Breaking News

နေချိုသွေး - ကြိုးကြာငှက်လို မိုင်ထောင်ချီခရီးစဉ်တွေ

နေချိုသွေး - ကြိုးကြာငှက်လို မိုင်ထောင်ချီခရီးစဉ်တွေ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၁

ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ပေ အမြင့်မှာတည်ရှိတဲ့ ရှမ်းနယ်ရဲ့ မြို့လေးတမြို့မှာ ဘယ်လိုမှနေလို့မဖြစ်တဲ့ အခြေအနေနဲ့ကြုံတဲ့နောက် မြန်မာပြည်မြောက်ဖျားဘက်ကို အောင်မြင်စွာနဲ့ ဆုတ်ခွာခဲ့ပါတယ်။

လမ်းတလျှောက် အစစ်အဆေးအမေးအမြန်းတွေနဲ့ကြုံတဲ့အခါ ကျနော့် ဘယ်ဖက်လက်ကဒဏ်ရာက တစစ်စစ်နဲ့ ကိုက်ခဲနာကျင်နေတယ်။‌ တောင်ပေါ်မြို့လေးမှာ ရှောင်ရင်းတိမ်းရင်းနဲ့ ရရှိတဲ့ဒဏ်ရာကို ထိုမြို့လေးရဲ့ ကဗျာ ဆရာ အကိုကြီး ဆရာဝန်က မေတ္တာနဲ့ (၄) ချက်ချုပ်ပေးပြီး ဆေးထိုးဆေးတိုက်လို့ သူ့၀ပ်ကျင်းလေးမှာပဲ (၂) ရက်‌အထိနေထိုင်ခဲ့ရင်း နောက်ရက် မနက်မှာ မြို့ လေးထဲကနေ ထွက်လာခဲ့တယ်။

အဲ့ဒီမနက်က ကျနော်တို့ ကဗျာစာပေအဖွဲ့သားတွေရဲ့စုရပ်ဖြစ်တဲ့ ကဗျာဆရာတယောက်ထံ ကျနော်ရောက်နေခဲ့ပါတယ်။ ကျနော့်မှာ ကဗျာဆရာရဲ့ကျေးဇူးနဲ့ သူငှားပေးလိုက်တဲ့ပိုက်ဆံနဲ့ အနွေးထည်အင်္ကျီ‌‌လေးဝတ်လို့။

မင်းအောင်လှိုင်ဦးစီးတဲ့စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ဖို့ စတင်လုပ်ဆောင်လာတဲ့နောက် မခံချင်စိတ်တခုထဲနဲ့ စစ်အာဏာရှင်အောက်မနေလိုမှုနဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ မနက် (၉) နာရီခွဲမှာ မြို့လေးရဲ့ တက္ကသိုလ်ရှေ့ကနေစတင်လို့ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့တယ်။ တောင်ပေါ်မြို့လေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်ဖို့ မြို့ကလူထုကို လမ်းပေါ်ဆွဲတင်ပေးတဲ့နေရာမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပါဝင်ခဲ့တယ်။

ပထမဆုံး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ ညီအကိုမောင်နှမတွေကို စတင်ဖမ်းဆီးသာနဲ့ ကြုံရပါပြီ။ ပထမဆုံးအကြိမ် ဆန္ဒပြတဲ့အထဲက ယောက်ျားလေး (၂) ယောက် မိန်းခလေး (၁) ယောက် စတင် ဖမ်းဆီးခံလိုက်ရတယ်။

ကျနော်နေထိုင်ရာ ကျနော့်အိမ်ကိုလည်း ဖေ‌ဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ (၄ နာရီ ၄၅ မိနစ်) ခန့်မှာ အင်အား (၄၀) လောက်နဲ့ ဖမ်းဖို့ကြိုးစားရာမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်။ ကျနော့်အနေနဲ့ မြို့မှာ မရှိတဲ့နောက်ပိုင်း စက်တင်ဘာလ (၁၂) ရက်‌နေ့ ည (၁၁) နာရီခန့်မှာလည်း ကျနော့်အိမ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး အာဏာရှင်လက်ပါးစေ စစ်သားတွေ ကျနော့်ကို လာရှာကြတယ်လို့ သိလိုက်ရတယ်။

ကျနော်ဟာ ဒီအသက်အရွယ်အထိ တရားဥပဒေလက်အောက်မှာ နိုင်ငံသား‌ကောင်းတယောက်အနေနဲ့ ရှင်သန်နေထိုင်ခဲ့သူပါ။ နိုင်ငံသားတယောက်အနေနဲ့ အကြမ်းမဖက်ပဲ လွတ်လပ်စွာနဲ့ ‌ဆန္ဒထုတ်ဖော်ပြောဆို ရေးသားခွင့်ရှိတဲ့အတိုင်း ပြုမူလို့ တိုင်းပြည်ကို အကြမ်းဖက်ပြီး အဓမ္မအာဏာသိမ်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြခဲ့တာပါပဲ။ မတရားမှုတွေကို တရားနည်းလမ်းကျကျ ထုတ်ဖော်ကြွေးကြော်ဆန္ဒပြခဲ့တဲ့ အချိန် နေ့ရက်တွေ။

စစ်တပ်လက်အောက်ခံ အာဏာပါးကွက်သား ရဲတွေရဲ့ ကျည်အစစ်နဲ့ပစ်ခတ်သတ်ဖျက်မှုမှာ ကျနော်နဲ့အတူ ပါဝင်ဆန္ဒပြ လှုပ်ရှားခဲ့တဲ့ ကျနော့်‌ညီလေးအရွယ် နှစ်ယောက် သေနတ်ကျည်ထိမှန်ပြီး ကျဆုံးကွယ်လွန်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် (၃) လပိုင်း (၂၇) ရက်နေ့ မနက် (၇) နာရီခန့်မှာ အာဏာရှင်လက်ပါးစေ စစ်သားနဲ့ ရဲတွေရဲ့ကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်မှုမှာ ကျဆုံးခဲ့သာပါ။ အဲ့ဒီအချိန်က စစ်အာဏာရှင်လက်ပါးစေ အကြမ်း ဖက်သမားတွေ သေနတ်နဲ့ပစ်ခတ်လို့ မိန်းခလေး (၁) ယောက် ယောက်ျားလေး (၃) ယောက် (၁) ရက်ထဲ (၄) ယောက် သေဆုံးသွားခဲ့ရပါတယ်။

ကျနော့်အနေနဲ့ ညီအကိုလို ချစ်ခင်ရတဲ့ ကဗျာဆရာတယောက်ရဲ့ ၀ပ်ကျင်းလေးထဲမှာခိုနေရင်းက တောင်ပေါ်မြို့‌လေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတွေကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပါဝင်လုပ်ဆောင်ခဲ့ရင်း အဖမ်းအဆီးတွေကြားက တဖြည်းဖြည်းနယ်ကျဉ်းလာတဲ့ တောင်ပေါ်မြို့မှာ ဘယ်လိုမှနေလို့မဖြစ်တော့သာနဲ့ ဧပြီလ အစရက်ထဲမှာ မြို့လေးထဲကနေ အောင်မြင်စွာနဲ့ ဆုတ်ခွာထွက်လာခဲ့ရပြီ။ ညီအကိုလို ချစ်ခင်ရတဲ့ ကဗျာဆရာရဲ့၀ပ်ကျင်းလေးထဲမှာနေထိုင်စဉ် အစစအရာရာ အဆင်ပြေအောင် ကျွေးမွေးခဲ့တဲ့ သူ့မိသားစု၀င်တွေကိုလည်း ကျနော့်ဘဝတလျှောက် သယ်ဆောင်သွားရမယ့် ကျေးဇူးတရားတွေပါပဲ။

ထိုတောင်ပေါ်မြို့လေးကနေတဆင့် မန္တလေးမြို့ကို ညမမှောင်ခင် ရောက်ချင်နေမိတယ်။ လမ်းခရီးတလျှောက် လက်နက်ကိုင်စစ်သား‌တွေရဲ့စစ်ဆေးမေးမြန်းမှုတွေကိုဖြေရင်းက မြန်မာပြည်မြောက်ဖျားဘက်ဆီဦးတည်နေတဲ့ကားပေါ် မှာ ကြုံသလို ဖြစ်သလိုစီးရင်း ခရီးရဲ့သယ်ဆောင်ရာအတိုင်း လိုက်ပါသွားခဲ့ပါတယ်။အာဏာရှင်စစ်တပ်ရဲ့ လက်ပါးစေ ပါးကွက်သားတွေရဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုနဲ့ မကြုံချင်လို့ မြို့လေးထဲက ထွက်ချလာတဲ့ ကျနော့်မှာ “အာဏာရှင် မောင်းထုတ်ကြမယ်...အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံကို လမ်းပြမြေပုံလို မှတ် ယူလို့...ခရီးရဲ့ သယ်ဆောင်ရာအတိုင်း လိုက်ပါချီတက်နေပါတော့တယ်။

စာရေးဆရာကြီး ဗန်းမော်တင်အောင်ပြောခဲ့တဲ့စကားလို “လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ”

ကျနော့်အ‌နေနဲ့ ကဗျာရေးရင်း ခင်မင်ရင်းနှီးခဲ့ရတဲ့ညီလေးတယောက်ရဲ့ကျေးဇူးနဲ့ ကျောက်စိမ်းမြေဒေသတနေရာမှာ ရှိနေခဲ့ပါတယ်။ ကျောက်စိမ်းမြေမှာ ကဗျာဆရာတွေကို တွေ့ချင်မိတာနဲ့ ထိုအရပ်က မြို့လေးတမြို့မှာရှိနေတဲ့ ကဗျာဆရာတွေထံသွားခဲ့ပါတယ်။ အခုလိုကာလဆိုးကြီးမှာ ဘယ်ဒေသ ဘယ်နေရာရောက်ရောက် လုံခြုံမှုမရှိဘူးလို့ ယူဆသာကြောင့် အဲ့ဒီမြို့က ကဗျာဆရာတွေနဲ့ လက်ဖက်ရည်ဆိုင်‌တခုမှာ အချိန်မိနစ် ၃၀ နီး ပါးလောက်ပါပဲ တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တယ်။

မှတ်မှတ်ရရ ကျနော့်အနေနဲ့ အခုလိုအချိန်မှာ ငွေကြေးခက်ခဲနေမယ်ဆိုသာသိတော့ ထိုအရပ်က ကဗျာဆရာနှစ်ယောက်က ငွေကြေးတယောက် တသောင်းစီ ပေးခဲ့တယ်။ ကျနော်မယူဘူးလို့ ငြင်းဆန်ပေမယ့် စာပေကဗျာညီအကိုချစ်စိတ်နဲ့ ကျနော့်လက်ထဲ ထည့်ပေးခဲ့တာကို ကျနော့်အနေနဲ့ ဝမ်းနည်း ဝမ်းသာဖြစ်ပြီး မျက်ရည်ဝဲ ဆိုနင့်ခဲ့ရပါတယ်။ ဝမ်းနည်းရတယ်ဆိုသာက အခုလိုကာလဆိုးကြီးအတွင်းမှာ သူတို့လည်း ငွေကြေးခက်ခဲနေတဲ့ကြားက ကဗျာညီအကိုချစ်စိတ်နဲ့ ကျနော့်ကို ငွေကြေးကူညီပေးခဲ့တာကိုပါ။ 

“ကမ္ဘာလည်သလို
မျက်ရည်လည်ခဲ့ရတဲ့နေ့များထဲ
ငုံ့မခံလို
ပခုံးပေါ်တတ်မရပ်လို
ရိုးသားသောအော်သံသာ
ပြန်ကွေ့လာရစမြဲ
လည် မစင်းခဲ့
အိပ်မငိုက်ခဲ့
နားစိုက်ထားသမျှ
တေးတစ်ပုဒ် ဖြစ်ချင်တယ်”
=====

“သွားကြရအောင်
တံခါးခေါက်သံနောက်မှာ အမေငိုနေတယ်
တံငါအိုကြီး ဟဲမင်းဝေး ပခုံးလာပုတ်တယ်
အမေငိုနေတယ်
ဗန်ဂိုး အာလူးပြုတ်ထားတယ်တဲ့
အမေငိုနေတယ်
သင်္ဘောဦးမှာ ကိုငှက် ထိုင်နေတယ်
အမေ့အိမ်တေးသွားလေး လေချွန်နေတယ်
အမေငိုနေတယ်
ကိုလံဘတ်စ် ရွက်လွှင့်လိုက်တယ်
အမေဟာ
ငါ့ဓာတ်ပုံလေး ခေါင်းရင်းထားပြီး
မျက်ရည်ထဲမှာ ပြန်ငိုတယ်
မင်းနေကောင်းတယ်မဟုတ်လား သူငယ်ချင်း။”

ကျနော့်အနေနဲ့ မေတ္တာတရားတွေစီးဆင်းရာ ကဗျာဆရာတွေရှိနေတဲ့ အဲ့ဒီမြို့လေးကနေအထွက် လမ်းတလျှောက် ကဗျာဆရာနှစ်‌ယောက်ရဲ့ကဗျာစာသားတချို့ကို စိတ်ထဲ မှတ်မှတ်ရရ ရွတ်ပွားရင်းက မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းရဲ့ သယ်ဆောင်ရာအတိုင်း လိုက်ပါ ချီတက်ခဲ့ပါတော့တယ်။

မေတ္တာတရားနဲ့ လေးစားလျက်
နေချိုသွေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar