မိုးမခအက်ဆေး - လင်းသက်ငြိမ် '' အမှောင် ခရီး ''
သြဂုတ် ၃၁၊ ၂၀၂၁
'' အမှောင် ခရီး ''
လင်းသက်ငြိမ်
အမှောင်ထုဟာ ငါတို့ အပေါ်မှာ တည့်တည့်ကြီးထိုးကျနေတယ်။ အမှောင်ထုဟာ အကုန်လုံးကို မှောင်စေတဲ့ အမှောင်ပါပဲ။ ငါတို့ဟာ ဘယ်ကိုကြည့်ကြည့်အမှောင်။ အမှောင်က ဘယ်လောက်အထိလဲဆို ပတ်ဝန်းကျင် အကာလမိုက်မိုက်မည်းမည်းကြီးကို မပြောနဲ့စကားလုံးတွေအထိပါ လိုက်လံမှောင်မိုက်နေတဲ့အမှောင်။ အမှောင်ဟာ မှောင်နေရာကနေတောက်လျောက် အမှောင်ထဲ ထိုးစိုက်ဆင်းချသွား။ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေကနေအိမ်တွေ၊ လမ်းတွေ အမှောင် အမှောင်။ ဆိုင်းဘုတ်တွေ၊ မီးပွိုင့်တွေ၊ မှတ်တိုင်တွေ၊ ရပ်နားစခန်းတွေ အကုန်လုံး အမှောင်။ တိုးတိုက်လာတဲ့လေထဲတောင် အမှောင်က တွဲခိုလိုက်ပါလာတယ်။ ရှူသွင်းလိုက်တဲ့လေထဲတောင် အမှောင်တွေပါလာမလား စိုးကြောက်နေရတဲ့ အမှောင်။
ကမ္ဘာကြီးဘာဖြစ်နေသလဲဆိုတာထက် ငါတို့ဘာဖြစ်ကြမှာလဲလို့ အသံတိတ်မေးခွန်းထုတ်နေရတဲ့အမှောင်။ အမှောင်ဟာ လူ့စိတ်ကို အရင်းကနေ ဆွဲကိုင်ဖျစ်ညစ်လှုပ်ယမ်းတယ်။ အမှောင်ဟာ ခွေးမတစ်ကောင်ကို ခွေးထီးတွေက ဝိုင်းပြီးမိတ်လိုက်နေသလို ဝရုန်းသုန်းကား မှောင်မိုက်။ အမှောင်ကို အရသာခံနေတဲ့ သွားရေတမျှားမျှားနဲ့ သတ္တဝါတွေကို ငါတို့ မြင်နေကြရတယ်။ အမှောင်ထဲကရယ်သံတွေဟာ ဖွေးချွန်ထက်မြနေမှန်း ငါတို့သိကြတယ်။
အမှောင်ထဲတွားသွားနေတဲ့ သတ္တဝါတွေကိုလည်း ငါတို့ မြင်ရတယ်။ ဘယ်နေရာကြည့်ကြည့် အမှောင်ထဲကျင် လည်စွာ ကူးခတ်နေကြတဲ့ အမှောင်တွေကို အမြောက်အမြား ငါတို့တွေ့နေကြရတယ်။ အရင်ကတည်းကနေ အခုထိ တခါမှမလင်းဖူးတဲ့အမှောင်တွေ။ ရုတ်တရက်ထပြီး မှောင်မိုက်လိုက်ရတဲ့ အမှောင်တွေ။
လင်းသလိုလို မှောင်သလိုလိုကနေ အငမ်းမရထ မှောင်မိုက်သွားတဲ့ အမှောင်တွေ။ အမှောင်ဟာ အမှောင်ကို အဖေခေါ်ဖို့ မခက်ခဲတဲ့အမှောင်။ အမှောင်ဟာ ပထွေးရဲ့အခန်းထဲ ကိုယ့်နှမအရင်းကိုထည့်ပြီး အခန်းတံခါးပိတ်ပေးထားခဲ့ဖို့လည်း ဝန်မလေးတဲ့အမှောင်။
အမှောင်ဟာ ဘယ်လိုမျိုးအလင်းညှိမယ့်သူမှပေါ်ထွန်းမလာဖို့ ဆိုင်ရာပိုင်ရာတွေကို ဘယ်သူ့လည်ချောင်းသွေးနဲ့ ပူဇော်ရမလဲလို့ တွေးခေါ်ကြံစည်နေတဲ့ အမှောင်တွေ။ အမှောင်ဟာ ထမင်းကလွဲရင် ကျန်တာအကုန်စားထားသလိုအမှောင်။ အမှောင်ဟာ ဉာဏ်ပညာကလွဲရင် အကုန်ပါတဲ့ဦးခေါင်းနဲ့ အမှောင်။ အမှောင်ဟာ ခွေးလေ ခွေးလွင့်တကောင်ရဲ့ ခြေလှမ်းမျိုးကနေ၊ သားရဲတိရစ္ဆာန်တကောင်လိုပါ ရဲတင်းလာခဲ့တဲ့အမှောင်။
မနက်ခင်းကြီးထဲထိုးကျလာတဲ့အမှောင်ကြောင့် နေ့လယ်ခင်းတွေကိုကော ညနေခင်းတွေကိုပါ ငါတို့ ခွဲခြားမသိနိုင်တော့ဘူး။ နာရီတွေတချက်ချက် အော်မြည်ပြီးခရီးဆက်နေတဲ့အသံကြားရပေမယ့် ငါတို့မြင်ကွင်းဟာ အမှောင်ပြီး အမှောင်ပဲ အမှောင်တွေပဲကမ္ဘာကြီးထဲ မင်းမူနေတော့မလို အမှောင်ဟာ စိုးရိမ်ခြောက်ခြားမှုကို ငါတို့စိတ်ထဲကို ဖြန့်ကြဲချနေတယ်။ အမှောင်ခေတ်ကလာတဲ့လူတွေကော၊ အမှောင်ခေတ်ကို မကြုံဖူးတဲ့လူတွေပါ အမှောင်ထဲဖြစ်တည်ကုန်ကြတာ အိပ်မက်ဆိုးလိုလို၊ တကယ်မဟုတ်ဘူးလိုလို အတွေးအမြင်တွေပါအမှောင်အတိကျစေတဲ့ အမှောင်။
တနင်္လာနေ့ကနေ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ အမှောင်တွေ၊ အမှောင်တွေ။ သွေးရူးသွေးတန်းထိုးကျလာတဲ့အမှောင်ဟာ ဘယ်အခါမှ ပြန်လင်းလာမှာလဲဆိုတဲ့ အတွေးနဲ့ လူတွေဟာနေ့နဲ့ညလွဲမှားကြ။ တွေးခေါ်မှုတွေ ကျွမ်းထိုးမှောက်ခုန် ဖြစ်ကြ။ စိုးရိမ်ထိတ်လှန့်မှုတွေဟာ ရေတံခွန်လိုအသံကျယ် ကျယ် စီးကျနေတယ်။
အမှောင်ဟာ ဘယ်အထိလဲ။ အမှောင်ဟာ ဘယ်တော့ဆုံးမှာလဲ။ အမှောင်ဟာ မပြီးမဆုံးတော့ဘူးလား။ သတင်းအားလုံးအမှောင်။
မြင်ကွင်းအားလုံးအမှောင်။ အမှောင်ဟာ မကြာသေးတဲ့ကာလလေးတခုကိုတောင် မှောင်မိုက်မည်းနက်စေခဲ့ရင် ဒီထက်သက်တမ်းပိုမိုကြီးရင့် လာခဲ့တဲ့ အခါ ဘယ်လောက်အထိ မှောင်မိုက်သွားလိမ့်မယ်မတွေးရဲဘူး။ အမှောင်ထဲ မှောင်မိုက်သွားတဲ့လူတွေကို ငါတွေ့ခဲ့ရပြီ။ အမှောင်ထဲရဲရဲရင့်ရင့် တိုးဝင်သွားခဲ့တဲ့ လူတွေကိုလည်း ငါတွေ့ခဲ့ရပြီ။ ငါ့ကိုယ်ငါပြန်ကြည့်တော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ပြည့်နေတာကို စက်ဆုပ်ဖွယ်တွေ့ရတော့ ငါသွေးပျက်သွားတယ်။ ကြွေးကြော်သံတွေ လမ်းပေါ်တက်လာကြတယ်။ ဆိုင်းဘုတ်တွေနဲ့လူတွေဟာ ယုံကြည်ချက်တွေနဲ့ လင်းနေတာကို အံ့သြဖွယ် ငါမြင်ရတယ်။
အမှောင်ဟာ တနေ့လင်းရမယ်ဆိုတဲ့ယုံကြည်ချက်ရဲ့အလံတော်ကို အမှောင်ထဲကနေငါတို့တွေ့ရတယ်။ လူဟာ ဘယ်တော့မှမျှော်လင့်ချက်မဲ့မသွားဘူး။ အမှောင်ဟာ ဘယ်လောက်ဆိုးရွားယုတ်မာမိုက်မဲနေပါစေ။ မျှော်လင့်ခြင်းကိုပျိုးယူနေကြတဲ့ လူတွေပျောက်ကွယ်သွားမှာမဟုတ်ဘူး။ ပိုးစုန်းကြူးကလေးတွေဟာ အမှောင်ကိုအံတုရင်း တဖျပ်ဖျပ်လင်းလက်ကြ။
ကြယ်မှုန်ကြယ်မွှားကလေးတွေကလည်းအမှောင်ကို ဆွဲဖွင့်ဖို့ အားယူနေကြသလိုမှိတ်တုပ်မှိတ်တုပ် တောက်ပကြ။ ညအကာလဟာ အမြဲတမ်းတည်မနေနိုင်။ သမိုင်းဟာထာဝရမည်းမှောင်မသွားနိုင်။ လူဟာ အမှောင်ကိုအံတုဖို့ သမိုင်းအဆက်ဆက် အလင်းကို ရှာဖွေတီထွင်ခဲ့ကြတယ်။ အမှောင်ထုဟာ ကြောက်ရွှံ့ခြင်းကို ကြဲချပြီး ဝါးမျိုဖို့ အချိန်ပြည့်အားထုတ်နေလည်း အလင်းရောင်ဟာ မလာဘဲမနေပါဘူး။ ငါတို့ရင်ထဲမှာ အမှောင်လွန်နေ့ရက်တွေ ရှိတယ်။ ငါတို့နှလုံးသားထဲမှာ အမှောင်ကိုစက်ဆုပ်ခါးသီးတဲ့ အမှတ်အသားတွေရှိတယ်။
အမှောင်ဟာ မိုက်မိုက်မဲမဲတွင်းဆုံးကျအောင် မှောင်မိုက်နေဦးမှာပဲဆိုတာလည်း ငါတို့အားလုံးသိထားနှင့်ကြတယ်။ အလံတွေဟာ အသံတွေနဲ့အတူတူလွှင့်လို့။ အလင်းရောင်ရဲ့ ဖူးငုံနေမှုကိုလူအားလုံး ယုံကြည်မျှော်လင့်လို့အမှောင်ထဲအံကိုခဲရင်း အနာဂတ်ကိုပျိုးကြဲနေကြတယ်။
အမှောင်ဟာ စီစီဖတ်ရဲ့ကျောက်တုံးကြီးဆိုလည်း ငါတို့ဟာ ချွန်မြတဲ့ပေါက်တူးတွေ။
အမှောင်လွန်နေ့များဆီ ကျားကုတ်ကျားခဲတွားတက်နေတဲ့ အိပ်မက်တွေ သီးပွင့်မယ့်နေ့တနေ့ဟာ မကြာခင် အောင်မြင်ရမယ်ဆိုတဲ့သတင်းစကားကို လက်ဆင့်ကမ်းသယ်ဆောင်နေကြတဲ့ အမှောင်ထဲလူတွေအကြောင်းဟာ နှောင်းလူများ ဆက်လက်သင်ကြားရမယ့် ဘာသာရပ်တစ်ခုအဖြစ် တည်တံ့တင်ကျန်နေရစ်လိမ့်မယ်။
လင်းသက်ငြိမ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar