Breaking News

ခင်မောင်စိုး - ဘဝတကွေ့မှာ

ခင်မောင်စိုး - ဘဝတကွေ့မှာ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၁

(ကျနော်ထောင်ကလွတ်တာ ဒီကနေ့ ၄၅ နှစ်ပြည့်ပါတယ်။ ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ၅ နှစ်က ရေးခဲ့တာပါ။ မဖတ်ဖူးသေးတဲ့ မိတ်ဆွေတွေ ဖတ်လိုကဖတ်ဖို့ ပြန်တင်ပါရစေ။ ထောင်ကျခဲ့ ထောင်ကျဆဲ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုပါတယ်။)

လွန်ခဲ့တဲ့ အနှစ် ၄ဝ တိတိ။ ၁၉၇၆ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေဝင်းက ဒေါ်ရတနာနတ်မယ်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျနော့်ဘဝမှာ အပျော်ဆုံးနဲ့ မင်္ဂလာအရှိဆုံးနေ့ပါပဲ။ တခြားကြောင့် မဟုတ်ပါဖူး။ ကျနော် ထောင်ကလွတ်တဲ့နေ့ဖြစ်လို့ပါ။ မယုံရင် လက်ရှိ အမျိုးသားလွတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်ကို မေးကြည့်နိုင်ပါတယ်။ ကျနော်တို့ အတူတူလွတ်တာပါ။ သူ့ကို ကျနော်တို့က လူချင်းတွေ့ရင် ကိုအေးသာအောင်ကြီးလို့ပြောပြီး သူ့နောက်ကွယ်မှာ အေးသာအောင်ကြီးလို့ ခေါ်ပါတယ်။ 

အဲဒီနေ့ပေါ့။ ကျနော်က အင်းစိန်ထောင် ၃ ဆောင် အောက်ထပ် ၅ ခန်းမှာပါ။ (ထောင်ထဲမှာ အဆောင်သုံး၊ အခန်းငါး၊ တိုက်နံပါတ်ခြောက် စသဖြင့် မခေါ်ပဲ ဘာလို့ သုံးဆောင်၊ ငါးခန်း၊ ခြောက်တိုက်လို့ ခေါ်တာလဲ ကျနော်မသိပါ)။ မနက်စာ စားပြီးစရှိပါသေးတယ်။ ကျနော်တို့အခန်းကို ရေချိုးချပါတယ်။ အဲဒါနဲ့ ကျနော် ဆပ်ပြာခဲနဲ့ ပုဆိုးတထည်ကိုယူပြီး ပေ ၁ဝဝ လောက်အဝေးက ရေကန်ကို အဆောင်ယာခင်းဘေးက ဖြတ်ကျော်သွားနေတုန်းမှာပဲ ဝါဒါတယောက်က ဟေ့ ခင်မောင်စိုး ရေချိုးမသွားနဲ့ ငါနဲလိုက်ခဲ့ဆိုပြီး အဆောင်မှူးရုံးခန်းကို ခေါ်ပါတယ်။ ထောင်ထဲမှာ ဝါဒါ လာခေါ်တယ်ဆိုတာ ထောင်ဝင်စာတွေ့တဲ့ရက်ကလွဲပြီး သိပ်ပြီး ကျက်သရေရှိတဲ့ ကိစ္စတော့မဟုတ်ပါဖူး။ ဒါနဲ့ သူခေါ်ရာလိုက်ရင်း ဘာများလဲဗျလို့ အစ်ကြည့်ပါတယ်။ ငါမသိဖူးလို့ သူက တုံးတိတိပဲဖြေတယ်။ 

ဒါနဲ့ အဆောင်ထိပ် အဝင်ပေါက်နားက ရုံးခန်းလို့ခေါ်တဲ့ သွပ်မိုးတဲထဲရောက်သွားတာပေါ့။ တဲထဲမှာ အဆောင်မှူး ဦးလှရွှေရယ် ကျနော်မသိတဲ့လူတယောက်ရယ် ထိုင်နေတယ်။ အဲဒီလူက စာရွက်တရွက်ကိုင်လို့။ ဘေးမှာ ဘိုးတော်တင်ဦးလည်းရှိတယ်။ ဘိုးတော်တင်ဦးက အကျဉ်းသားပေမယ့် အခွင့်ထူးခံဆိုတော့ အဆောင်ဝင်းထဲ သူသွားချင်ရာ သွားခွင့်ရသူပါ။ ကျနော်နဲ့သူက ကျေးဇူးမကင်းဖူးဗျ။ ထားပါတော့၊ အဲဒါတွေနောက်ကြုံမှပြောတာပေါ့။ 

အဆောင်မှူးက သူ့ဘေးကလူကို ဒါ ခင်မောင်စိုးပဲတဲ့။ အဲဒီလူက (ထောက်လှမ်းရေးမှန်း နောက်မှသိတာပါ။) ကျနော့်နံမည် ဖခင်အမည် စတာတွေမေးတယ်။ ဘိုးတော်တင်ဦးက ဟေ့ကောင် ခင်မောင်စိုး မင်း အိပ်မပြန်ချင်ဖူးလားကွတဲ့။ ဟာ ပြန်ချင်တာပေါ့ ဗိုလ်ကြီးရလို့ ကျနော်ကဖြေတယ်။ (ဘိုးတော်တင်ဦးက သူ့ကို ဗိုလ်ကြီးလို့ ခေါ်မှကြိုက်တယ်။ သံတောင်မှာ ဗိုလ်ချုပ်မောင်မောင်ကို ကယ်ထုတ်ခဲ့တဲ့ ကွန်မင်ဒိုအဖွဲ့မှာ သူပါတယ် ပြောတာပဲ။) ပြန်ချင်ရင် ပြန်ရမှာပေါ့ကွ၊ ဟေ့ကောင် မင်း အခုလွတ်ပြီလို့ ဘိုးတော်ကပြောတယ်။ တကယ်လား ဗိုလ်ကြီးလို့ ကျနော်က ပြန်ပြောတယ်။ အဲဒီတော့မှ ဦးလှရွှေက ခင်မောင်စိုး ဘာမှမေးမနေနဲ့ကွာ မင်း အခန်းထဲပြန်ပြီး ယူစရာရှိတာသွားယူချည်လို့ ပြောပါတယ်။ စောစောက ဝါဒါကိုလည်း မင်းလိုက်သွားတဲ့။ ပြီးတော့ တခြားဝါဒါတယောက်ကိုလည်း မင်းက ဘယ်အခန်းကိုသွား ဘယ်သူ့ကိုခေါ်ခဲ့လို့ ပြောနေတယ်။

အဲဒါနဲ့ တကယ်လွတ်မှာလား၊ ထောင်ပြောင်းမှာလား သေသေချာချာမသိပဲ အခန်းထဲပြန်ရတာပေါ့။ ဒါပေမယ့် ထောင်ဆိုတာ တော်တော်ဆန်းကြယ်တယ်ဗျ။ ကျနော် ဘာယာလမ်းစင်္ကြန်က အခန်းထဲမရောက်သေးဖူး။ အခန်းထဲက ဘဝတူတွေက အားရဝမ်းသာ ဝိုင်းအော်ကြတယ်။  (ရေချိုးဆင်းတဲ့သူအားလုံးနီးပါးပြန်ရောက်နေပြီ)။ 

ဟေ ခင်မောင်စိုး လွတ်ပြီကွတဲ့။ အခန်းထဲဝင်တာနဲ့ ပြေးလာပြီး ပုခုံးဖက်သူကဖက်၊ ဟေ့ကောင် ငါအိမ်သွားနိုင်ရင် သွားလိုက်ပါကွာ။ ပြောတဲ့သူကပြော၊ အားလုံးက ကျနော်လွတ်တာကို သူတို့လွတ်တဲ့အတိုင်းပဲ။ လူတိုင်းအိမ်ပြန်ချင်တဲ့ဘဝမှာ ထောင်ထဲက လူတွေဟာ ဘဝတူ တယောက်လွတ်တာကို အဲဒီလိုပျော်နိုင်သူတွေပါ။ တကယ်တော့ ဘုရားဒကာတို့ အလှူရှင်ကြီးတို့ ဆိုသူတွေထဲမှာ မုဒိတာတကယ်တန်း မရှိသူတွေ အလွန်များပေမယ့် လူဆိုးတွေလို့ သတ်မှတ်ခံရသူတွေကို ထည့်ထားတဲ့ ထောင်ထဲမှာ မုဒိတာဆိုတာ တကယ်ရှိပါတယ်။ (မုဒိတာနံမည်နဲ့ ဆေးပေါ့လိပ်လည်း ရှိတယ်)။ ဒါကြောင့် လူတွေအားလုံးကို ထောင်ထဲမှာ ခြောက်လလောက်စီထားရင် လောကကြီး သိပ်ကောင်းမှာပဲလို့ ကျနော်တို့ ထောင်ထွက်တွေပြောလေ့ရှိတယ်။ လွတ်လပ်မှုဆိုတာ အချုပ်အနှောင်ခံရဖူးမှ သိတာပါ။ 

အခန်းထဲမှာ လူတွေ တအားဆူနေတော့ ထောင်ဝါဒါက ဒုက္ခရောက်နေတယ်။ ဟေ့လူတွေ တိုးတိုးဗျာ။ ကျနော့်ပါ အပြောခံရတော့မယ်တဲ့။ ဘယ်သူမှ သူ့စကားဂရုမစိုက်ပါဖူး။ ကျနော်က တကယ်လွတ်မှာလား ထောင်ပြောင်းမှာလား မသိဖူးဗျလို့ပြောတယ်။ အဲဒါလည်း ဘယ်သူမှ မယုံကြဖူး။ မောင်ရင် လွတ်ပါပြီကွာပဲ ပြောနေကြတယ်။ ကျနော်က ကဲ လွတ်လွတ် ပြောင်းပြောင်းဗျာ။ ကျနော့်မှာရှိတဲ့ အစားအသောက် လက်ကျန်အားလုံး ဟော့ ဒီမှာ ယူကြ။ (တကယ်တော့ သိပ်မရှိပါဖူး။ ငပိကျော်နည်းနည်းနဲ့ ဆေးပေါ့လိပ်နည်းနည်းပါ)။ အဝတ်အစားလည်း ကျနော် ဒီအတိုင်းထွက်မှာ။ အားလုံး ခင်ဗျားတို့ လိုချင်တဲ့သ ယူကြဗျာလို့ပြောတယ်။ အဲဒီတုန်းက ငါးခန်းမှာ ၁၉၇၄ အလုပ်သမားသပိတ်နဲ့ အဖမ်းခံခဲ့ရတဲ့ ကိုဖိုးကျော့တို့ အုတ်ကျင်း ဂုံနီစက်ရုံ အလုပ်သမားတွေက အများဆုံးပါ။ ကျောင်းသားထဲကဆိုလို့ ဦးသန့်အရေးအခင်းမှာ ပန်းချီဆွဲခဲ့ကြတဲ့ ကိုအင်ဒရူး၊ ကိုစံမင်း၊ ကိုရဲမြင့်တို့အုပ်စုနဲ့ ကျနော်ပဲရှိပါတယ်။ ကျနော်က ကိုအင်ဒရူးကို ဦးရေခဲလမ်းက သူ့အိမ်သွားမယ့်အကြောင်းပြောရင်း ရဲမြင့်ကို မင်း ငါ့တိုက်ပုံယူထားလိုက်ပါကွာလို့ပြောတယ်။ (တချို့နံမည်တွေကို ရှေ့က ကိုတပ်မခေါ်တာက ကျနော်တို့အချင်းချင်း အသက်ရွယ်တူဖြစ်ပြီး သိပ်ရင်းနှီးလို့ပါ။ မလေးစားလို့ မဟုတ်ပါဖူး။) တကယ်တော့ မနက်ဖန် ခရစ်စမတ်အတွက် ကိုအင်ဒရူးခေါင်းဆောင်ပြီး ကျနော်တို့ ပျော်ပွဲရွင်ပွဲလုပ်မလို့ အခန်းထောင့်တခုမှာ ထောင်ဝါဒါတွေမသိအောင် စဉ့်ရေအိုးကြီးတလုံးကို စီဗစ်တွေ လူနာပေးတဲ့ ပေါင်မုန့်တွေထည့်ပြီး ကဇော်ဖေါက်ထားတာဗျာ။ ကျနော်မသောက်လိုက်ရတော့ဖူး။

အဲဒါနဲ့ ဘာပစ္စည်းမှ မပါပဲ ကျနော် ရုံးခမ်းပြန်ရောက်သွားရော။ ကျနော်ဘာမှ မယူတော့ဖူး။ သူငယ်ချင်းတွေ ပေးလိုက်ပြီလို့ပြောတယ်။ အဲဒီလိုပြောရင်းနဲ့မှ တခုသွားသတိရတယ်။ ကပ်ရက်ရှိတဲ့ ခြောက်ခန်းက ဘော်ဒါတွေဆီမှာ ကျနော့်အမေအတွက် ကြိုးပတီးတကုံး လုပ်ခိုင်းထားတာရှိတယ်။ ထောင်ထဲက ချည်မကြိုက်လို့ အပြင်က အပ်ချည်အကောင်းဆုံးကိုမှာပြီး ကျနော်အပ်ထားတာ။ သူတို့ကလည်း ထိုးလို့ပြီးနေပြီ။ အဲဒီနေ့က ယူမလို့ဗျ။ ဒါနဲ့ပဲ ထောင်မှူးကို ဦးလေးရေ ကျနော် ခြောက်ခန်းမှာ အမေ့အတွက် ကြိုးပုတီးသွားယူပါရစေလို့ ခွင့်တောင်းတယ်။ ဟာ မရဖူး။ အဆောင်ထဲ မင်းပြန်ဝင်လို့မရတော့ဖူးတဲ့။ ကျနော်ကလည်း အဲဒါတော့ ခွင့်ပြုပါဗျာလို့ ထပ်ပြော၊ သူကလည် ဘူးပဲ။ အဲဒီမှာ ဘိုးတော်တင်ဦးက ဟေ့ကောင် ငါ့ဆီကယူသွားပါကွာဆိုပြီး သူ့လက်ထဲမှာ ရှိတဲ့ကြိုးပုတီး သုံးလေးခုထဲက တခုကိုပေးတယ်။ မင်းအစား ငါပျော်ပါတယ်၊ လွတ်မယ့်သူတွေထဲက မင်းကို အရင်ဆုံးပျော်ပါစေဆိုပြီး ငါ ခေါ်ခိုင်းလိုက်တာကွ။ မင်း တနေ့ အပြင်မှာငါ့ကိုတွေ့အောင်ရှာ၊ မင်းကျေးဇူးရှိတာ ငါမှတ်ထားတယ်။ ငါ မင်းကိုကူညီမယ်လို့လည်း ဘိုးတော်က ပြောလိုက်သေးတယ်။ (ကျနော်တခါမှ သူ့ကိုပြန်မတွေ့တော့ပါ၊ ၈၈ အပြီး မဲဆောက်မှာ ကွယ်လွန်သွားတယ်လို့ ကြားပါတယ်)

ဒါနဲ့ လာခေါ်တဲ့ ထောက်လှမ်းရေးနဲ့ ကျနော်တို့ သုံးဆောင်က ထွက်ခဲ့ပြီး ကပ်ရက်က စစ်ကြောရေးဝင်းထဲ ရောက်သွားရော။ ကျနော့်ကို အဲဒီမှာထင်ရှားတဲ့ အမှတ်အသားတွေ နံမည်တွေ ထပ်စစ်ပြန်ရော၊ အရာရှိတယောက်က ခင်ဗျားတို့ ၁ဝ (က) အဖွဲ့ကို ဒီနေ့ပြန်လွတ်မယ်၊ နယ်ပြန်မယ့်သူတွေကိုတော့ ကျနော်တို့ ကား ရထား စီစဉ်ပေးမယ်။ ရန်ကုန်တဝိုက်တော့ သွားချင်တဲ့နေရာပြော ကားနဲ့လိုက်ပို့မယ်လို့ပြောတယ်။ အဲဒီလို ကျနော့်ကိုစစ်ဆေးပြောဆိုနေတုန်းမှာပဲ တခြားသူတွေလည်းရောက်လာကြတယ်။ မှတ်မိသလောက် ကိုအေးသာအောင်၊ ဒေါက်တာစံရွှေမောင်၊ ကိုသန်းလွင် (ကျွန်းပြန်)၊ ကိုသာကျော်၊ မျိုးနိုင်၊ အောင်ဝင်းဆွေ၊ ဇော်ဝင်း၊ ကိုတင်ရီ (ကျန်သူတွေ မေ့နေပြီ)။ အဲဒီတုန်းက မျိုးနိုင်ကို ခြောက်တိုက်ကသွားထုတ်လာတာလို့ မှတ်မိတယ်။ သူ့ကို ကွန်မြူနစ်ဆိုပြီး တော်တော်နှိပ်စက်ထားတယ်လို့ သိရတယ်။ ဝါဒါတယောက်ကတွဲပြီး ထုတ်လာတာ။ အောင်ဝင်းဆွေက ပြေးပြီးသွားတွဲခေါ်တယ်။ ကျနော်က မျိုးနိုင် ငါတို့လွတ်ပြီလို့ ပြောတယ်။ သူက ပျော်ဟန်မပြဖူး။ ကျနော့်ကို တချက်လှမ်းကြည့်ပြီး ဘာမှပြန်မပြောပဲ ငိုင်နေတယ်။ ဝမ်းသာမှုကို နာကျည်းမှုက ဖုံးလွှမ်းနေတယ် ထင်တာပဲ။ 

အားလုံး ၁၆ ယောက်။ ၁၉၇၄ မှာပြဌာန်းခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္ဒရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁ဝ (က) ကို မဆလ အစိုးရ အရင်ဆုံးဈေးဦးဖေါက်တာ ကျနော်တို့ အုပ်စုပါပဲ။ (ကျနော်က အန်ကယ်ဦးတင်ဦး ကိုပြောဖူးတယ်။ အန်ကယ်တို့ ပြဌာန်းခဲ့တဲ့ ပုဒ်မပေါ့ဗျလို့။  သူက ရယ်ပြီးပြန်ပြောတယ်။ ဟုတ်တယ်ဗျ။ ဒါပေမယ့် အဲဒီ ပုဒ်မနဲ့ပဲ ကျနော်လည်း နောက်ပိုင်း အဖမ်းခံရတာပါပဲဗျာတဲ့)။ 

ကျနော်တု့ိလူစုံ၊ စစ်ဆေးပြီးတော့ ကား ၂ စင်းပေါ်ကို လူခွဲပြီး တက်ခိုင်းတယ်။ ညနေ ၃ နာရီလောက်ရှိပြီ။ အဲဒါနဲ့ ထောက်လှမ်းရေးတွေ ကားတစီး ၂ ယောက် ၃ ယောက်လောက်ပါတဲ့ E 2000 ကား ၂ စီး ထောင်အလယ်တည့်တည့်မှာ ရှိတဲ့ ဖိုကြီး (ထောင်တခုလုံးအတွက် ချက်ပြုပ်တဲ့ မီးဖိုချောင် အဆောက်အဦး) ကို ပတ်ပြီး ထွက်လာကြရော၊ တယောက်ကပြောတယ်။ ဟေ့ ဟေ့ ဖိုကြီးပေါ်က ဘုရားကို လှမ်းမကြည့်ကြနဲ့ နောက်တခေါက် ရောက်တတ်တယ်တဲ့။ သူပြောမှလှမ်းကြည့်ကြတာပဲ။ အဲဒါနဲ့ ထောင်ဗူးဝကိုဖြတ်ပြီး ထွက်လာတဲ့အခါ ထောင်တံခါးမကြီးကို ပြန်ကြည့်ရတာ အရသာရှိလိုက်တာ။ တကယ်လွတ်လာခဲ့ကြပြီလေ။ 

ဘယ်သူတွေ ဘယ်လိုက်ပို့ရမလဲ မေးတုန်းက ကျနော့်အမရှိတဲ့ အုတ်ကျင်း ဂုံနီစက်ရုံလမ်းကို ပို့ပေးပါလို့ ပြောထားတော့ ကားက အဲဒီလမ်းထဲမှာပဲ တခြားတယောက်ကိုလည်း ချပေးရမယ်ဆိုပြီး လမ်းထဲရောက်သွားရော။ အဲဒီတုန်းက ကျနော့်အမက မြို့ပတ်ရထားလမ်းအကျော် (၁၆ ရပ်ကွက်) လေးမှာတင် နေတယ်။ အမ အိမ်ရှေ့ရောက်တော့ အမကလည်း အိမ်ရှေ့ထွက်နေတာနဲ့ကြုံတယ်။ မောင်လေးလွတ်လာပြီ။ ကျမမောင်လေး မောင်စိုးလွတ်လာပြီလို့ အမက မျက်ရည်တဝက် ငိုတဝက်နဲ့ ဘေးအိမ်တွေကိုအော်တယ်။ (ကျနော့်ကို အမက မောင်စိုးလို့ပဲ ခေါ်တယ်)။ ထောက်လှမ်းရေးက ကျနော့်ကို ကိုခင်မောင်စိုးကို အမလက်ထဲပြန်အပ်ပါတယ်တဲ့။ ခဏငှားသွားတဲ့ပစ္စည်းလိုပါပဲ။ အမကလည်း ကျေးဇူးတွေ အထပ်ထပ်တင်လို့။ နောက်ပိုင်းမှာ ကျနော် အမကို ပြောတယ်။ နင်က ဘာလို့ အဲဒီကောင်ကို ကျေးဇူးတင်ရတာလဲ၊ ငါ့တို့ကို ရိုက်တဲ့ကောင်တွေလို့။ အခုနေ ပြန်စဉ်းစားတော့ လူတွေကိုမုန်းရမှာမဟုတ်ပဲ စံနစ်နဲ့ အဲဒီစံနစ်ချမှတ်ခဲ့သူတွေကိုပဲ မုန်းရမယ်ဆိုတာသိတယ်၊ ဟိုတုန်းကတော့ သွေးကြွနေတာကိုး။

အမက ဟယ်- မောင်လေး၊ ဒီနေ့ပဲ အမေ မျက်လုံးခွဲရတယ် သိလား။ ဘားလမ်းက အခမဲ့ဆေးရုံမှာ။ နင်သွားလိုက်ပါလား၊ နင့်ကို မြင်ရရင် အမေ သိပ်ပျော်မှာတဲ့။ အဲဒီမှာ ထောက်လှမ်းရေးက ပြောပါတယ်။ ကျနော်တို့ပို့ပေးမယ်လေတဲ့။ အမ က လိုက်သွား လိုက်သွား။ ငွေနည်းနည်းလည်း ကမန်းကတန်း သူကပေးတယ်။ ဒါနဲ့ပဲ ထောက်လှမ်းရေးကားနဲ့ ကျနော် ဆက်လိုက်သွားပြန်ရော။ ကားက အလုံဖက်က ပတ်မောင်းတယ်။ ဘယ်ရောက်နေမှန်း သိပ်မသိဖူး။ အပြင်ဖက်နဲ့ ၁ နှစ်ခွဲပဲ ကင်းကွာခဲ့ပေမယ့် မျက်စေ့က စိမ်းနေတယ်။ သံတိုင်တွေကာထားတဲ့ ဧရာမ ခြံဝင်းကြီးတခုဘေးကနေ ကားကဖြတ်တယ်။ အဲဒီခြံဝင်းကြီးထဲကိုလှမ်းကြည့်တော့ သစ်ပင်တွေမှာ မီးရောင်စုံတွေ ထွန်းထားတာ အများကြီး လှလိုက်တာ။ ကျနော်က ထောက်လှမ်းရေးကိုမေးတယ်။ ဒါ ဘာလဲဗျ။ ဟ အဲဒါ သမတ အိမ်တော်လေ။ ခင်ဗျား မသိဖူးလားတဲ့။ မမှတ်မိဖူးလေ။ သြော် ခရစ်စမတ် ဧည့်ခံပွဲထင်ပါရဲ့။ 

ဒါနဲ့ ကားက အလုံဖက်ကနေ ပြည်လမ်းကိုထွက်ဖို့အတွက် ဟဲလ်ပင်လမ်း (ပြည်ထောင်စုရိပ်သာလမ်းလို့ နောက်ပိုင်းခေါ်တယ်။) ကသွားတယ်။ အဲဒီမှာ ကျနော့်သူငယ်ချင်း ကျော်သူတို့ ရုံးရှေ့ုကိုဖြတ်တယ်။ ကျနော်နဲ့အတူ ဦးသန့်အရေးအခင်းမှာ နိုင်ငံတော်ကောင်စီရုံး(အတွင်းဝန်ရုံး) ကို ကျနော်တို့ ဗကသ အဖွဲ့အနေနဲ့ အစိုးရထံ တောင်းဆိုစာ( ဥက္ကဌအဖြစ် မင်္ဂလာဒုံ ကိုကြည်ဝင်း လက်မှတ်ထိုးထားတယ်လို့ ထင်တယ်) အတူသွားပေးတဲ့ သူငယ်ချင်း။(နောက်တနေ့ အဲဒီစာကို သူလက်ခံရတာဖြစ်တဲ့အကြောင်း ဦးတင်ဦးက ကျနော့်ကို ပြောဖူးတယ်)။ အဲဒီမှာ ကျနော်က ကားကို ကမန်းကတန်း ရပ်ခိုင်းလိုက်တယ်။ ကျနော် ဒီမှာ သူငယ်ချင်းကိုခေါ်ပြီးမှ အမေ့ဆီသွားမယ်။ မြို့ထဲလည်း နီးပါပြီ။ ခင်ဗျားတို့လည်း ပင်ပန်းခံမနေပါနဲ့တော့ ဆိုတော့ ထောက်လှမ်းရေးတွေလည်း ဟန်မဆောင်ပါဖူး။ ခင်ဗျား အဆင်ပြေလား။ သွားချင်တဲ့နေရာ လိုက်ပု့ိဖို့တော့ ကျနော်တို့မှာ တာဝန်ရှိတယ်နော်တဲ့။ ဟာ ပြေပါတယ်။ ပြေပါတယ်ပေါ့။ 

ကျော်သူက ကျနော့်မြင်တော့ အားရဝမ်းသာ။ ဟေ့ကောင် ဘယ်တုန်းကလွတ်လာလဲ။ အခုပဲ၊ အမေ့ဆီသွားရအောင် လာကွာ။ ကျနော့်မိသားစုနဲ့ သူနဲ့လည်း ရင်းနှီးတယ်။ ဒါနဲ့ ကျနော်နဲ့သူ ဘားလမ်းဆေးရုံရောက်သွားကြတယ်။ ဟိုမေး ဒီမေးပေါ့။ အမေ့ကို မျက်လုံး ပတ်တီးနဲ့ မြင်ရတော့ စိတ်ကဆို့သွား သလိုပဲ။ အမေ့က သားလွတ်လာပြီလားဆိုပြီး ကျနော့်လက်ကို မလွတ်တော့ဖူး။ ဘေးက ဆေးရုံတက်ဖေါ်တွေ ဝိုင်းလာကြတယ်။ မင်းအကြောင်း မင်းအမေက တချိန်လုံးပြောနေတာကွ။ ကဲ သိပ်ချစ်တဲ့သားလွတ်လာပြီ။ အမကြီး အခု ကံကောင်းပြီနော်တဲ့။ အမေက မငိုဖူး၊ဒါပေမယ့် မျက်ရည်တွေ ကျလာတယ်။ အဲဒါနဲ့ ညနေစောင်းကရော။ အမေက သားရွာပြန်လေ၊ တော်ကြာ ကားမရှိပဲ ဖြစ်နေမယ်။ မင်း အဖေလည်း သိပ်ပျော်မှာ၊ မနက်ဖန်ကျမှ အမေ့ဆီ ထပ်လာခဲ့တဲ့။ ကျနော်က ဘိုးတော်တင်ဦး ပေးတဲ့ ကြိုးပုတီးကို အမေ့ပေးလိုက်တယ်။ အဲဒီ ပုတီးကို အမေ သေတဲ့အထိစိပ်သွားတယ်။ 

ဒါနဲ့ပဲ   ကျော်သူနဲ့  ကျနော် ဆူးလေကနေ ထောက်ကြံ့သွားတဲ့ ဘတ်စ်ကားစီးဖို့ ဘားလမ်းကနေ ဗန္ဓုလပန်းခြံဖြတ်တော့ ကျနော်က ကျော်သူ့ကို ခဏနေဦးကွာ၊ ငါ စီးကရက်တလိပ်လောက် သောက်ချင်တယ်ဆိုပြီး စီးကရက် ဝယ်တယ်။ အမေရိကန်သံရုံးနဲ့ မျက်နှာခြင်းဆိုင် ပန်းခြံထဲက ရေကန်လေးနံဘေးမှာရှိတဲ့ မြက်ခင်းပေါ် ကျနော် ပက်လက်လှန်ပြီးလှဲလိုက်တယ်။ ကျော်သူကလည်း လိုက်လှဲတယ်။ ညနေစောင်း အလင်းရောင်တပိုင်းတစကျန်နေတဲ့ နီဆွေးဆွေး မိုးကောင်းကင်ကို တဝကြီး မမေ့မမော မော့ကြည့်ရင်း စီးကရက်သောက်ရတာ ကောင်းလိုက်တာ။ လက်နှစ်ဖက် ခြေနှစ်ဖက်ကို ကျနော်က ကားလိုက် စုလိုက်လုပ်နေမိတယ်။ ဒီလို လွတ်လွတ်လပ်လပ် မနေရတာ ကြာပြီလေ။ ပျံနေတဲ့ ပျံလွှားငှက်တွေကိုကြည့်ရတာလည်း သာယာလိုက်ပါဘိ။

အဲဒီည ၇ နာရီလောက်မှာ ကျနော်တို့ ထောက်ကြံ့ရောက်တယ်။ ကားဂိတ်ဆုံးပြီ။ ကျနော်တို့ သန္ဓေပင်ရွာကို လှမ်းလျှောက်ပေါ့။ အဲဒီတုန်းက ထောက်ကြံ့နဲ့ ကျနော်တို့ရွာအကြားမှာ လူနေအိမ်မရှိဖူး။ လမ်းတဖက်တချက် ရော်ဘာခြံတွေပဲရှိတယ်။ ညမှောင်မှောင်မှာ ပြည်လမ်းပေါ်ပျော်ရွင်စွာ လမ်းလျှောက်ကြတယ်။ တခါတလေ ဖြတ်သွားတဲ့ ကားတစင်းတလေက လွဲလို့ တခြားအလင်းရောင် မရှိ။ ကြယ်တွေပဲရှိ။ တကယ်တော့ ကျော်သူက ဗိုက်ဆာနေပြီ။ ကျနော်က ဘာမှမစားပဲ အဟာရပြည့်နေတယ်လေ။

ရွာဝင်တာနဲ့ တောထုံးစံအတိုင်း ခွေးတစီစီ။ အဲဒီတုန်းက ရွာမှာ မီးမရှိသေး။ တရွာလုံးမှောင်လို့၊ ခြံရှေ့ရောက်တော့ ကျနော်တို့ စကားတိုးတိုးပြောလာပေမယ့် နားသိပ်ဆတ်တဲ့အဖေက သိတယ်။ မောင်စိုး သား လူလေးလားကွတဲ့။ ဟုတ်တယ် အဖေ၊ ကျနော်လွတ်လာပြီ။ အဖေက ရေနံဆီ မီးခွက်ထွန်း။ ကျနော့်ညီတွေနိုးလာကြ၊ ဘေးကပ်ရက် အိမ်က အဒေါ်တွေ၊ ခဏနေတော့ ဖိနပ်ကို ရှပ်တိုက်စီးတတ်တဲ့ ကားလမ်းတဖက်ခြားက နောက်ထပ်အဒေါ်တယောက်နဲ့ ဦးလေးတွေ၊ ဆေးပေါ့လိပ်မီးတွေ တဖွားဖွား။ လက်နှိပ်ဓါတ်မီး တဝင်းဝင်းနဲ့ တခြားအမျိုးတွေ ထပ်ရောက်လာ။ ဟိုအိမ်က ဟင်းကျန်ရှိယူလာကြ။ လက်ပံပင် ဆက်ရက်ကျလို့။ ရွာတောင်ဖက်တခြမ်းလုံးက အမျိုးချည်းပဲလေ။

အဲဒီမှာ ထမင်းစားတော့ ပြသနာတက်ရော။ ကျနော့်ပါးစပ်ထဲရောက်တဲ့ ထမင်းကို ဝါးစားလို့မရဖူး။ ထမင်းတွေက မဝါးရသေးခင် လည်ချောင်းထဲကို အလိုလို ကျကျသွားတယ်။ ကျနော် ရုတ်တရက်လန့်သွားတယ်။ ငါ့ လည်ချောင်းပေါက်တော့ ထောင်ထဲမှာကြီးသွားပြီလို့။ တကယ်တော့ ထောင်ထဲမှာ ရက်လရှည်ကြာ လုံးတီးထမင်းပဲစားခဲ့ရတော့ ထမင်းဖြူကို ရုတ်တရက်ပြန်စားရတဲ့အခါ သိပ်ပြော့နေတဲ့အတွက် စားနေကျမဟုတ်တဲ့ ပါးစပ်က မဝါးတတ်တော့ပါဘူး။ နောက်ရက်ပေါင်းအတော်ကြာတော့မှ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ထောင်ကလွတ်လာသူတိုင်း အဲဒီလိုပါပဲ။

အဲဒီညပေါ့။ အခုတော့ နှစ် ၄ဝ တင်းတင်းပြည့်ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ မှတ်မိနေဆဲ၊ နောင်လည်း မှတ်မိနေမှာပါ။ ဘဝမှာ အပျော်ဆုံးည။

နောက်တနေ့ကျမှသိတယ်။ မနေ့က ဦးနေဝင်း နဲ့ ဒေါ်ရတနာ နတ်မယ် လက်ထပ်တယ်တဲ့။ ဒါကြောင့် သမတအိမ်တော်ဝင်းမှာ မီးတွေ ထိန်ထိန်ညီးနေတာကိုး။ 

တခါတလေတော့လည်း ပေါ့ပေါ့ပါးပါး ပြန်စဉ်းစားတယ်။ ဦးနေဝင်းသာ တကယ်လို့သာ ဒေါ်ရတနာနတ်မယ်ကို တနှစ်လောက်စောပြီးလက်ထပ်ခဲ့ရင် ကျနော်တို့ ၁ဝ (က) ပထမ အသုတ် 10 (A) First Batch တွေလည်း ဒီထက် တနှစ်စောပြီး လွတ်လာခဲ့ကြမှာပဲလို့။ စောစောက ယူလိုက်ပါလား ဗိုလ်ချုပ်ကြီးရာ။ 

ခင်မင်စွာ 
ခင်မောင်စိုး
၂ဝ၁၆ ဒီဇင်ဘာ ၂၃ (မြန်မာပြည် ဒီဇင်ဘာ ၂၄ မနက်)
ဝါရှင်တန် ဒီစီ။ အမေရိကန်ပြည်ထောင်စု။

သူ့ဖေ့ဘုတ်ခ်မှ ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar