Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၅)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၅)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၁

မြန်မာပြည်မှာ စစ်အုပ်စုနဲ့ဆက်နွယ်သူတွေရဲ့ ဘတ်စ်ကားတွေမစီးဖို့ တိုက်တွန်းလှုံ့ဆော်နေတာတွေ တွေ့နေရပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ ထိရောက်မှု ဘယ်လောက်ရှိနေပြီလဲ၊ လူတွေဘယ်လောက်များများ ယုံယုံကြည်ကြည်နဲ့ ပါဝင်ကြပြီလဲလို့ စဥ်းစားမိတော့ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း အမေရိကန်ပြည်ထောင်စု အယ်လ်ဘားမားပြည်နယ် မောင်ဂိုမာရီမြို့က "ဘတ်စ်ကားသပိတ်" အကြောင်း တွေးမိသွားပါတယ်။ 
ဘတ်စ်ကားမစီးသပိတ်မှတ်တမ်းတခု


၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရိုဆာပတ်က် (Rosa Parks) ဆိုတဲ့ အာဖရိကနွယ်ဖွား အပ်ချုပ်သမ အမျိုးသမီးတစ်ဦးက အလုပ်ကအပြန် ပင်ပင်ပန်းပန်းနဲ့ မောင်ဂိုမာရီမြို့တော်ရဲ့ ဘတ်စ်ကားတစ်စင်းပေါ်တက်၊ ကားနောက်ပိုင်းမှာ ထိုင်ပြီး လိုက်ပါခဲ့ပါတယ်။ ကားနောက်ပိုင်းဆိုတာက သူတို့လူမည်းတွေ ထိုင်ခွင့်ရတဲ့နေရာပါ။ ကားရှေ့ပိုင်းမှာ ခရီးသည်များပြည့်လာတော့ ယာဉ်မောင်းက လူဖြူတစ်ယောက်အတွက် နေရာဖယ်ပေးဖို့ ရိုဆာပတ်က်ကို ပြောပါတယ်။ 

ပုံမှန်အားဖြင့် မောင်ဂိုမာရီမြို့ ဘတ်စ်ကားများမှာ လူဖြူ လူမည်း နေရာသတ်မှတ်ထားခြင်းမရှိပေမယ့် ခွဲခြားခြင်းဥပဒေအရ လူမည်းများကို ကားနောက်ပိုင်းမှာသာ ထိုင်ခွင့်ပြုထားပါတယ်။ လူဖြူတွေကတော့ ကားတစ်စင်းလုံး နေရာမရွေး ထိုင်ခွင့်ရတဲ့အပြင် သူတို့အလိုရှိရင် လူမည်းတွေက နေရာဖယ်ပေးရမှာဖြစ်ပါတယ်။ ရိုဆာပတ်က်က လူဖြူအတွက် နေရာဖယ်ပေးဖို့ ငြင်းဆန်ပြီး ဆက်လက်ထိုင်နေခဲ့ပါတယ်။
 
ဒါကြောင့် အာဏာပိုင်တွေက သူမကိုဖမ်းဆီးပြီး ရဲစခန်းကနေ ထောင်ကိုပို့လိုက်ပါတယ်။ ပြီးတော့ ညနေမှာ သူမကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူမကို ဖမ်းဆီးတဲ့သတင်း တမဟုတ်ချင်း ပျံ့နှံ့သွားပြီး မောင်ဂိုမာရီမြို့က လူမည်းတွေဟာ ခွဲခြားဆက်ဆံခြင်းစနစ်ကို ဆန့်ကျင်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရက်အနည်းငယ်အတွင်း မောင်ဂိုမာရီမြို့ရှိ လူမည်းအများအပြားက သူမကို ထောက်ခံတဲ့အနေနဲ့ ဘတ်စ်ကားမစီးဘဲ စတင် ဆန္ဒပြကြပါတော့တယ်။ 

သပိတ်မှောက်မှု မရပ်တန့်ဖို့ ဒေသခံလူမည်းခေါင်းဆောင်များက မောင်ဂိုမာရီ တိုးတက်ရေးအသင်း (Montgomery Improvement Association - MIA) ကို ဖွဲ့စည်းလိုက်ကြပြီး အသက် ၂၆ နှစ်ရှိ ခရစ်ယာန်ဘုန်းတော်ကြီး မာတင်လူသာကင်းကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ ထိုအဖွဲ့က သပိတ်တိုက်ပွဲ ဆက်လက်ရှင်သန်အောင် ပံ့ပိုးခဲ့ပါတယ်။ ၁ နှစ်ကျော်တဲ့အထိ ငယ်ရွယ်သူရော အိုမင်းသူများပါ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ MIA က စီစဉ်ပေးတဲ့ကားများမှာ စုပေါင်းစီးနင်းခြင်း၊ အငှားကားစီးခြင်း၊ ကားကြုံလိုက်ခြင်း၊ လားသတ္တဝါများကို စီးနင်းခြင်း စသဖြင့် ဘတ်စ်ကားမစီးဘဲ အလုပ်သွားကြပါတယ်။ 

ရိုဆာပတ်က်

သောင်းနဲ့ချီတဲ့ လူအများက နေ့စဉ် အဲဒီလို ဆန္ဒပြခဲ့ကြတဲ့အခါ အာဏာပိုင်တွေက သပိတ်မှောက်မှုကို ရပ်တန့်ပြီး လူမည်းတွေ ဘတ်စ်ကား ပြန်စီးစေချင်တာကြောင့် သပိတ်ခေါင်းဆောင်တွေကို ရာဇဝတ်မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တာကို သတင်းဌာနတွေကတဆင့် တတိုင်းပြည်လုံး သိရှိလာပါတော့တယ်။ ဒါကြောင့် ခွဲခြားဆက်ဆံမှုတွေအပေါ် ဝေဖန်လာကြသလို အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ကြတဲ့ အသင်းအဖွဲ့များကိုလည်း အသိနိုးကြားစေခဲ့ပါတယ်။ 

သပိတ်မှောက်မှုက ဘတ်စ်ကားကုမ္ပဏီများကို အထိနာစေပါတယ်။ ပုံမှန် ဘတ်စ်ကားစီးနင်းသူရဲ့ ၄ ပုံ ၃ ပုံက လူမည်းများဖြစ်တာကြောင့် ဘတ်စ်ကားမစီးရေး သပိတ်မှောက်တဲ့အခါ ဘတ်စ်ကားအများအပြား မထွက်နိုင်ဖြစ်လာပြီး ဘတ်စ်ကားခလည်း ၁၀ ပြားကနေ ၁၅ ပြားကို တိုးမြှင့်ခဲ့ရပါတယ်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလမှာတော့ "မောင်ဂိုမာရီမြို့က ဘတ်စ်ကားတွေမှာ အသားအရောင်ခွဲခြားခြင်း မရှိစေရ"လို့ ဗဟိုတရားရုံးချုပ်က အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ 

၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဘတ်စ်ကားဆန္ဒပြမှုက ရိုဆာပတ်က်၏ ပထမဆုံးဖြစ်ရပ် မဟုတ်ပါ။ ၁၉၃၀ ပြည့်လွန်နှစ်အတွင်း လူဖြူမိန်းကလေး ၂ ဦးကို အဓမ္မပြုကျင့်တယ်ဆိုပြီး လူမည်း လူငယ် ၉ ဦးကို မှားယွင်းဖမ်းဆီးတဲ့အမှုမှာ လူငယ်တွေလွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်ကလည်း မောင်ဂိုမာရီ ဘတ်စ်ကားပေါ်မှာ နောက်ဘက်ပြောင်းခိုင်းတာကို ငြင်းဆန်လို့ ကားပေါ်က ဆွဲချတာ ခံခဲ့ရဖူးပါတယ်။ 

၁၉၅၅ ခုနှစ်ဖြစ်ရပ်က သူမကို နာမည်ကြီးစေပြီး လူထုက သူမဘက်ကနေ ရပ်တည်ခဲ့ပေမယ့် သူမ အလုပ်လုပ်ရာ ဖဲ ကုန်တိုက် (Fair Department Store) ကတော့ သူမကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ (ရိုဆာပတ်က်ဟာ ၁၉၉၉ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်ကချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။) 

အောင်မြင်မှုတိုင်းမှာ ပေးဆပ်မှုဆိုတာရှိပြီး မလျှော့တမ်းဇွဲနဲ့ ဆောင်ရွက်ရင်လည်း ရည်မှန်းချက်တွေ၊ အိပ်မက်တွေ အကောင်အထည်ပေါ်နိုင်တဲ့အကြောင်း ဒီ "ဘတ်စ်ကား သပိတ်" က သက်သေပြနေပါတယ်။ မှန်ကန်တဲ့ဦးဆောင်မှုရှိရင် ညီညွတ်တဲ့ပူးပေါင်းပါဝင်မှုတွေ မလွဲမသွေ ရှိလာမှာပါ။ 

ကျနော်တို့မှာ ကျနော်တို့ ရှိပါတယ်။ ။
 
ထိန်လင်း
၂၄၊ ၁၁၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar