Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၂ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၂ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၁

◾️ ခရစ်စမတ်ကို ဒုက္ခသည်စခန်းတွေမှာဖြတ်သန်းရမယ့် ခရစ်ယာန်ဘာသာဝင်ပြည်သူတွေ 
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေအနက် အချို့က ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ ကချင်၊ ကယား၊ ချင်းနဲ့ ကရင်ပြည်နယ်တို့မှာနေထိုင်ကြသူတွေအများအပြားက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအဖို့ ခရစ်စမတ်အခါသမယဟာ တနှစ်တာလုံးမှာ ဘာသာရေးအရ တန်ဖိုးထားဆုံး အခါသမယဖြစ်ပြီး အဲဒီလိုအခါသမယမှာ မိသားစုဝင်တွေ ဆုံတွေ့ကြတဲ့အခါသမယလည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လက ဆယ်စုနှစ်ချီရပ်ဆိုင်းနေခဲ့တဲ့တိုက်ပွဲတွေ ပြန်စတင်လိုက်တဲ့နောက် ကချင်ပြည်နယ် နယ်စပ်တွေနဲ့ မြို့တွေပေါ်မှာ စစ်ဘေးရှောင်စခန်းတွေ စတင်ထွက်ပေါ်လာခဲ့တာ ခုဆို ၁၀ စုနှစ် တခုရှိနေပြီဖြစ်ပါတယ်။ ဒုက္ခသည်စခန်းက ခရစ်ယာန်ဘာသာဝင်တွေအဖို့ ခရစ်စမတ်ကို မိမိနေအိမ်မဟုတ်တဲ့ ဆယ်ပေပတ်လည်လိုအခန်းလေးတွေ ရွက်ဖျင်တဲလိုနေရာတွေမှာ ဖြတ်သန်းခဲ့ကြရတာ ခုဆို ၁၀ နှစ်ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည်စခန်းလိုမျိုး နမ့်ခမ်းမြို့နယ်ထဲက မန့်ဝိန်းကြီးက ဒုက္ခသည်စခန်း အစရှိတဲ့ ဒုက္ခသည်စခန်းက ခရစ်ယာန်ဘာသာဝင် အမျိုးမျိုးသောလူမျိုးစုတွေအဖို့ ခရစ်စမတ်ကာလတိုင်းမှာ သူတို့ရဲ့ နေအိမ်တွေ ငြိမ်းချမ်းတဲ့အခြေအနေ ဝေခြမ်းပေးတဲ့ရိက္ခာကိုမျှော်လင့်ပြီး အသက်ရှင်နေထိုင်ရတာမျိုးမဟုတ်ပဲ မိမိလုပ်အားနဲ့ စိုက်ပျိုးမွေးမြူလို့ရတဲ့ရိက္ခာကို ဂုဏ်သိက္ခာရှိစွာနဲ့ စားသောက်ရှင်သန်ရတဲ့ဘဝမျိုးကို ပြန်လည်တမ်းတနေမိကြမှာ မလွဲပါဘူး။ 

ကချင်ပြည်နယ်က ဆယ်စုနှစ်တခုကြာ စစ်ဘေးရှောင်နေကြရသူတွေ သူတို့နေအိမ်ကို ၁၀ နှစ်၊ ၈ နှစ် ၆ နှစ် စသဖြင့် တခေါက်မှ ပြန်ကြည့်ခွင့်မရသူတွေ မိသားစုတွေ အမျာအပြားရှိနေချိန်မှာ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အလားတူ မိမိတို့နေအိမ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်ရသူတွေ သောင်းနဲ့ သိန်းနဲ့ချီ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ 

ကယားပြည်နယ်မှာ စစ်ဘေးရှောင်နေရသူတွေ သောင်းနဲ့ချီရှိသလို ချင်းပြည်နယ်မှာလည်း သောင်းဂဏန်း သိန်းဂဏန်းချီရှိလာနေပါပြီ၊ ကယားပြည်နယ်က တိုင်းရင်းသားအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း အစရှိတဲ့ဒေသတွေမှာနေထိုင်ကြပြီး မေလလောက်ကစလို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေဖြစ်တဲ ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော်တဝိုက်က လူနေအိမ်တွေမီးရှို့ခံရ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်ခံရတာ ဖျက်ဆီးခံရတာတွေတင်မကပဲ ဘုရားကျောင်းတွေတောင် လက်နက်ကြီး ထိမှန်ပျက်စီးတာတွေ ဖြစ်ပျက်ခဲ့တာပါ။ 

ခုလိုကာလမှာ လူတွေစွန့်ခွာထွက်ပြေးနေကြရတဲ့ ကျေးရွာတွေ မြို့တွေက ဘုရားကျောင်းတွေကိုလည်း ဘယ်သူမှတက်ရောက်နိုင်ကြမှာမဟုတ် ခေါင်းလောင်းသံလည်း ကြားကြရမှာမဟုတ်ပဲ စစ်ဘေးရှောင်စခန်းက မိုးကာတဲတွေထဲမှာ တောတွေတောင်တွေထဲမှာ ဖြတ်သန်းကြရမယ့်အခြေအနေဖြစ်ပါတယ်။ 

ကယားပြည်နယ်ပြီးနောက် စိတ်မကောင်းဖွယ်ရာနောက်ဒေသတခုက တလောက မြို့နေသူတွေစွန့်ခွာသွားတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ ၃ ရာထက်မနည်း မီးလောင်ခဲ့ကြရတဲ့သူတွေရဲ့နေရာကို ဝင်ရောက်ခံစားကြည့်မယ်ဆို ယမန်နှစ်က ခရစ်စမတ်မှာ မိမိတို့နေအိမ်မှာ မိသားစုစုံလင်စွာ ကျင်းပနိုင်ခဲ့ကြပေမယ့် ဒီနှစ် ခရစ်စမတ်မှာတော့ နေအိမ်တွေ မီးလောင်ဆုံးရှုံး မိသားစုတွေက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံရင်း ခရစ်စမတ်အခါသမယကို ကျော်ဖြတ်ရမှာ ဘယ်လောက်ထိ ကြေကွဲဖွယ်ဖြစ်မလဲဆိုတာ မှန်းဆကြည့်ရုံနဲ့ သိနိုင်ပါတယ်။ 

ကရင်ပြည်နယ်မှာလည်း ဒီဇင်ဘာ ၁၅ ရက်ကမှ ပြန်အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကြောင့် လူထောင်နဲ့ သောင်းနဲ့ ဒုက္ခသည်တိမ်းရှောင်ရာ နေရာတွေ၊ ထိုင်းနိုင်ငံဘက်က ယာယီစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ အဆိုပါဒုက္ခသည်တွေထဲမှာလည်း ခရစ်ယာန်ဘာသာဝင်အများအပြားပါရှိမှာမို့ ခရစ်စမတ်အခါသမယကို သောင်းရင်းမြစ်နဘေးက တောထဲ လျှိုထဲ အမိုးသာကောင်းကောင်းရှိပြီး အကာမရှိတဲ့ ယာယီစခန်းတွေမှာ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ 

ဒီလို စစ်ဘေးရှောင်တွေ ရဲ့ ခရစ်စမတ်အခါသမယအကြောင်းအပြင် နေ့စဥ်သတင်းတွေထဲမှာတော့ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ဖားကန့်က မြေစာပုံပြိုကျတဲ့ သတင်းဖြစ်ပါတယ်။ ခုတကြိမ်ပြိုရာမှာ လူ ၅၀ ကနေ ၇၀ ကျော်အထိပါသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ညနေ အထိတော့ သေဆုံးသူရုပ်အလောင်း တလောင်းသာ ဆယ်ယူရရှိသေးတယ်လို့ဆိုပါတယ်။ ဖားကန့်ဟာ မြန်မာနိုင်ငံရဲ့ သယံဇာတကျိန်စာလို့ တချို့ကဆိုကြပါတယ်။ ပညာရေးနဲ့ ကုန်ထုတ်လုပ်မှုနဲ့ သို့မဟုတ် ဝန်ဆောင်မှုနဲ့ လူအများက အသက်ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ဖို့ စိမ်ခေါ်မှုတွေရှိတဲ့ နိုင်ငံအနေအထားမှာ သဘာဝကပေးတဲ့ သယံဇာတကို အလွန်အကျွံထုတ်သုံးဖို့လုပ်ဆောင်ကြရင်း စည်းကြပ်မှု ကြပ်မတ်မှုမရှိတဲ့ နေရာဒေသတခုအဖြစ် ဘေးအန္တရာယ်တွေ​၊ လူလုပ်အန္တရာယ်တွေ မျိုးစုံကျရောက်နိုင်တဲ့ ဒေသတခု နေရာတခုဖြစ်နေဆဲ သဘာဝက ပေးတဲ့သယံဇာတကို ထုတ်နိုင်သမျှ ထုတ်ယူဖို့ကြိုးစားနေကြဆဲဖြစ်ကာ အခုလို နိုင်ငံရေးအခြေအနေတွေ မတည်ငြိမ်ချိန်မှာ အခွင့်အခါကောင်းတခုအဖြစ်ယူဆပြီး ပုံမှန်အချိန်ထက် ထုတ်ယူသုံးစွဲနေကြတာလည်း ဖြစ်ပါတယ်။ 

သယံဇာတရဲ့ ကျိန်စာနဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ သက်ရောက်မှု ၂ မျိုးစလုံးတွေ့နိုင်တဲ့ နေရာကဖားကန့်ဒေသလို့ဆိုရင်မှားမယ် မထင်ပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar