ရင်နီ - ဝဋ်နာ ကံနာ နိုင်ငံသား
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၁
လက်တွေ့ဘဝအကြောင်း စဥ်းစားရင်း
ငါ့လက်တွေ ငါပြန်ကြည့်တော့
အရေခွံတွေတွန့်နေပြီ။
သံသရာဆိုတာ ခဏထား
သံယောဇဥ်တွေနဲ့ လုံးခြားလိုက်နေတော့
ငါ့အဘိဓမ္မာမှာ လက်ခလယ်အဆစ်လေး နာနေတယ်။
လူတစ်ယောက်ဟာ မှားတတ်ပါတယ်
မှားတာပြသနာမဟုတ်
လူ့ပတ်ဝန်းကျင်ကို မယုတ်မာဘူး ဆိုရင်ပေါ့။
ဖော့ထားတဲ့ ခံစားမှုထဲ
ဝဲပျံလာတဲ့နာကျည်းမှု
ပြေးထွက်လို့မရတဲ့ခြေလှမ်း
ကြမ်းကြမ်းရှရှ ခိုက်ခံရတဲ့သူထဲကတစ်ယောက်။
နှာစီးတတ်တဲ့ ဆောင်းရာသီမှာ
ပါစပ်ပိတ်ထားတာ
မြုံနေတဲ့မီးတောင်တစ်ခုရဲ့ သဘာဝ။
ရယ်စရာတွေကို ရယ်ပါတယ်
ပျော်စရာတွေ မတွေ့တဲ့နောက်
သစ်ပင်တွေကို ရေလောင်းတာ နိစ္စဓူဝ အလုပ်။
အရာရာဟာ ဖုတ်ပူမီးတိုက်ပါပဲ
ခန္ဓာကိုခွဲမရတော့ စိတ်ကိုခွဲ
စကားနည်းတာ အနေအထား။
ဒုက္ခကို တေးလုပ်ဆိုရတဲ့အခါ
ခွေးကိုမကြင်နာနိုင်တာ နားလည်ပါ။
ပစ္စက္ခဆိုတာ အတိတ်ရဲ့ နောက်ဆက်တွဲ
လက်ချင်းမြဲရင်
စိုက်ခဲ့ပြီးတဲ့အပင်ကို
အတူရိတ်သိမ်းချင်တယ်။ ။
ရင်နီ
၂၁၊ ၁၂၊ ၂၀၂၁
ည ၈း ၁၀
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar