Breaking News

ကိုကျော် (မြစ်ကြီးနား) - နှစ်ပေါင်း ၁၁၀ ကြာမှ စာကြည့်တိုက်ကို ပြန်ပို့လာတဲ့ စာအုပ်တစ်အုပ်

ကိုကျော် (မြစ်ကြီးနား) - နှစ်ပေါင်း ၁၁၀ ကြာမှ စာကြည့်တိုက်ကို ပြန်ပို့လာတဲ့ စာအုပ်တစ်အုပ် 
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၁

၁၉၁၁ ခုနှစ်တုန်းက အိုင်ဒါဟိုပြည်နယ် ဘွိုင်းဇီမြို့ စာကြည့်တိုက်တစ်ခုကနေ New Chronicles of Rebecca အမည်ရတဲ့ စာအုပ်ကို လူတစ်ယောက်က ဌားယူသွားခဲ့ပါတယ်။

အဲဒီနောက် နှစ်ပေါင်း ၁၁၀ ကြာအတွင်း ဘွိုင်းဇီမြို့ရဲ့ စာကြည့်တိုက်တွေက ကူးစက်ကပ်ရောဂါ၊ စီးပွားရေးပျက်ကပ်နဲ့ ကမ္ဘာစစ်တို့ရဲ့ တိုက်ခိုက်ဖျက်စီးမှုတွေကြားမှ ရှင်သန်လွတ်မြောက်ခဲ့ပြီး Kate Douglas Wiggin ရေးသားခဲ့တဲ့ စာမျက်နှာ ၂၇၈ ခုရှိတဲ့ စာအုပ်ကတော့ ပျောက်ဆုံးနေခဲ့ရပါတယ်။ 

ထူးဆန်းစွာပဲ နိုဝင်ဘာလထဲမှာ အဲဒီစာအုပ်က ဘွိုင်းဇီဗဟိုစာကြည့်တိုက်ကို ပြန်ရောက်လာခဲ့ပါတယ်။ စာအုပ်ပြန်ရောက်လာတဲ့ ဆက်စပ်မှု အဖြစ်အပျက်တွေကတော့ အခုထိ ပဟေဠိတစ်ခုလိုဖြစ်နေဆဲလို့ စာကြည့်တိုက်မှုး Lindsey Driebergen က ပြောခဲ့ပါတယ်။ သိရ သလောက်က အဲဒီစာအုပ်ကို အနားတဝိုက်ကမြို့ Garden City စာကြည့်တိုက်တစ်ခုမှာ အောက်တိုဘာလကုန်ခါနီး (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ပြန်လာအပ်သွားတယ်။ (စာတိုက်မှတဆင့်ပို့ခဲ့တာ (သို့မဟုတ်) စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အပ်တဲ့ပုံးထဲမှာ လာထည့်သွားတာ ဖြစ်နိုင်တယ်။) စာအုပ်ထဲမှာ နဂိုမူလ ဘွိုင်းဇီစာကြည့်တိုက်ဟောင်း (ယခုပိတ်သွားပြီ) ရဲ့ စာအုပ်ငှားကဒ်ရှိနေသေးတာကြောင့် စာ ကြည့်တိုက်တာဝန်ခံများက ဘွိုင်းဇီဗဟိုစာကြည့်တိုက်သို့ ပြန်ပြီးပို့ပေးခဲ့ပါတယ်။

ဘယ်သူက စာအုပ်ကိုဌားခဲ့တယ်၊ အခုပြန်လာအပ်တဲ့သူက ဘယ်သူဆိုတာ နဲ့ ဒီကာလတလျှောက် စာအုပ်က ဘယ်နေရာမှာရောက်နေခဲ့တယ် ဆိုတာတွေ ဘာတစ်ခုမှ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ စာအုပ်ရဲ့အနေအထားက ဟောင်းနွမ်းစုတ်ပျက်ခြင်းမရှိ၊ စာမျက်နှာတစ်ခုမှ ပျောက်ဆုံးနေတာမရှိ၊ စာအုပ်မျက်နှာဖုံးကလည်း နဂိုအခြေအနေအတိုင်း ရှိနေတာကြောင့် ဖြစ်နိုင်ခြေတစ်ခုကတော့ စာအုပ်ကို လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်အတွင်း အိမ်ထပ်ခိုးတစ်နေရာမှာ သေချာသိမ်းထားခဲ့မယ်လို့ ယူဆရပါတယ်။

နှစ်ပေါင်းဆယ်စုနှစ်ချီ ကြာပြီးတဲ့နောက်မှ ပြန်လာအပ်ခဲ့တဲ့ စာအုပ်တွေ ရှိခဲ့ဖူးပေမဲ့ နှစ်ပေါင်း ၁၁၀ ဆိုတာကတော့ အတော့်ကိုကြာတဲ့အချိန် ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ဝစ္စကွန်ဆင်မှ အမျိုးသမီးတစ်ယောက်က စာအုပ်ပြန်အပ်ဖို့ ၆၃ နှစ်ကြာပြီးနောက်မှာပဲ စာတိုက်ကနေတဆင့် နယူးယောက်က Queens Public Library ဆီ ပို့ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း အသက် ၇၂ နှစ်အရွယ် မန်ဟက်တန်မြို့ အမျိုးသမီးက ၅၇ နှစ်ကြာ ဌားခဲ့တဲ့စာအုပ်ကို ပြန်အပ်ခဲ့ပါတယ်။ 

စာရေးဆရာမ Kate Douglas Wiggin ရေးသားခဲ့တဲ့ New Chronicles of Rebecca စာအုပ်က ၁၉၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အဲဒီတုန်းက တစ်ဒေါ်လာခွဲ နဲ့ ရောင်းခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ စာအုပ်ကိုငှားသွားတဲ့လူကတော့ အခုချိန်မှာ အေးချမ်းစွာနဲ့ အိပ်စက်အနားယူနိုင်လောက်ပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၉ ခုနှစ်မှစပြီး ဘွိုင်းဇီပြည်သူ့စာကြည့်တိုက်က ရက်ကျော်ခတွေကို ပေးစရာမလိုတော့ပါဘူး။ သို့မဟုတ်ရင် အဲဒီလူက အကြွေးဒေါ်လာ ၈၀၀ လောက် တင်နေမှာဖြစ်ပြီး စာကြည့်တိုက်က တစ်ရက်ကိုရက်ကျော်ကြေး ပြားနှစ်ဆယ်ယူခဲ့တာကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အမေရိကန်စာကြည့်တိုက်အတော်များများ စာကြည့်တိုက်ကိုလာကြဖို့ အားပေးတဲ့အနေနဲ့ ရက်ကျော်ခကို မယူတော့ပါဘူး။


New Chronicles of Rebecca စာအုပ်က စိတ်ကူးယဥ်မိန်းကလေး Rebecca Rowena Randall ရဲ့ ဘဝဇာတ်လမ်းကို ရေးသားဖော်ပြထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၀၃ ခုနှစ်က ပိုပြီးထင်ရှားခဲ့တဲ့ Rebecca of Sunnybrook Farm ဝတ္ထုဇာတ်လမ်းအဆက် ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ Rebecca of Sunnybrook Farm နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး မင်းသမီး Shirley Temple မှ သရုပ်ဆောင်ခဲ့ပါတယ်။

ဘွိုင်းဇီစာကြည့်တိုက်ကို ပြန်ရောက်လာတဲ့ New Chronicles of Rebecca စာအုပ်က အပြင်မှာရှာတွေ့ရခဲတဲ့ ရှားပါးစာအုပ်တော့ မဟုတ်ပါဘူး။ မူရင်း စာရေးဆရာမရဲ့ ခင်ပွန်းသည်ရဲ့ ဝမ်းကွဲညီတော်စပ်သူ Eric E. Wiggin (ယခု ၈၂ နှစ်) က ဝတ္ထုဇာတ်လမ်းတွဲ တတိယမြောက်စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး၊ အဆိုပါစာအုပ်တွေ အရေအတွက်များစွာ ထုတ်ဝေခဲ့ကြောင်း၊ သူ့ဆီမှာတောင် ကော်ပီစာအုပ်များစွာ ကျန်နေသေးလို့ ကြိုးစားပြီးရောင်းထုတ်နေရကြောင်း အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း စာကြည့်တိုက်ကို ပြန်ရောက်လာတဲ့ စာအုပ်ကတော့ တစ်အုပ်တည်းသာရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာအုပ်ရဲ့အဖုံးခွံပေါ်မှာ စာရေးဆရာမနာမည်ကို "Wiggin" အစား "Wiggins" (s တစ်လုံးပိုနေ) လို့ ရေးသားထားတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ နဂိုမူလက စာကြည့်တိုက်ရဲ့ မတော်တဆ မှားယွင်းမှုကြောင့် ဖြစ်နိုင်ပါတယ်။ စာကြည့်တိုက်မှာထားရှိတဲ့ စာအုပ်တွေကို ပုံမှန်အားဖြင့် သက်တမ်းကြာရှည်ခံအောင် နဲ့ အလွယ်တကူ ပျက်စီးမှုမရှိအောင် မျက်နှာဖုံးအခွံထူနဲ့ ထပ်ပြီးချုပ်ထားတာ ဖြစ်ပြီး၊ စာအုပ် နဲ့ စာရေးဆရာနာမည်ကို ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်က စာကြည့်တိုက်ရဲ့မှတ်တမ်း စာရွက်စာတမ်းတွေကို သိမ်းဆည်းထားခြင်းမရှိတော့တာကြောင့် စာအုပ်ဌားသွားသူရဲ့နာမည်ကို မသိရှိနိုင်တော့ပါဘူး။ အခုချိန်မှာ အဲဒီစာအုပ်ကို ဘွိုင်းဇီဗဟိုစာကြည့်တိုက်ရဲ့ အထူးသီးသန့်ခန်း တစ်နေရာမှာ ပြသထားလျက်ရှိပါတယ်။

"ကျမတို့ကတော့ စာအုပ်နဲ့ပတ်သက်ပြီး အရင်တုန်းက ဘယ်နေရာမှာ ရောက်နေခဲ့တယ်ဆိုတာ သတင်းသိရှိထားတဲ့ လူတစ်ယောက်ယောက် ပေါ်လာပြီးပြောပြမှာကို မျှော်လင့်နေပါတယ်။ ဒီစာအုပ်ရဲ့သမိုင်းကြောင်း အနည်းငယ်လောက်ပဲ သိခွင့်ရနိုင်မယ်ဆိုရင်တောင် ကျမတို့အလွန်ပဲ သိချင်ကြပါတယ်။ နောက်ကျကြေးတွေ ဒဏ်ငွေတွေ သေချာပေါက် ပေးစရာမလိုအပ်ပါဘူး" လို့ ဘွိုင်းဇီဗဟိုစာကြည့်တိုက်မှုး Lindsey Driebergen က ပြောသွားကြောင်း။ ။

(The New York Times, Nov 30, 2021 - After 110 Years, an Overdue Book Is Returned to a Library in Idaho)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar