Breaking News

စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်


မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၀ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၄


စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်

နှစ်ပေါင်းရာချီတဲ့ ပဒေသရာဇ်ခေတ်တွေက စပြီး မြန်မာဘုရင်တွေလက်အောက် ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရှိန်ပြင်းထန်လာတဲ့ လက်နက်ကိုင် ခုခံတော်လှန်မှု၊ ပြည်မက မြန်မာစစ်တပ်ကို ၄င်းတို့ရဲ့ နယ်မြေဒေသတွေကနေ ထွက်ခွာသွားအောင် တိုက်ခိုက်မှုရေစီးမှာ ရခိုင်ပြည်နယ်ဟာလည်း တိုင်းရင်းသား ဒေသတခုအဖြစ် ပါဝင်လာပြီး ၂၀၂၄ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲက တခုထည်းသော စစ်တိုင်းဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ Arakan Armyက သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ရခိုင်ပြည်နယ် အရှေ့မြောက်ပိုင်းလို့ဆိုရမယ့် မင်းဘူး၊ အမ်းတောင်ကြားလမ်းမှာ ရှိတဲ့ အမ်းမြို့မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA လက်နက်ကိုင်အဖွဲ့က လနဲ့ချီတိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆုံးမှာ သိမ်းယူနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ ဒုစစ်တိုင်းမှူး နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်တဦး တို့ကို လက်ရဖမ်းဆီးရမိကြောင်းလည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

နပခ လို့ခေါ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က သိမ်းယူလိုက်တဲ့နောက် ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်းတည်ရှိရာ ရခိုင်ကမ်းရိုးတန်းက ကျောက်ဖြူမြို့နဲ့ မာန်အောင်ကျွန်းတို့သာ ကျန်ရှိပြီး ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း ဘင်္ဂလားအော်မှာ ရှိတဲ့ ဂွမြို့လည်း ကျလုဆဲဆဲ အနေအထားရောက်နေတာကို တွေ့ရမှာပါ။ 

နှစ်ပေါင်း ၂၄၀ ခန့်ရှိပြီးဖြစ်တဲ့ ရခိုင်ပြည်နယ်ကို မြန်မာဘုရင် ဘိုးတော်ဦးဝိုင်းလက်ထက် သိမ်းယူခဲ့ပြီးနောက် ရခိုင်ပြည်နယ်က နယ်မြေအားလုံးနီးပါးကို ရခိုင်အမျိုးသားလက်နက်ကိုင် တပ်ဖြစ်တဲ့ AA  အနေနဲ့ တိုက်ခိုက်သိမ်းယူ နိုင်ခြင်းဟာ ရခိုင်လူမျိုးတွေအဖို့ နှစ် ၂၄၀ကာလအတွင်း ပထမဆုံးသော အမျိုးသားရေးအောင်ပွဲ တခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ရခိုင်ဒေသဟာ ပဒေသရာဇ်ခေတ်ကာလတုန်းက မွန်ဒေသလို ၄င်းတို့ဘုရင်နဲ့ ၄င်းတို့ အုပ်ချုပ်နေထိုင်ခဲ့ကြတဲ့ ဒေသတခု ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ ကာလမှာ ကုန်းဘောင်မင်းဆက်ထဲက ဘုရင်တပါး ဖြစ်တဲ့ ဘိုးတော်ဦးဝိုင်းက ရခိုင်ရိုးမကို ကျော်ဖြတ်စစ်ချီတိုက်ခိုက်ပြီး ပဒေသရာဇ် မြန်မာနိုင်ငံလက်အောက် ထည့်သွင်း အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလို ဘိုးတော်ဦးဝိုင်း သိမ်းယူခဲ့တဲ့နေ့ အဖြစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကို သတ်မှတ်ကာ ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးတဲ့နေ့အဖြစ် အခမ်းအနားတွေ ကျင်းပလေ့ရှိကြပြီး NLD အစိုးရလက်ထက် ရသေ့တောင် နဲ့ မြောက်ဦးမြို့တို့မှာ ရခိုင့်အချုပ်အချာအာဏာကျဆုံးတဲ့ နေ့ အဖြစ် ဟောပြောပွဲတွေ ကျင်းပခဲ့ရာက ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုနဲ့ ဟောပြောပွဲ၊ လူစုဝေးပွဲမှာ ပါဝင်တက်ရောက်သူတွေ ပစ်သတ်ခံရပြီး အသက်ဆုံးရှုံးရတဲ့ အဖြစ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ မြောက်ဦးမြို့မှာ ဖြစ်ပွားတဲ့ အဆိုပါ ဖြစ်ရပ်မှာ ရဲတွေပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ် ဆိုတဲ့ အခေါ်အဝေါ်ဟာ လွတ်လပ်ရေးရပြီးနောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွက်လာပြီးနောက် သုံးနှုန်းခဲ့တဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။ 

ဒီနောက်ခံ သမိုင်းတွေကို လေ့လာကြည့်ရင် ရခိုင်ဒေသရဲ့ အမျိုးသားရေး စိတ်ဓါတ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ တခုထည်းသော အင်အားကောင်းတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ AA ရဲ့ စစ်ရေးလှုပ်ရှားနိုင်မှု၊ စုစည်းလှုပ်ရှားနိုင်မှု တို့ကို ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။  

၂၀၀၉ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့တဲ့ AA လက်နက်ကိုင် အဖွဲ့ဟာ ဆယ်စုနှစ် တခုကျော်အတွင်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျော်ဖြတ်ကာ အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုအဖြစ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်း AA လက်နက်ကိုင် အဖွဲ့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်းမှ ပေါ်ထွက်လာတဲ့ အဖွဲ့ဖြစ်လို့ ဆွေးနွေးဖက် အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်အတွင်း AA လက်နက်ကိုင် အဖွဲ့ဟာ လူအင်အား၊ လက်နက်အင်အား တရှိန်ထိုး ကြီးထွားလာပြီး ၂၀၁၈ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ ဒေသတွေမှာ အခြေစိုက်နယ်မြေထူထောင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဆိုပါ နှစ်တွေအတွင်း စစ်တပ်နဲ့ ၂ ကြိမ်တိုင်တိုင် နှုတ်အားဖြင့် အပစ်ရပ် သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ နိုင်ငံရေး အလှည့်အပြောင်း၊ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းမှာ AA လက်နက်ကိုင် အဖွဲ့အနေနဲ့ အခြေအနေ အချိန်အခါကို အခွင့်အလမ်းအဖြစ် အကောင်းဆုံးအသုံးချကာ ဗဟိုအာဏာချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင် စစ်တပ်ရဲ့ ထိန်းချုပ်ထားမှုတွေကို တိုက်ခိုက်ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

စစ်တပ်ရဲ့ ဗဟိုချုပ်ကိုင်မှုအာဏာ၊ လူဦးရေအားဖြင့် အများဆုံးဆိုတဲ့ မြန်မာလူမျိုး ပင်တိုင်ထားပြီး ပြည်မဆိုတဲ့ စဥ်းစားမှုမျိုးနဲ့ ကျန်တိုင်းရင်းသား နယ်မြေတွေကို ပြည်နယ်အဖြစ် စဥ်းစားကာ အာဏာ၊ ဘဏ္ဍာ ခွဲဝေကြတဲ့စနစ် ယေဘုယျအခေါ်အဝေါ် “ပြည်ထောင်စု မြန်မာနိုင်ငံ” ဆိုတဲ့ အသုံးအနှုန်းဟာ ဝါဒဖြန့်သဘောအနေနဲ့ သုံးနှုန်းကြတဲ့ စကားလုံးအဖြစ်သာ ယူဆကြပြီး စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စု သဘောပြည့်ဝတဲ့ အာဏာ၊ ဘဏ္ဍခွဲဝေမှု မရှိကြဘူးလို့ တိုင်းရင်းသား အများစုက ယူဆလာကြတဲ့ အခြေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ တိုင်းရင်းသား လူမျိုးစုတွေ အပေါ်ရော မြန်မာတွေကိုပါ ဖိနှိပ်အုပ်ချုပ်ပြီး စစ်တပ်က အာဏာအားလုံးရဲ့ အချုပ်ကို ရယူထားလိုတဲ့ စစ်အာဏာရှင် စနစ်ရဲ့ နောက်ဆုံးနေ့တွေက ရေတွက်ကြည့်နိုင်တဲ့ အနေအထားကို ရောက်လာနေပြီ လို့ဆိုရမှာ ဖြစ်ပါတယ်။ 

ရခိုင်ပြည် အနေနဲ့ ၄င်းတို့ကြမ္မာကို ၄င်းတို့ဖန်တီးနိုင်ဖို့ အခွင့်အလမ်းကို အသုံးချနိုင်မလား၊ ပြည်မမှာ ရန်သူဝိုင်းဝိုင်းလည်နေတဲ့ အာဏာရှင် စစ်တပ်ရဲ့ နှောင့်ယှက်ဟန့်တားမှုတွေကိုလည်း ခုခံကာကွယ်ရင်း ၄င်းတို့ဒေသကို စစ်မြေပြင် အဖြစ်ကနေ တည်ငြိမ်အေးချမ်းတဲ့ ဒေသတခုအဖြစ် တည်ဆောက်နိုင်ဖို့ မျှော်လင့် ကြည့်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar