ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၈)
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၈)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၁
ဥပဒေဆိုတာ သက်ဆိုင်ရာတိုင်းပြည်မှာရှိတဲ့ လူများစုအတွက် ကောင်းကျိုးကိုဦးတည်ပြီး တရားသဖြင့် ပြဋ္ဌာန်းရတာဖြစ်ပါတယ်။ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ အသက်ဝင်ဖို့၊ လေးစားလိုက်နာဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဥပဒေရဲ့ အကျိုးသက်ရောက်မှုရှိပါမှ ဥပဒေရဲ့အကာအကွယ် ရရှိတဲ့ လူ့အသိုက်အဝန်းတစ်ခု ဖြစ်မှာပါ။
Freedom Riders အချို့
တခါတရံမှာ အုပ်စိုးသူလူတန်းစားက အားနည်း နစ်နာတဲ့လူတန်းစားဘက်က မရပ်တည်တဲ့အခါ တရားဥပဒေကတခြား၊ လက်တွေ့ကတခြား ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဥပဒေရဲ့အကာအကွယ်ကို မရရှိသူတွေက အရေးဆိုဖို့ရာ သက်သေအထောက်အထား လိုအပ်လာပါတယ်။ အထောက်အထားရှိမှသာ ဥပဒေ ဘယ်လိုမလိုက်နာပါဘူး၊ လွတ်လပ်ခွင့် ဘယ်လိုဆုံးရှုံးပါတယ်ဆိုတာ ပြောနိုင်မယ်မဟုတ်လား။ အမေရိကန် Civil Rights လှုပ်ရှားမှုအတွင်း အဲဒီလိုစမ်းသပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီတခါတော့ အဲဒီအကြောင်းလေးတွေ ပြောပြချင်ပါတယ်။
အမေရိကန်ပြည်တွင်းစစ် ဖြစ်နေတဲ့ကာလအတွင်းမှာ ကျွန်စနစ်ဖျက်သိမ်းရေးအတွက် အေဗရာဟင် လင်ကွန်းက လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီအချိန် အမေရိကန် တောင်ပိုင်းမှာ စစ်ဖြစ်နေတုန်းပဲ ရှိပါသေးတယ်။ ၁၈၆၅ ခုနှစ်မှာ အမေရိကန် အခြေခံဥပဒေ ဖြည့်စွက်ချက် အမှတ် (၁၃) နဲ့ တိုင်းပြည်တစ်ခုလုံး ကျွန်စနစ်ဖျက်သိမ်းခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်မှာပြဋ္ဌာန်းတဲ့ ဖြည့်စွက်ချက်အမှတ် (၁၄) နဲ့ လူမည်းများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပြီး နောက် ၂ နှစ်အကြာမှာ ဖြည့်စွက်ချက်အမှတ် (၁၅) နဲ့ လူမည်းအမျိုးသားတွေကို မဲပေးခွင့်ပြုခဲ့ပါတယ်။
Freedom Ride အတွင်း ရန်ပြုခံရပုံ
၁၈၇၅ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားအခွင့်အရေးဥပဒေအရ လူမည်းများကို တည်းခိုခန်း၊ ကဇာတ်ရုံ အစရှိတဲ့ အများပြည်သူအတွက် သတ်မှတ်ထားတဲ့နေရာတွေမှာ ကန့်သတ်ထားတာတွေမရှိတော့ပါဘူး။ ဥပဒေရဲ့ အကျိုးသက်ရောက်မှု မြန်မြန်ဆန်ဆန် ရရှိခဲ့ပေမယ့် ကျွန်ပိုင်ရှင်ဖြစ်ခဲ့ဖူးသူတွေနဲ့ လူဖြူကြီးစိုးရေးဝါဒီများက ခွဲခြားဆက်ဆံတဲ့စနစ်ကို ဒေသအလိုက်ကျင့်သုံးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
Sit-in Movement တွေ၊ ဘတ်စ်ကားသပိတ်၊ ဆန္ဒပြမှုစသဖြင့် ရပိုင်ခွင့်အတွက် တိုက်ပွဲတွေကြောင့် အကျိုးသက်ရောက်မှုတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ ဒါတွေက လူမည်းတွေအတွက် ကောင်းကျိုးရရှိစေပေမယ့် ခွဲခြားဆက်ဆံရေးစနစ်ကို ကျင့်သုံးသူတွေအတွက် ဒေါသမီး တောက်စေခဲ့ပါတယ်။ ဒါကြောင့် လူမည်းတွေအဖို့ ကေသုံးလုံး (Ku Klux Klan) လို အဖွဲ့တွေရဲ့ အကြမ်းဖက်အနိုင်ကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအတောအတွင်းမှာ ဗဟိုတရားရုံးက ခွဲခြားဆက်ဆံခြင်းကို တားမြစ်တဲ့ အမိန့်တစ်ခု ချခဲ့ပါတယ်။ အဲဒီအမိန့်ကတော့ ပြည်နယ်တွေကို ဖြတ်သန်းသွားတဲ့ မီးရထား၊ အဝေးပြေးကားတွေနဲ့ ကားဂိတ်၊ ရထားဘူတာတွေက ထိုင်ခုံတွေမှာ လူဖြူလူမည်း ခွဲခြားထားခြင်းမရှိစေရဆိုတဲ့ အမိန့်ဖြစ်ပါတယ်။ သာမန်အားဖြင့် အမိန့်ထုတ်လိုက်ပြီဆိုရင် လွတ်လပ်ခွင့်ရပြီလို့ ယူဆနိုင်ပေမယ့် ဥပဒေအတိုင်း မလိုက်နာသူတွေကြောင့် စိုးရိမ်ရပါတယ်။
Freedom Ride အတွင်း ရန်ပြုခံရပုံ
တက်ကြွလှုပ်ရှားသူတွေက အဲဒီဥပဒေ အသက်ဝင်ခြင်းရှိမရှိ စမ်းသပ်လိုကြပါတယ်။ "Freedom Ride" လို့ အမည်ပေးထားတဲ့ လွတ်မြောက်မှုရှိမရှိစမ်းသပ်တဲ့ ခရီးစဥ် စတင်ဖို့ စီစဥ်ပါတော့တယ်။ ၁၉၆၁ ခုနှစ် မေလ ၄ ရက်နေ့မှာ လူဖြူနဲ့ လူမည်း တက်ကြွလှုပ်ရှားသူ ၁၃ ဦးက ဝါရှင်တန်ဒီစီကနေ တောင်ပိုင်း New Orleans ကိုသွားတဲ့ ဘတ်စ်ကားကို စီးနင်းခဲ့ကြပါတယ်။
ဘတ်စ်ကားက ဗာဂျီးနီးယား၊ တောင် မြောက် ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ၊ အယ်လ်ဘားမား၊ မစ္စစ္စပီ ပြည်နယ်တွေကိုဖြတ်ပြီးမှ နယူးအိုလင်းမြို့ရှိရာ လူဝီစီယားနား ပြည်နယ်ကို ရောက်မှာပါ။ သူတို့ ၁၃ ဦးက Freedom Ride ကို စတင်တယ်ဆိုပေမယ့် သူတို့ရဲ့ Congress of Racial Equality (CORE) နဲ့ အကြမ်းမဖက် ညှိနှိုင်းဆောင်ရွက်ရေး ကျောင်းသားကော်မတီ (Student Nonviolent Coordinating Committee - SNCC) အဖွဲ့မှာ ပြည်နယ် ၃၉ ခုက လူမျိုးရေးနောက်ခံ၊ စီးပွားရေးနောက်ခံ မတူညီတဲ့သူတွေ ပါဝင်ပါတယ်။ အဖွဲ့ဝင်အများစုက ကောလိပ်ကျောင်းသားများဖြစ်ကြပြီး အဖွဲ့ဝင်ရဲ့ လေးပုံသုံးပုံက အသက် ၁၈ နှစ်ကနေ ၃၀ အကြား ရှိကြပါတယ်။
အကယ်၍ ဒီခရီးစဥ်မှာ အဆင်မပြေတာတွေ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်မျိုး လက်ဆင့်ကမ်းတာဝန်ယူဖို့တွေကိုလည်း ပြင်ဆင်ထားကြပါတယ်။ သူတို့စီးလာတဲ့ ဘတ်စ်ကား အယ်လ်ဘားမားပြည်နယ်ကို ရောက်တဲ့အခါမှာတော့ မီးလောင်ဗုံးနဲ့ တိုက်ခိုက်တာ ခံခဲ့ရသလို လူအုပ်စုဖွဲ့ ထိုးကြိတ်ရိုက်နှက်ခြင်းတွေပါ ခံခဲ့ကြရပါတယ်။ မီးလောင်နေတဲ့ကားထဲက ထွက်မရအောင် တံခါးတွေကို ပိတ်ဆို့ပြီး အသေသတ်တဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီလို ရန်ပြုသူတွေထဲ ကေသုံးလုံးဂိုဏ်းသားတွေပါဝင်သလို၊ ရဲတွေကပါ အားပေးအားမြှောက်ပါဝင်ခဲ့ပါတယ်။ သူတို့လို Freedom Riders တွေမပြောနဲ့ မီးလောင်နေတဲ့ကားထဲကလူတွေကို အကူအညီပေးသူတွေကိုတောင် ရန်ပြုခံရပါတယ်။ Freedom Riders တွေကတော့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လုံ့လထုတ်မှုကို လုံးဝ မလျှော့ကြပါဘူး။ အဲဒီနှစ်ထဲမှာပဲ Freedom Ride ခရီးစဥ်ပေါင်းများစွာကို အဖမ်းဆီးခံ၊ ရန်အပြုခံပြီး ဆင်နွှဲခဲ့ကြပါတယ်။
သူတို့ရဲ့ကြိုးပမ်းမှုကြောင့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အောက်ခြေမှာ လိုက်နာခြင်းမရှိတာ ပေါ်လွင်ခဲ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုဟာ အကြမ်းမဖက်လှုပ်ရှားမှု ဖြစ်တာကြောင့် ရင်းနှီးပေးဆပ်ကြရပေမယ့် ရရှိတဲ့အကျိုးက သူတို့ရဲ့ နောင်မျိုးဆက်တွေအထိ ခံစားရတဲ့အကျိုးတွေ ဖြစ်ပါတယ်။ လိုချင်တာရဖို့၊ ခရီးဆုံးကိုရောက်ဖို့ မလျှော့တမ်းဇွဲနဲ့ ကျနော်တို့အားလုံး အတူတကွ ကြိုးပမ်းကြရပါလိမ့်မယ်။
မမေ့ပါနဲ့။
ငါတို့မှာ ငါတို့ ရှိပါတယ်။ ။
ထိန်လင်း
၁၈၊ ၁၂၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar