Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၃ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၁

◾️ တိုက်ပွဲအရှိန်မြင့်လာတဲ့ လေးကေကော်ဒေသနဲ့ ကရင်ပြည်နယ် 
ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ လေးကေကော်ဒေသက တိုက်ပွဲတွေဟာ တပတ်ကျော်အကြာမှာတော့ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပြီး အရှိန်မြင့်လာနေတာလည်း ဖြစ်ပါတယ်။ ၁၅ ရက်နေ့ နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ ကေအန်ယူနဲ့ စစ်ကောင်စီအကြားက တိုက်ပွဲဟာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာမယ့် အလားအလာတွေလည်း ရှိနေတာတွေ့ရပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာတော့ လေယာဥ်နဲ့ ပထမဆုံးဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိဘူးလို့တော့ ကေအိုင်စီသတင်းမှာ ဖေါ်ပြထားပြီး လက်နက်ကြီး အချက် ၅၀ လောက်ပစ်ခတ်ခဲ့တယ်လို့လည်း သတင်းမှာဖေါ်ပြထားပါတယ်။ မြေပြင်တိုက်ပွဲတွေကို ရဟတ်ယာဥ်နဲ့ အကူပစ်ခတ်ပေးနေတာတော့ အရင်ရက်တွေကတည်းက သတင်းတွေထဲပါရှိပေမယ့် လေယာဥ်နဲ့ ဗုံးကြဲတာ လေးကေကော်တိုက်ပွဲဖြစ်ပွားကတည်းက ပထမဆုံးအဖြစ်အပျက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ကေအန်ယူရဲ့ တပ်မဟာ ၅ ဧရိယာထဲက စစ်ကောင်စီ ခြေကုတ်စခန်းတွေကို ကေအန်ယူဝင်သိမ်းခဲ့ပြီးနောက်မှာလည်း အဲဒီဒေသက ကျေးရွာတွေနဲ့စခန်းတွေအပေါ်  စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့ဖူးတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့ တပ်မဟာ ၅ ဧရိယာ တိုက်ပွဲတွေပြီးနောက်မှာ အခု လေးကေကော် ဒေသတိုက်ပွဲတွေက အပြင်းထန်ဆုံး ဖြစ်ပါလိမ့်မယ်။ အခုတကျော့ပြန်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေမှာတော့ ကေအန်ယူနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့လို့ သတင်းမီဒီယာတချို့မှာ သုံးနှုန်းကြတာတွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြိုခွဲတာ အင်အားသုံးဖြိုခွဲတာ ဆန္ဒပြသူ ရာနဲ့ချီသေဆုံးခဲ့တဲ့နောက် ပြည်နယ်တိုင်းအသီးသီးက စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက် ဖြုတ်ချမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်သင် တန်းတွေ တက်နိုင်ပြီး လက်နက်ကိုင်တိုက်ခိုက်ဖို့ အခွင့်အလမ်းရှိမယ့် ကေအန်ယူထိန်းချုပ်နယ်မြေကို သွား ရောက်ခဲ့ကြသူ ထောင်နဲ့ချီတဲ့လူငယ်တွေ ရှိခဲ့ပါတယ်။ ဒီလူငယ်တွေက အခုလေးကေကော်ဒေသတိုက်ပွဲမှာ ကေအန်ယူတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတာလို့ ယူဆရပါတယ်။ 

ကေအန်ယူအဖွဲထဲမှာ ကရင်လူမျိုးစုလွတ်မြောက်ရေး လှုပ်ရှားမှုထဲ လုပ်ဆောင်နေသူတွေအထဲမှာလည်း ယခင် ၂၀၁၂ နဲ့  ၂၀၂၀ အကြား လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ထဲက အန်စီအေစာချုပ်ကို စွန့်လွှတ်လိုက်ဖို့ ဆန္ဒရှိသူတွေ အများအပြားရှိပြီး အသက်အရွယ်ကြီးရင့်သူတချို့ကတော့ အန်စီအေစာချုပ်ကို ဆက် လက်ကိုင်စွဲထားပြီး အဆိုပါသဘောတူညီချက်ကို မဟာဗျူဟာအရ သို့မဟုတ် နည်းဗျူဟာအရ အသုံးချလိုကြတဲ့ သဘောတွေ့ရပါတယ်။ ကေအန်ယူအနေနဲ့ စစ်ကောင်စီနဲ့ ကျယ်ပြန့်တဲ့တိုက်ပွဲတွေတိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်ပြီလား မဆုံးဖြတ်ရသေးဘူးလားဆိုတာတော့ ခုအနေအထားမှာ သဲသဲကွဲကွဲမရှိသေးပါဘူး။ 

လက်ရှိဖြစ်ပွားနေတဲ့ NUG ရဲ့ အခန်းကဏ္ဍကဘာလဲဆိုတာလည်း သဲသဲကွဲကွဲ မသိရှိရသေးပါဘူး။ လက်ရှိတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့ အနေနဲ့ ပါဝင်တယ်ဆိုခဲ့ရင် ဘယ်လို ဖွဲ့စည်းပုံမျိုးနဲ့ ဘယ်လိုအမိန့်ပေးစနစ်မျိုးနဲ့ ဘယ်လို တပ်ဖွဲ့မျိုးနဲ့ ပါဝင်သလဲဆိုတာတွေက ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ 

ရှုထောင့်တခုကနေ သုံးသပ်ကြည့်ရင်တော့ လေးကေကော်ဒေသဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတော့မဟုတ်ပေမယ့် နိုင်ငံရေးခံစားချက်အရ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ သင်တန်းတက်ရောက်ထားတဲ့ PDF လူငယ်တွေရဲ့ ပွဲဦးထွက် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်လိုတဲ့ ဆန္ဒပြင်းပြမှု စတဲ့ လူထုကို လှုံ့ဆော်စည်းရုံးမှုတွေအရတော့ အာရုံစိုက်ခံရတဲ့တိုက်ပွဲတခု ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကနေ ကရင်ပြည်နယ် တခုလုံးနဲ့ ကေအန်ယူ လက်နက်ကိုင်တပ်တွေရှိတဲ့ ပဲခူးတိုင်း မွန်ပြည်နယ်၊ တနင်္သာရီ စတဲ့ဒေသတွေပါ ပျံ့နှံ့ဖြစ်ပွားလာမလားဆိုတာတော့ ခုနေအခါမှာ ခန့်မှန်းပြောဆိုဖို့ စောပါသေးတယ်။ 

တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ ဒီတိုက်ပွဲဖြစ်လာမယ့် အလားအလာကို မှန်းဆထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ အန်ယူဂျီနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေရှိတဲ့နေရာ စစ်ရေးအရ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာမဟုတ်တဲ့နေရာကို ပစ်မှတ်ထားပြီး ဝင်ရောက်ဖမ်းဆီးရာကနေ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်လာနိုင်တာ မှန်းဆထားပြီး ဖြစ်ပါလိမ့်မယ်။ 

မြို့တွေမှာလုံခြုံရေးချထားတဲ့ စစ်အင်အားတွေ၊ စစ်ကိုင်းတိုင်းမှာ ချင်းပြည်နယ် မကွေးတိုင်းအစပ်မှာ လက်နက်ကိုင်တပ်တွေ အင်အားအများအပြားသုံးနေရချိန်မှာ မြန်မာနိုင်ငံတောင်ပိုင်း မြဝတီမြို့နယ်က လေးကေကော်ဒေသမှာ တိုက်ပွဲရင်ဆိုင်နိုင်တယ်ဆိုတာမျိုးကိုလည်း ပြသချင်တာ ဖြစ်ပါလိမ့်မယ်။ 

စစ်ကောင်စီဘက်က အကျအဆုံး အသေအပျောက်များနေသည့်တိုင် သူတို့ရဲ့ တပ်တွေကို နေရာချနိုင် လှုပ်ရှားနိုင် စစ်ဆင်ရေးသဘောမျိုး ရင်ဆိုင်တိုက်ခိုက်နိုင်တယ်ဆိုတာမျိုး ပြသချင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar