Breaking News

ညိုထွန်းလူ - အချိန်တန်လျှင်

ညိုထွန်းလူ - အချိန်တန်လျှင်
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၁

ဒီနိုင်ငံက ဘာဖြစ်လို့ ကျွန်တော်ထွက်ခွာသွားရမှာလဲ။ ဒီနိုင်ငံက နေရာတခုဟာ ကျွန်တော့်ရဲ့မွေးဖွားရာဇာတိမြေပါ။ ဒီနိုင်ငံကပဲ ကျွန်တော့်ကို ရဲရဲဝံ့ဝံ့နဲ့ ရှင်သန်ကြီးပြင်းခွင့်ရအောင် အခွင့်အရေးတွေပေးခဲ့တယ်။ ဒီနိုင်ငံရဲ့အရိပ်အောက်မှာ နေထိုင်ခိုလှုံရင်း ကျွန်တော့်ရဲ့အချိန်ကာလတွေကို အေးဆေးပျော် ရွှင်စွာနဲ့ကုန်ဆုံးသွားစေခဲ့တယ်။ ကျွန်တော့်ရဲ့အသိုင်းအဝိုင်းတွေ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ လွတ်လပ်ပေါ့ပါးပျော်ရွှင်မှုတွေဟာ ကျွန်တော့်ကိုဝန်းရံထားကြတယ်။ ချွင်းချက်တော့ရှိတာပေါ့။ ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတာမို့ မကျေနပ်မှုတွေ နာကျင်ကြေကွဲရတာတွေကလည်း အဖြူထည်မှာ အနက်ရောစွက်ခဲ့သလို ရှိနေခဲ့တယ်။ အရာရာတိုင်းဟာ အလင်းနဲ့အမှောင် ဓမ္မနဲ့အဓမ္မတွေအားပြိုင်နေစမြဲမို့ ဘာမှမထူးဆန်းပါဘူး။ တစ်ချို့လူငယ်တွေက ဒီနိုင်ငံမှာ လူဖြစ်ခဲ့ရတာ သိပ်ကိုနစ်နာခဲ့တယ်လို့ ပေါက်ကွဲခဲ့ကြတယ်။ သူတို့ကို ကျွန်တော်အပြစ်မတင်လိုပါဘူး။ ဒါပေမယ့် ထူးခြားတာက ကျွန်တော်ဟာ သူတို့အရွယ်တုန်းကအဲဒီလိုမျိုးစိတ်ကူးအတွေးတွေ မရှိခဲ့တာပါ။ ဒါက ပတ် ဝန်းကျင်လောကကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေပြီး ဥခွံကျဥ်းကျဥ်းကလေးထဲမှာပဲနေခဲ့ကြရလို့လားတော့မသိဘူးပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အရာခပ်သိမ်းဟာ လောကဓမ္မတာအတိုင်း ပြောင်းလဲခြင်းတွေထဲမှာပဲ စီးဆင်းနေကြရစမြဲမဟုတ်ပါလား။

ကျွန်တော်သည် မြူနှင်းတွေထဲကညကို ငေးမောနေမိခဲ့သည်။ ညဦးပိုင်းအချိန်ဖြစ်သော်လည်း ညသည်​ချောက် ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျှက်။ လဆုတ်ရက်ဖြစ်တာကြောင့် မိုးကောင်းကင်ထဲမှာ လင်းလက်နေသည့်ကြယ်ကလေးတွေကိုပဲ တွေ့ရသည်။ နှစ်သစ်ကူးတော့မည့် နေ့ရက် တဖြေးဖြေးနီး ကပ်လာခဲ့ပြီ။ တကယ်တော့ ပုံမှန်အတိုင်းဆိုလျှင်ဖြင့် တစ်နှစ်မှာတစ်ခါ သည်လိုအချိန် သည်လိုနေ့ရက်တွေရောက် လာတိုင်း စိတ်လှုပ်ရှားပေါ့ပါးလာစမြဲ။ အဝေးဆီက လွင့်မျောလာသည့်ဂစ်တာသံကလေးကိုကြားရတတ်သည်။ ကြည်နူးစရာတေးသီချင်းတွေက ကျွန်တော့်ရင်ထဲသို့ တိုးဝင်လာလေ့ရှိသည်။ ယခုတော့ အရာအားလုံးသည် ကျွန်တော့်လိုလားတောင့်တမှုတွေနှင့် ဖီလာဆန့်ကျင်။ တေးသီချင်းသံတွေနေရာမှာ ပစ်ခတ်သံ တွေပေါက်ကွဲသံတွေရောက်လာခဲ့သည်။ စစ်မီးသည် နေရာအနှံ့တောက်လောင်နေလျှက်။ အသက်ကိုဖက်နှင့်ထုပ်ထားရသလို ​ဘေးအန္တရာယ်မှ လွတ်ကင်းရာဆီသို့ ပြေးလွှားပုန်းအောင်နေကြရရှာသည့် ဖေ့စ်ဘွတ်ထဲက မြင်ကွင်းများသည် ကျွန်တော့်အား ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးစိုက်ခဲ့သလို မခံစားနိုင်လောက်အောင် စူးရှနာကျင်နေခဲ့သည်။

ပျော်ရွှင်မှုတွေနှင့် အလှမ်းဝေးနေတာ တစ်နှစ်နီးပါးရှိနေခဲ့ပြီ။ သေခြင်းနှင့်ရှင်ခြင်းသည် ပါးလွှာသောနံရံကလေးသာခြားထားသည်။ ကျွန်တော်တို့သည် တစ်ယောက်ကို တစ်ယောက် စာနာကြရင်း တတ်နိုင်သမျှ ကူညီဖေးမနေကြသည်။ ကျွန်တော်တို့၏မေတ္တာတရားသည် အားလုံးအပေါ်မှာ မဖြန့်ကျက်နိုင်သည့်တိုင် အတိုင်းအတာတခုအထိ သက်ရောက်နေမည်ဟု ယုံကြည်မိသည်။ သို့သော်လည်း တချို့ကတော့ မြေကမ္ဘာကိုလေးလံစေခဲ့သူတွေ။ လောကဝန်းကျင်၏အလှကို ဖျက်ဆီးနေကြသူတွေ။ သူတို့သည် မြင်မြင်သမျှကို အပြစ်တင်ကြ ရုန့် ရင်းကြမ်းတမ်း ရိုင်းစိုင်းသည့်စကားတွေဖြင့် အမုန်းပွားစေပြီး ရက်စက်ယုတ်မာမှုတွေကိုတွန်းအားပေးနေလျှက်။

နိုင်ငံလွတ်လပ်ရေးရပြီးမှ မွေးဖွားလာခဲ့သောကျွန်တော်သည် နိုင်ငံနှင့်အတူ ခေတ်မျိုးစုံကိုဖြတ်သန်းလာခဲ့ရင်းဖြင့် အသက်အရွယ်ကြီးရင့်လာခဲ့ရပြီ။ နိုင်ငံနှင့်အတူ ဒုက္ခသုက္ခမျိုးစုံကိုခံစားခဲ့ရပြီးပြီ။ ကျွန်တော့်ကျောပေါ်တွင် ဖြတ်သန်းခဲ့ရသည့်ခေတ်တွေက ပေးခဲ့သည့်ဒဏ်ရာဒဏ်ချက်တွေက ဗရပွ။ အမာရွတ်တွေကလည်း နေရာအနှံ့။ ကျွန်တော်တို့သည် ကိုယ့်ခေတ်ကိုယ့်အရွယ်မှာ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေချင်သည့်စိတ်ဓာတ်တွေဖြင့်တက်ကြွလှုပ်ရှားခဲ့ကြသည်။ ငြိမ်းချမ်းသာယာပြီး နှလုံးရည်ပြည့်ဝသောနိုင်ငံကို တည်ဆောက်ချင်ကြသည်။အရာရာတိုင်းကိုပြောင်းလဲဖို့ကြိုးစားခဲ့သည်။ ခက်တာက တိုင်းပြည်မှ ာမင်းပြောင်းမင်းလွဲတွေကြုံခဲ့ရသော်လည်း ထိုအပြောင်းအလွဲသည် ကျွန်တော်တို့မျှော်မှန်းထားသလိုမဟုတ်ဘဲ နောက်ဆုံးတွင် ဗြုံစိနှင့် ဗြိစုံပါပဲဟူသောအဖြေကိုသာရခဲ့သည်။

သို့သော်လည်း နိုင်ငံ၏ အခြေခံဥပဒေသုံးခုအောက်မှာပဲ ဖြတ်သန်းကြီးပြင်းလာခဲ့ရ။ နိုင်ငံတော် အလံသုံးခုကိုအလေးပြုခဲ့ရသော ကျွန်တော်တို့ရင်ထဲမှာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးစိတ်တွေဖြင့် အနာဂတ်၏သာယာလှပမှုကိုမျှော်မှန်းနေဆဲ။ ကျွန်တော်တို့နိုင်ငံသည် အုပ်စိုးသူအဆက်ဆက်၊ နိုင်ငံရေးခေတ်မျိုးစုံ၊ မရေမတွက်နိုင်သောစစ်ပွဲတွေကြားမှာ ဖြတ်သန်းလာခဲ့ရသလို ယခုလည်း ယခင်အတိုင်းကြုံတွေ့ရင်ဆိုင်နေရဆဲ။ တစ်ချိန်တည်းမှာပင် ရောဂါဘေးနှင့် ရေဘေး မီးဘေး ငလျင်နှင့် မုန်တိုင်းဒဏ်တွေကိုလည်း ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေဘေးဒုက္ခမှန်သမျှကို မာန်ဇွဲဖြင့် အံခဲ၍ ခုခံတွန်းလှန်နေသည့်စိတ်ဓာတ်အင်အားသည် ပြိုလဲ၍မသွား။

သည်အရာသည် စွမ်းအားတွေက ကျွန်တော်တို့ပြည်သူလူထု၏ ကိုယ်ရည်ကိုယ်သွေး အမှတ်လက္ခဏာများပင်ဖြစ်သည်။ ပြီးတော့ အမှောင်ခေတ်ကို ကြံ့ကြံ့ခံဖြတ်သန်းရင်းဖြင့် ကောင်းမြတ်သည့်အရည်အသွေးတွေကို နောက်မျိုးဆက်တွေအား အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြသည်။ ဒါတွေက အပေါ်ယံမြင်တွေ့နေကျအရာတွေကိုဖယ်ရှားပြီး နက်နက်ရှိုင်းရှိုင်းတူးဆွကြည့်မှသာ တွေ့မြင်နိုင်ပါလိမ့်မည်။

ကမ္ဘာတည်သ၍ လွတ်လပ်သောနိုင်ငံအဖြစ်တည်ရှိနေဖို့အတွက် စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် အသက်တွေမည်မျှရှိနေပြီလဲ။ ယနေ့အချိန်နိုင်ငံသည် ကိုဗစ်အန္တရာယ်ကျရောက်နေပြီး စစ်မီးတွေလည်း တောက်လောင်နေလျှက်။ နေ့တစ်နေ့အတွက် ကောင်းမွန်စွာရှင်သန်ရခြင်းကိုပဲ ကျွန်တော်တို့တွေးနေခဲ့ရသည်။ နိုင်ငံနှင့်အတူ ခေတ်တွေကိုဖြတ်သန်းလာခဲ့သော ကျွန်တော်သည် ယခုတော့ ကိုဗစ်အန္တရာယ်ထဲမှ လွတ်မြောက်လာခဲ့ရသော်လည်း အားအင်တွေကိုပြန်လည်ပြည့်ဝဖို့အတွက် မည်သည့်နေရာကိုမျှမသွားနိုင် အိမ်ထဲမှာပဲ တွင်းအောင်းသတ္တဝါတစ်ကောင်နှင့်မခြား နေထိုင်နေရသူတစ်ဦးသာဖြစ်သည်။ ထို့အတူ ကျန်းမာရေးကောင်းသည့်တိုင် အသက် အရွယ်အားဖြင့် လူငယ်ကလေးတွေလို သွားခွင့်လာခွင့်မရတော့ပြီ။ သို့ရာတွင် ကျွန်တော့်မှာ ယုံကြည်မျှော်လင့် ချက်တွေရှင်သန်နေဆဲ။

ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားသားတချို့က ကျဆုံးတော့မည့်တိုင်းပြည်ဟု ပြောနေကြသည်။ ကျွန်တော်လက်မခံပါ။ ကျွန်တော်တို့ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်တွေ စွန့်လွှတ်ပေးဆပ်ရမှုတွေ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံတွေက ကိုယ့်နိုင်ငံကိုကယ်တင်ဖို့အတွက် လုံလောက်သည့်စွမ်းအားသတ္တိများပင်ဖြစ်သည်။ မကြာမီ နှစ်တစ်နှစ်သို့ ကူးပြောင်းတော့မည်။ ၂၀၂၁ ခုနှစ်သည်နောက်သို့ကျန်ရစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်သို့ရောက်လာတော့မည်။ နှစ်သစ်မှာ လာမည့်အနာဂတ်အတွက် ကျွန်တော်ဆုတောင်းနေမည်မဟုတ်ပါ။ ပျဥ်းမငုတ်တိုကြီးနှင့်တူနေသည့်နိုင်ငံအတွက် ခိုင်မာသောယုံကြည်မျှော်လင့်ချက်တွေရှိနေ၍ ဖြစ်ပါသည်။ လေဒဏ်မိုးဒဏ်နှင့်ရေ ာဂါဘေးတွေ မည်သို့ပင်ကြုံတွေ့နေရသည်ဖြစ်စေ အမျိုးမျိုးသော ခုတ်ထစ်လှီးဖဲ့ခံရသည်ပဲဖြစ်စေ အချိန် တန်သည်နှင့် အညွန့်အတက်တွေထွက်လာပြီး မိုးကောင်းကင်ဆီသို့ ဝင့်ကြွားစွာဖြင့် မှန်းမျှော်နေပါလိမ့်မည်။ အဲသည်အချိန်ရောက်လျှင်ဖြင့် ပြည်တော်ဝင်သီချင်းကို ကျွန်တော်သီဆိုဖြစ်မည်ထင်သည်။

(ကိုဗစ်ကြောင့် လမ်းခုလတ်မှာ ရုတ်တရက်ထွက်ခွာသွားကြရရှာသည့် ဆရာသိုက်ထွန်းသက်နှင့် ဆရာဦးမျိုးဝင်း (မဟာနန္ဒာ) တို့အတွက် အမှတ်တရ။)

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar