Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁ ရက်မြောက်နေ့ မြင်ကွင်း

စစ်ကိုင်း ယင်းမာပင်က စစ်ဘေးရှောင်များ (Photo - DVB)

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

စစ်ဘေးရှောင်တွေ တိုးပွား၊ မြို့တွေမှာလည်း ဆင်းရဲမွဲတေမှု မြင့်တက်လာမယ့်အလားအလာ

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းမြောက်ပိုင်းတွေမှာ စစ်အာဏာသိမ်းပြီး နောက် လက်နက်ကိုင် တိုက်ခိုက်လာကြတဲ့နောက် ကျေးရွာတွေ မြို့တွေရဲ့ အနီးအနားကျေးရွာတွေမှာ ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ မြေလှန်စနစ်နဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် အသက်ဘေး လွတ်ကင်းရာကို တိမ်းရှောင်ကြရရာမှာ ပြီးခဲ့တဲ့ ၁၀ လအတွင်း သိန်းဂဏန်းနဲ့ ချီရှိလာနေပါတယ်။

စစ်ကိုင်းတိုင်း တခုထဲတင် ၇ သောင်းခွဲကျော်ရှိတယ်လို့ သုတေသနပြုတဲ့အဖွဲ့တဖွဲ့က ဖေါ်ပြထားတာတွေ့ရပါတယ်။ ချင်းပြည်နယ်ရဲ့ အချို့သော မြို့နယ် မင်းတပ်၊ ထန်တလန်လို မြို့တွေဆို မြို့နေသူအားလုံးနီးပါး စွန့်ပြီးတိမ်းရှောင်သွားကြရတာ ဖြစ်ပြီး ကယားပြည်နယ်မှာလည်း ဒီမော့ဆိုလိုမြို့နယ်တွေ ရှမ်းကယား နယ်စပ်က ဖယ်ခုံလို မြို့နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ တိမ်းရှောင်သူတွေ ထောင်နဲ့ချီနေပြီး စစ်အာဏာမသိမ်းမီကတည်းက စစ်ဘေးရှောင်တွေ ရှိတဲ့ ရှမ်းမြောက်လိုဒေသမှာလည်း အသစ်သစ်သော တိုက်ပွဲတွေ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနေ ကျေးရွာတွေမြို့နေလူထုအဖို့တော့ ဆယ်စုနှစ် အတော်များများအတွင်း ပထမဆုံးအကြိမ် အဖြစ် စစ်ဘေးရှောင်ကြရတာ ဖြစ်ပြီး စစ်ဘေးရှောင်နေရတဲ့သူတွေအနေနဲ့ နေစရာ ထိုင်စရာ ရေရရှိမှု ဆေးဝါး ရိက္ခာအကူအညီတွေ စတဲ့ အခက်အခဲတွေကို မိမိတို့ဘာသာ မိမိတို့ဖြေရှင်းနေကြရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

လက်ရှိ လက်နက်ကိုင်တိုက်ပွဲတွေ ပဋိပက္ခတွေဖြစ်ပွားနေတဲ့နေရာတွေဟာ မြန်မာနိုင်ငံရဲ့ အတွင်းထဲမှာသာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေဆီ တိမ်းရှောင်ရတဲ့အခြေအနေမျိုးမဟုတ်ပဲ နိုင်ငံအတွင်းမှာပဲ တရွာကနေ တရွာ ၊ တနယ်က တနယ် တိမ်းရှောင်နေကြရတာမျိုး ဖြစ်ပါတယ်။ အချို့နယ်တွေမှာ အုပ်ချုပ်ရေး ပျက်ပြားနေတဲ့ လက္ခဏာတွေလည်း တွေ့မြင်နေရပါတယ်။ ၁၀၀ ရာနှုန်း အတိုင်းအတာနဲ့ ပြည်တွင်းစစ်မဟုတ်ပေမယ့်လည်း အချို့သော ပဋိပက္ခဒေသတွေမှာ လုံးဝအုပ်ချုပ်ရေး မရှိတော့တဲ့ သဖွယ်ဖြစ်လာတာကြောင့် ဓါးပြမှု လူသတ်မှုတွေ ဖြစ်ပွားနေတဲ့ သဘောလို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကိုင်းတိုင်းထဲက ကျေးရွာတရွာမှာ မိသားစုဝင် ၅ ဦးလုံး သတ်ခံရကာ ပိုင်ဆိုင်မှုပစ္စည်းတွေဖြစ်တဲ့ ရွှေ၊ ငွေတွေ ယူဆောင်သွားတဲ့ သတင်းတွေ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်မှု၊ အသက်အိုးအိမ်းစည်းစိမ် အာမခံမှုတွေ လျော့ပါးလာတဲ့ ပဋိပက္ခဒေသတွမှာ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက် ဖမ်းဆီး သတ်ဖြတ်ကြတာ၊ စစ်အုပ်စုတွေကို တိုက်ခိုက်တွန်းလှန်နေရင်းကနေ မိမိတို့ ရပ်ရွာအတွင်းမှာ အချင်းချင်း မယုံကြည်မှု သံသယဖြစ်ပွားမှုတွေနဲ့ ရပ်ရွာတွင်း ပုံမှန်ဆက်ဆံရေးတွေ ပျက်ယွင်းလာတာ၊ အုပ်စုဖွဲ့မှုတွေ ပြင်းထန်လာတာတွေကို တွေ့ရှိနေရပါတယ်။ နောင်မကြာခင်မှာ သတင်းမီဒီယာတွေမှာ ပြည်သူတွေဆီက အဲသည်အဖြစ်အပျက်တွေ ကြားသိလာရဖို့ ရှိလာပါလိမ့်မယ်။

တချို့အခြေအနေတွေက စစ်ကောင်စီဘက်က ပဥ္စမံသဘောမျိုးနဲ့အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စတွေကို မလုပ်တော့ပဲ လူထုကြားထဲ အခုလို အုပ်ချုပ်ရေးလစ်ဟာမှုအခြေအနေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်လာအောင် တမင်လမ်းကြောင်းဖွင့်ပေးထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေ့မှာပဲ မန္တလေးမြို့လယ်က အိမ်တအိမ်မှာ အိမ်ရှင်ဆရာဝန်ကို ဓါးနဲ့ထိုးပြီး ပစ္စည်းလုယူဖို့ ကြံစည်မှု တခုဖြစ်ပွားခဲ့ပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားပြီး မြန်မာနိုင်ငံကို စစ်မီးရောက်ရှိလာချိန် အင်္ဂလိပ် အုပ်ချုပ်ရေးအရုပ် အစားထိုးတဲ့ အုပ်ချုပ်ရေး ဝင်နေရာမယူနိုင်ခင် ရပ်ရွာတွေထဲ အိမ်တွေဖောက်၊ ပစ္စည်းယူ လူသတ်တဲ့ အဖြစ်အပျက်မျိုးနဲ့ နှိုင်းယှဥ်ရတဲ့ အနေအထားတော့မဟုတ်သေးပါဘူး။ သို့ပေမယ့်လည်း အလားတူ အခြေအနေမျိုးကို တချို့သော ကျေးရွာတွေ မြို့တွေမှာ နေရာကွက်ပြီး မြင်တွေ့နေရတာက သမိုင်းမှတ်တမ်းတွေထဲ ရေးသားခဲ့ကြတဲ့ အဲဒီခေတ်က အခြေအနေတွေကို ပြန်သတိရ နှိုင်းယှဥ်တွေးမိစေပါတယ်။

တိုက်ခိုက်ရေး စစ်ရေး ကို အားပြုနေရတဲ့အချိန်မှာ အုပ်ချုပ်ရေးကို အာရုံမထားနိုင်သလို အဲလိုအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတာတချို့ရှိပေမယ့် လက်တွေ့ အလုပ်လုပ်နိုင်တဲ့ အနေအထားလည်း မဟုတ်သေးတာတွေ့ရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင်က လက်နက်ကိုင်တွေကို ကျော်လွန်ပြီး အုပ်ချုပ်ရေးဩဇာမသက်ရောက်တာကို စစ်အုပ်စုဘက်နဲ့ ဆန့်ကျင်နေသူဘက် ၂ဘက်စလုံးမှာ အဖြစ်က တူနေပါတယ်။

ဥပဒေစိုးမိုးရေး လို့ဆိုရင် အုပ်ချုပ်ရေး အာဏာရှိဖို့လိုအပ်ပါတယ် ။နယ်မြေကို လုံးလုံးလျားလျား မစိုးမိုးနိုင်သေးခင်မှာ အုပ်ချုပ်ရေးအာဏာနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ထူထောင်နိုင်ဖို့ အခက်အခဲတွေ ရှိနေမှာ အမှန်ပင် ဖြစ်သော်လည်း ကြားကာလ လစ်ဟာနေတဲ့ ဥပဒေစိုးမိုးရေး အုပ်ချုပ်ရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာက အဓိက မေးခွန်းတခုဖြစ်သလို အမြန်ဆုံးအဖြေရှာကြရမယ့် ကိစ္စရပ်တခုလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင် ပြဿနာရပ်နဲ့ ဆက်စပ်နေတဲ့ နောက် ပြဿနာတခုကတော့ ဆင်းရဲမွဲတေမှု ပြဿနာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် အသက်မသေရေးက အရေးကြီးသလို စစ်ပွဲ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက် အငတ်ဘေးကြောင့်လည်း အသက်မဆုံးရှုံးကြဖို့ အရေးကြီးပါတယ်။

ကိုဗစ်ကန့်သတ်မှုတွေ နှစ်နဲ့ချီကြာလာချိန် စစ်အာဏာသိမ်းမှုက ထပ်ပြီးဆိုးကျိုးတွေဆင့်လိုက်ချိန်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက် ခန့်မှန်းခြေ ၂၂ သန်းလောက်က ဆင်းရဲမှုအဆင့်အောက်ကို ရောက်သွားလိမ့်မယ်လို့ ကုလသမဂ္ဂ လေ့လာမှုစစ်တမ်းက ဆိုလိုက်ပါတယ်။ တရက်ကို ဝင်ငွေ ၁ ဒေါ်လာ အောက်မှာ ရှိတဲ့အနေအထားကို လူဦးရေထက်ဝက်ကျော် ရောက်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးလို့လည်း ရည်ညွှန်းပြောဆိုထားတာ ဖြစ်ပါတယ်။ လူလတ်တန်းစားလို့ ခေါ်တဲ့ စားရေးအတွက် နေရေးအတွက် အသည်းအသန် ရုန်းကန်စရာမလိုတဲ့ အလွှာပျောက်ကွယ်သွားမယ်ဆိုတဲ့ သဘောမျိုးလည်း ဥပမာပေး လေ့လာမှုစစ်တမ်းက ညွှန်းဆိုထားပါတယ် ။

ဒီအခြေအနေတွေက လက်ရှိရောက်နေတဲ့ နိုင်ငံရေးအနေအထားမှာတင် ခန့်မှန်းတွက်ချက်ထားမှုလို့ ထင်ပါတယ်။ နိုင်ငံရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့ရင် ဒီအစီရင်ခံစာ မှန်းဆချက်တွေထက်ကို ပိုမိုဆိုးရွားသွားနိုင်စရာလည်း ရှိနိုင်ပါတယ်။

ကျေးလက်တွေက တောင်သူလယ်သမားတွေ အနေနဲ့ စိုက်ပျိုးရေး တပိုင်တနိုင်မွေးမြူရေးလိုမျိုး မလုပ်နိုင်ကြတော့ပဲ စစ်ဘေးရှောင်နေကြရတဲ့အခြေအနေ ပိုများပြားလာသလို မြို့တွေမှာလည်း ကျေးလက်တွေက ဝယ်ယူမှု စားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှုအပေါ်မှှီတည်တဲ့ ကုန်သွယ်မှုက ကျဆင်းလာမှာ ဖြစ်သလို မြို့ပေါ်မှာ မတည်ငြိမ်မှု နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုတွေက ခုသာခံသာမရှိတဲ့ လူအများစုကြီးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြည့်လိုက်ရင် ပြည်တွင်းစစ် အပြည့်အဝ ဖြစ်လာမယ့် လမ်းကြောင်းလား သို့မဟုတ် နိုင်ငံရေး အရ အဖြေရှာနိုင်ပြီး ပြည်တွင်းစစ်နှုတ်ခမ်းဝက ပြန်လှည့်နိုင်မလားဆိုတာတော့ ခုအချိန်မှာ ဘယ်သူမှ တိတိကျကျ မမှန်းဆနိုင်သေးတဲ့ အနေအထားလို့ပဲ ဆိုရမယ် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar