျင်ကျွမ်းမြမှုတွေသည်ပင် ကျွန်တော်လက်ခံရရှိသော ခရစ်စမတ်လက်ဆောင်ပေများလား?

မြို့ပြရဲ့ဆောင်းညတို့သည်ပင် မအေးမြနိုင်တာကြာခဲ့ပေပြီပဲလေ။

ကျွန်တော်သည် ညနက်နက်ထဲ၌ပြုတ်ထွက်သွားသော ကျောရိုးဆစ်လေးအကြောင်းကို တွေးနေမိရင်းနဲ့ ကောင်းကင်ကို မော့ငေးကြည့်မိတော့ တလက်လက်တောက်ပနေသော ကြယ်စုတွေကြားထဲမှာ မင်းကိုများတွေ့ရလေမလားလို့ ရှာဖွေကြည့်နေမိပြန်ပါသေးတယ် အေစိုင်းကေရေ။

ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
၂၆ ဒီဇင်ဘာ ၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar