Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၄)


ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၄)
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

တမြေတည်းနေပြီး အသားအရောင်ကွဲပြားလို့ ခွဲခြားဆက်ဆံခံရတာ တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စုတို့မှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့သလို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာလည်း အချိန်ကာလနဲ့ ရင်းနှီးပေးဆပ်မှုတွေ ကြာမြင့်ကြီးမားခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ အထင်ကရဖြစ်တဲ့ Civil Rights လှုပ်ရှားမှုက အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပေါက်ခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အင်္ဂလိပ်တို့ထံက လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၇၇၆ ခုနှစ်မှာ တိုင်းပြည်လူဦးရေ ၂ သန်းခွဲရှိပြီး အဲဒီအထဲ အာဖရိကနွယ်ဖွား လူမည်းများက ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။ ၅ သိန်း ၇ သောင်းအနက် ၄ သောင်းခန့်က ကျေးကျွန်များဖြစ်ပါတယ်။ 


၁၈၆၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အခြေခံဥပဒေ ဖြည့်စွက်ချက်ဥပဒေ အမှတ်စဉ် (၁၃) နဲ့ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပေမယ့် အာဖရိကအနွယ်ဝင် လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုများက အဆုံးမသတ်ခဲ့ပါဘူး။ အထူးသဖြင့် လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ် (Segregation) က ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပါတယ်။ 

အဲဒီစနစ်အရ အမေရိကန်တောင်ပိုင်းက ကျောင်းများ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ အိမ်သာများ၊ ရေသောက်တဲ့နေရာများမှာ လူဖြူ လူမည်းခွဲခြားထားပြီး ဘတ်စ်ကားများမှာလည်း လူမည်းများကို ကားနောက်ဘက်မှာပဲ ထိုင်စေပါတယ်။ အမေရိကန်မြောက်ပိုင်းမှာတော့ စည်းမျဉ်းရေးသားထားခြင်းမရှိဘဲ အာဖရိကနွယ်ဖွားတွေ နေစရာ၊ အလုပ်အကိုင် နဲ့ ကစားကွင်းများကို သီးခြားသတ်မှတ်ထားပါတယ်။ 

ခွဲခြားဆက်ဆံမှုတွေထဲမှာ လူမည်းတွေကို အနိုင်ကျင့် ရန်ပြုခြင်းများနဲ့ မဲပေးခွင့်ကို ငြင်းပယ်ခြင်းတို့ ပါဝင်ပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါး လူမည်းတွေကို ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သာ ဆက်ဆံခဲ့ကြပါတယ်။ ခွဲခြားဆက်ဆံခြင်းစနစ်ကို အစိုးရက ချမှတ်တာမဟုတ်ပေမယ့် ဒေသဆိုင်ရာဥပဒေတွေက အထောက်အပံ့ပြု ကျင့်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။ 


တချို့ဖြစ်ရပ်တွေက အံ့အားသင့်စရာကောင်းလောက်အောင် ကြုံခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်လေးတစ်ခုကို ဥပမာပြောပြချင်ပါတယ်။ စစ်အတွင်း ဖမ်းဆီးထားတဲ့ ဂျာမန်စစ်အကျဉ်းသားများကို ထောင်ပြောင်းရွှေ့ဖို့ အမေရိကန်တောင်ပိုင်းဒေသမှာ ခေါ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ခရီးစဉ်အတွင်း လမ်းဘေး ကဖေးဆိုင်တစ်ခုမှာ နေ့လယ်စာ စားဖို့ ရပ်တန့်ကြပါတယ်။ လူဖြူဖြစ်တဲ့ ဂျာမန်အကျဉ်းသားများက အဲဒီစားသောက်ဆိုင်အတွင်း ဝင်ရောက်စားသောက်ခွင့်ရကြပေမယ့် သူတို့ကို တာဝန်ယူခေါ်ဆောင်လာခဲ့တဲ့ လူမည်း စစ်သားတွေကတော့ အစားအသောက်များကို စားသောက်ဆိုင် နောက်ပေါက်က မှာယူပြီး ဆိုင်အပြင်မှာပဲ ထိုင်စားခဲ့ကြရပါတယ်။ 

ခွဲခြားဆက်ဆံမှုများ စတင်ကတည်းက အာဖရိကနွယ်ဖွား လူမည်းများက သူတို့ရဲ့အခွင့်အရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၅၀ ကျော်နှစ်များအထိ ထိရောက်မှု ကြီးကြီးမားမား မရရှိခဲ့ပါဘူး။ နောက်ဆုံးတော့ အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲများစွာကို ဆင်နွှဲကြပါတော့တယ်။ အဲဒီလှုပ်ရှားမှုက ကမ္ဘာကျော် Civil Rights Movement ဖြစ်ပါတယ်။ 

ခွဲခြားဆက်ဆံခြင်းတွေကို ဆန္ဒပြမှုများ ဒုတိယကမ္ဘာစစ်အတွင်း တိုးတက်ခဲ့ပါတယ်။ အထူးသဖြင့် အာဖရိကနွယ်ဖွား အမေရိကန်များက စစ်ပွဲအတွင်းမှာပါဝင်​ပြီး စစ်မှုထမ်းခဲ့ကြပေမယ့် နိုင်ငံရပ်ခြားက သီးခြားတပ်စခန်းများမှာ နေထိုင်ကြရပြီး လစာနည်းတဲ့ အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့် ကမ္ဘာစစ်ပြီးတာနဲ့တပြိုင်နက် လူဖြူမဟုတ်သူများရဲ့အခွင့်အရေးအတွက် ၁၉၀၉ ခုနှစ်ကတည်းက ဖွဲ့စည်းထားတဲ့ National Association for the Advancement of Colored People (NAACP) အဖွဲ့က ၁၀ ဆ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့ပါတယ်။ 

အာဖရိကနွယ်ဖွား အမေရိကန်များကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရပိုင်ခွင့်များ ရရှိရေးအတွက် အစိုးရကို ဆက်လက်ဖိအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး Civil Rights Movement မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ 


အခြားတစ်ဖက်မှာတော့ အစိုးရက လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ် (Segregation) ကို ရုပ်သိမ်းဖို့ အချိန်ဆွဲထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်လို့ ကြွေးကြော်နေပေမယ့် အာဖရိကနွယ်ဖွားများအပေါ် ဒုတိယ လူတန်းစားအဖြစ် ဆက်ဆံကျင့်သုံးနေခြင်းကို ကမ္ဘာက ဝေဖန်ကြတာကြောင့် ၁၉၄၈ ခုနှစ်မှာ စစ်တပ်အတွင်း လူမျိုးရေးခွဲခြားတဲ့စနစ် မကျင့်သုံးဖို့ သမ္မတ ထရူးမင်းန်က အမိန့်ထုတ်ခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ်က ပြသခဲ့ပြီး အကောင်းဆုံးရုပ်ရှင်အဖြစ် အော်စကာဆုရခဲ့တဲ့ Green Book ရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးခဲ့တာမို့ အသားအရောင်ခွဲခြားဆက်ဆံတဲ့ကာလအနေအထားကို တစုံတရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုလွန်မြောက်ပြီး တန်းတူအခွင့်အရေးရရှိဖို့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အံတုကြ ဆန္ဒထုတ်ဖော်ခဲ့ကြပုံများဟာ တော်လှန်ရေးတရပ်ကို ပါဝင်ဆင်နွှဲနေကြသူများအတွက် လေ့လာစရာ၊ အတုယူစရာ၊ စိတ်အားတက်ကြွစရာဖြစ်ပါတယ်။ 

ကြောက်စိတ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အမှန်တရားနဲ့ တန်းတူအခွင့်အရေးအတွက်ဆိုရင် ကြောက်သည်ဖြစ်စေ၊ မကြောက်သည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာတွေကို အစွမ်းရှိသရွေ့ လုပ်ဆောင်ကြဖို့လိုပါတယ်။ ကိုယ်တစ်ယောက်တည်းရှိနေလိမ့်မယ် ဆိုတဲ့အတွေးနဲ့ အားငယ်ဖို့မလိုပါဘူး။ 
ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၂၁၊ ၁၁၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar