Breaking News

ဇာနည် - တတောလုံးကြွေရင်လဲ တတောလုံးပြန်ဝေကြမယ်

ဇာနည် - တတောလုံးကြွေရင်လဲ တတောလုံးပြန်ဝေကြမယ်
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁

(၁)
"ရဲဘော်နှင်းအောင်ကျသွားပြီ.."
မက်ဆေ့တခုဝင်လာတယ်..
ကျနော့်ရင်တွေဗလောင်ဆူသွားတယ်..
တဆက်ထဲ စိတ်ထဲကလဲ မဟုတ်ပါစေနဲ့လို့..
ဆုတောင်းလိုက်မိတယ်..
တိုက်ပွဲကျသွားတာလား ..အဖမ်းခံရတာလား..
ကျနော်က မယုံမရဲပြန်မေးလိုက်တော့..
"ဟုတ်တယ်..ဦး..ကျသွားတာ..

ဖက်ဆစ်တပ်နဲ့ ပျုစောထီးအဖွဲ့တွေက သူကိုဖမ်းမိသွားတာ။ သူ့ဆီမှာ ငွေတွေပါသွားတော့ ငွေတွေကိုဖြောင်ပစ်ဖို့.. လူကိုအပြတ်ရှင်းလိုက်ကြတာ။ ရိုက်နှက်နှိပ်စက်ပြီးမှ ဦးခါင်းနဲ့ရင်ဘတ်ကို သေနတ်နဲ့တေ့ပြီး ပစ်သတ်လိုက်ကြတာ။ ပြီးတော့မှ သူတို့ပျုစောထီးအဖွဲ့အကောင့်တခုကပဲ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းလိုက်ရတဲ့ပုံစံမျိုးနဲ့ ဓါတ်ပုံတွေပါတင်ထားကြတယ်.." တဲ့။

တဖက်ကပြောနေသူက ရဲဘော်နှင်းအောင်နဲ့ လုပ်ဖေါ်ကိုင်ဘက် ဗကသ (CWC) ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်းတဦးပါ။ သူ့အသံတွေက တုန်နေပြီး တချက်တချက်တိုးဝင်သွားတော့ သူလဲထိခိုက်ကြေကွဲခံစားနေရတယ်လို့ သိလိုက်မိပါတယ်။ ကျနော်လဲ ဘာပြောရမှန်းမသိတော့ ရင်ထဲမှာခံစားလိုက်ရတာကို စကားလုံးအဖြစ်ပြန်ပြောဖို့ စဉ်းစားလို့မရတော့ပါ။ လွန်ခဲ့တဲ့ရက်တွေကဘဲ ရင်းနှီးချစ်ခင်စွာစကားတွေပြောခဲ့ရသော ရဲဘော်လေးတဦး ခုတော့ကျဆုံးသွားပြီတဲ့။

(၂)
သူ့တို့ကိုစသိခဲ့တာက ဘားအံတွင်ပြုလုပ်ခဲ့သည့် ဗကသ (CWC) အဟောင်းနှင့်အသစ် တာဝန်လွှဲပြောင်းသည့်ပွဲကာလလောက်ကဆိုတော့ ငါးနှစ်ကျော်လောက်ရှိပြီထင်သည်။ (၂၀၁၇) နိုဝင်ဘာလထဲမှာ ကျနော်ဗမာပြည်ပြန်တော့ ကျနော့်သူငယ်ချင်း (၈၈) လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေနဲ့အတူ သူတို့ ဗကသ (CWC) အတွင်းရေးမူးအဖွဲ့ဝင်တချို့လဲ ကျနော်ကို ရန်ကုန်လေဆိပ်မှာလာကြိုခဲ့ကြတယ်။ 

ကျနော် ဗမာပြည်မှာရှိနေစဉ် တလျှောက်လုံးလိုလို သူတို့အဖွ့ဲတွေအားလုံး ကျနော်နဲ့လာနေခဲ့ကြပါတယ်။ အတူအိပ် အတူစား အတူသွားကြနှင့် ရဲဘော်နှင်းအောင်ရဲ့ပုံရိပ်တွေက မျက်လုံးထဲမှမထွက်တော့။ ရဲဘော်နှင်းအောင်မှာ အညာသားကျောင်းလူငယ်တဦးပီပီ အပြော အဆို အနေအထိုင် ပွင့်လင်းရိုးသားတည်ကြည်ဖြောင့်မတ်သူ လူငယ်တဦးဖြစ်ပါတယ်။ သူဟာ ဗကသခေါင်းဆောင်တဦးမဖြစ်ခင်ကတည်းက အဖိနှိပ်ခံ အလုပ်သမား လယ်သမားအရေးကို ဆောင်ရွက်ခဲ့လူငယ်တဦးလဲဖြစ်ပါတယ်။ 

"ရဲဘော်နှင်းအောင်" ဟာ အဖိနှိပ်ခံအလုပ်သမား လယ်သမားတွေဘက်ကရပ်တည်လာခဲ့သူတဦးပီပီ ကျန်ဗကသခေါင်းဆောင်တွေထက် လူတန်းစားရပ်တည်ချက်ပိုသည်ဟု ထင်မိခဲ့တယ်။ သူ့တွင် ဟန်ဆောင်ပလွှားမှု မတွေ့ရပါ။ ရိုးရိုးအေးအေးနေတတ်သူတဦးဟု အကဲခတ်မိခဲ့ပါတယ်။ 

ထုံးစံအတိုင်း ညဘက်များတွင် ကျနော်တို့က စားကြသောက်ကြ စကားတွေပြောကြ ငြင်းခုန်ဆွေးနွေးကြလျှင် သူကား အနားကပြုံးနားထောင်တတ်တယ်။ တခါတလေတွင် သူသည် စကားဝိုင်းနှင့်ဝေးရာစားပွဲခုံတခုတွင် နောက်တနေ့တွင် သူတို့သွားရောက်တက်ရောက်မည့်အစည်းဝေးတခုအတွက် ဆွေးနွေးရမည့်အကြောင်းအရာတွေကို စာရွက်တခုပေါ်တွင် ရေးမှတ်နေတာကိုတွေ့ခဲ့ရဘူးတယ်။ သူဟာ အလုပ်လုပ်ရာမှာ စေ့စပ်သေချာသောလူငယ်တဦးလဲဖြစ်ပါတယ်။ 

ကျနော်တို့ ပြည်လမ်း ယုဒသန်ခမ်းမတွင်ပြုလုပ်ခဲ့သည့် "ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် ပြည်ပရောက် (၈၈) မျိုးဆက်များတွေ့ဆုံပွဲ" မှာလည်း သူသည် အစစအရာရာ အောက်ခြေသိမ်း အခန်းနားပြင်ဆင်ရေးတာဝန်တွေကို ကူညီလုပ်ဆောင်ပေးခဲ့တယ်။ 

ကျနော်တို့တွေ အထက်ဗမာပြည် မန္တလေးနိုင်ငံရေးအင်အားစုများနှင့်တွေ့ဆုံပွဲသွားတော့လဲ မိတ္ထီလာမှကြိုစောင့်နေပြီး ကျနော်တို့နဲ့အတူလိုက်လာခဲ့တယ်။ ကျနော်ပြန်ချိန်ထိ သူနှင့်ကောင်းထက်ကျော် (CWC အတွင်းရေးမူး), ဝေယံ (ယခု အင်းစိန်) တို့သည် ကျနော်နှင့်လာနေခဲ့ကြလေသည်။

(၃)
"Comrade" ဟူသောစကားလုံးကို ဆရာဦးသိန်းဖေမြင့်က "ရဲဘော်" ဟု ပထမဆုံးဘာသာပြန်ခဲ့သည်ဟု မှတ်သားခဲ့ဘူးတယ်။ ဦးသိန်းဖေမြင့်က "ရဲဘော်" ဟူသည် မိမိနှင့်အတူတိုက်ပွဲကာလအတွင်း အသက်ပေးပြီးသစ္စာစောင့်သိသူဟု အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။ 

"ရဲဘော်"ဟူသည် မိမိသွေးသားညီအကိုမောင်နှမထက် မိမိနှင့်ယုံကြည်ချက်တူ ရပ်တည်ချက်တူ အလုပ်တူ တိုက်ပွဲအတူဝင်နေသူကိုဆို လိုသည်ဟုပြောလျှင် "ရဲဘော်နှင်းအောင်" သည် ကျနော်တို့ရဲ့ဗကသမျိုးဆက် ရဲဘော်စစ်စစ်တဦးဖြစ်သည်ဟု ပြောရပေလိမ့်မည်။
သူသည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်အရွယ်သာရှိသေးသော်လဲ ဗကသ ကျောင်းသားခေါင်းဆောင်တဦးပီသစွာ နောက်ဆုံးအချိန်အထိ အဖိနှိပ်ခံပြည်သူလူထုနှင့် တသားရပ်တည် ပေးဆပ်သွားခဲ့သူတဦးလဲဖြစ်လေသည်။ 

ကျနော်တို့သည် "ရဲဘော်နှင်းအောင်"ကို ကိုယ့်သွေးသားရင်းချာတဦးလို ချစ်ခင်ခဲ့လေသည်။ ကိုယ့် "ရဲဘော်" တဦးလို လေးစားတန်ဘိုးထားခဲ့လေသည်။ 

သူသည် သူ့အသက်အရွယ်နှင့်မမျှအောင် အဖိနှိပ်ခံပြည်သူလူထုအတွက် အလုပ်အကြွေးပြု ပေးဆပ်စွန့်လွှတ်သွားခဲ့လေသည်။
ကျနော်တို့အတွက် "ရဲဘော်နှင်းအောင်" သည် စံနမူနာယူထိုက်သော ဗကသမျိုးဆက်သစ်ခေါင်းဆောင်တဦးအဖြစ် အလေးအမြတ်ပြုအပ်သူတဦးလဲဖြစ်ပါသည်။ ကျနော်တို့သည် "ရဲဘော်နှင်းအောင်" ကျဆုံးခဲ့ခြင်းအတွက် ဝမ်းနည်းတသ ယူကြုံးမရဖြစ်ခဲ့ရသလို သူ၏ သူရဲကောင်းပီသမူ့အတွက် လေးစားဂုဏ်ယူ ထာဝရမော်ကွန်းတင်ထားရပေလိမ့်မည်။

(၄)
စစ်အာဏာရှင်စနစ်တိုက်ပွဲများတွင် ကျောင်းသားလူငယ်လေးတွေဟာ နေ့စဉ်နေ့တိုင်း ရဲရင်ပြောင်မြောက်စွာ အသက်တွေပေးဆပ်စွန့်လွှတ်တိုက်ပွဲဝင်နေကြပါတယ်။ 

"ရဲဘော်နှင်းအောင်" လို အာဇာနည်အထောင်အသောင်းဟာ ဖက်ဆစ်စစ်တပ်အောက်မှ အမိမြေလွတ်မြောက်ရေးအတွက် ပေးဆပ်တိုက်ပွဲဝင်လျှက်ရှိနေကြတယ်။ တိုင်းပြည်အနာဂါတ်အတွက် အလှဆုံး အဖိုးတန် ပန်းအဖူးငုံလေးတွေ ချိုးချေဖျက်ဆီးခံနေရလေသည်။

သို့သော်လဲ ချီလီတော်လှန်ကဗျာဆရာ "ပဗလိုနီရူဒါ" ကဗျာထဲကလို

ပန်းပွင့်တွေကို ဖြတ်တောက်ဖျက်ဆီးလို့ရနိုင်ပေမဲ့
ပန်းတွေပွင့်စေတဲ့နွေဦးကိုတော့ 
ဘယ်သူမှ တားဆီးလို့မရပါဘူး..

တပွင့်ကြွေရင်..
တပွင့်ထပ်ဝေပါလိမ့်မည်..

တတောလုံးခြွေခံရလို့
တတောလုံးကြွေခဲ့ရင်လဲ
တတောလုံးပြန်ဝေပါလိမ့်မည်
ဤကားတော်လှန်ရေးကပေးသော
အဘိဓမ္မာတရပ်ပင်ဖြစ်လေသည်..။

ရဲဘော်နှင်းအောင်နှင့်တကွ နွေဦးတော်လှန်ရေး အညတြသူရဲကောင်းလူငယ်များစွာသို့ ဦးညွတ်ဂုဏ်ပြုလျှက်...

ဇာနည်
၃-၁၂-၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar