အောင်သူငြိမ်း - ထိုင်းနိုင်ငံနဲ့ ခရစ်ပ်တို ငွေကြေး (၁)
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၁
ကနဦး ကြိုပြောရရင် ကျနော်က ခရစ်ပ်တိုငွေကြေး (Cryptocurrency) နဲ့ပတ်သက်လို့ ကျွမ်းကျင်သူတဦး မဟုတ်ပါဘူး။ ‘မိုင်းနင်း’ လို့ခေါ်တဲ့ မိုင်းတူးဖော် ရင်းနှီးမြှုပ်နှံထားသူတဦးလည်း မဟုတ်ပါဘူး။ ထူးခြားလို့ သိသင့်တယ်ထင်လို့ ဟိုဖတ် ဒီဖတ်လုပ်နေသူတဦးသာ ဖြစ်ပါတယ်။ တလောက ‘အိမောင်’ ရေးသားတဲ့ ‘ဘစ်ကွိုင်’ စာအုပ် မြန်မာလိုထုတ်ဝေလို့ ကျေးဇူးတင်မိပါတယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့ ဘာသာရပ်ကို မိတ်ဆက်ပေးထားတာပါ။ အခုတလော မြန်မာစာဖတ်သူတချို့ ဘစ်ကွိုင်၊ ခရစ်ပ်တိုငွေကြေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံအတွင်းမှာ ဗဟိုဘဏ်က သုံးစွဲခွင့်ပိတ်ပင်ထားပေမယ့်၊ NUG အစိုးရက USDT လို့ခေါ်တဲ့ Tether ခရစ်ပ်တိုငွေကြေးကို တရားဝင်သုံးစွဲဖို့ ကြေညာလိုက်တဲ့အခါ ဘာတွေလဲဆိုပြီး စိတ်ဝင်စားမှုတိုးတက်ဖြစ်ပေါ်လာတယ်လို့ မြင်မိပါတယ်။
ကျနော်ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့စ်သတင်းစာကဖတ်ပြီး သူတို့အခြေအနေကို မှန်းကြည့်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံမှာလည်း အခုအခါ ခရစ်ပ်တိုငွေကြေးကို လူတွေစိတ်ဝင်တစား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြလို့ပါပဲ။ တလောက ကျနော်ရေးဖြစ်တဲ့ပိုစ်တခုမှာ ထိုင်းဗဟိုဘဏ်က ဇန်နဝါရီလကျရင်၊ ငွေကြေး မြင်ကွင်း “Financial Landscape” အမည်နဲ့ အကြံပြုစာတမ်းတစောင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီစာတမ်းမှာ ဒစ်ဂျစ်တယ်ငွေကြေး၊ Green finance နဲ့ ပတ်သက်တဲ့နယ်ပယ် (ဒါက နောက်ပိုင်းခေတ်စားလာမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာများနဲ့ အဲဒါတွေအပေါ် ရင်းနှီးမြှုပ်နှံမှုများ)၊ အခြားဆက်စပ် ကိစ္စတွေမှာ သတိပြုစရာ မကျော်ရမယ့်မျဉ်းနီ (Red lines) တွေကို ဖော်ပြထားမယ် ဆိုပါတယ်။ သူတို့စိတ်ပူနေတာက ထိုင်းနိုင်ငံ စတော့အိပ်ချိန်း ဈေးကွက် စာရင်းတွေအရ အသိအမှတ်ပြုထားတဲ့ လိုင်စင်ရ Crypto exchanges တွေမှာ ပြီးခဲ့တဲ့နှစ်က ဝယ်-ရောင်း ၁၈ ဘီလီယံဘတ်ပဲ ရှိနေရာကနေ၊ အခု နိုဝင်ဘာလမှာ ၂၂၁ ဘီလီယံဘတ်အထိ တက်လာတယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေမှာ စွန့်စားရမယ့်အန္တရာယ်၊ ဈေးနှုန်းမတည်ငြိမ်မှုပြဿနာနဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်နေပါတယ်။
◾️ ထိုင်းနိုင်ငံနဲ့ ခရစ်ပ်တိုငွေကြေး
ကမ္ဘာပေါ်မှာတောင် ဘစ်ကွိုင်၊ ခရစ်ပ်တိုငွေကြေးတို့နဲ့ ပတ်သက်တဲ့ဥပဒေ၊ စည်းမျဉ်းတွေ ခိုင်ခိုင်လုံလုံ မရှိသေးပါဘူး။ ဒီ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေသဘောကလည်း ဗဟိုချုပ်ကိုင်မှုကို လက်မခံတဲ့သဘောရှိတဲ့အခါ နိုင်ငံတွေကခွင့်မပြုလည်း လုပ်ကိုင်မှု ဆက်ဖြစ်နေကြမယ့်သဘောပါ။ အခုလို ခရစ်ပ်တိုငွေကြေးတွေကို တရားဝင်ငွေကြေး (Legal tender) အဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံက နည်းပါသေးတယ်။ ဒါပေမယ့် လုပ်ကိုင်နေတာကို မတားမြစ် ခွင့်ပြုထားကြတာ ရှိပါတယ်။ ထိုင်းနိုင်ငံလည်း အဲဒီသဘောပါပဲ။ အချို့နိုင်ငံကတော့ ခွင့်မပြု၊ တားမြစ်ပိတ်ပင်နေတာတောင် ရှိပါတယ်။
ဒီဇင်ဘာ ၆ ရက်၊ ဘန်ကောက်ပို့စ် သတင်းစာ ခေါင်းကြီးပိုင်းမှာတော့ ထိုင်းနိုင်ငံက လုပ်ငန်းကြီးတွေက ခရစ်ပ်တိုငွေကြေးတွေနဲ့ ချိတ်ဆက်မှုများလာတာကို ဖော်ပြထားပါတယ်။ ဥပမာအားဖြင့်- ထိုင်းနိုင်ငံက The Mall, The Emporium, Paragon, EmQuartier စတဲ့ ကုန်တိုက်ကြီးတွေကို စီမံနေတဲ့ the Mall Group Co. က ခရစ်ပ်တိုငွေကြေးတွေဈေးကွက်ကို အကြီးဆုံးစီမံနေသူဖြစ်တဲ့ Bitkub Capital Group Holdings နဲ့ ပူးတွဲခဲ့ပါတယ်။
Siam Paragon, Siam Center, Siam Discovery ကုန်တိုက်ကြီးတွေ၊ သူတို့နဲ့ဖက်စပ် ICONSIAM နဲ့ Siam Premium Outlets စတဲ့ကုန်တိုက်ကြီးတွေကို စီမံနေတဲ့ Siam Piwat Co. က XSpring Capital Plc. နဲ့ ပူးပေါင်း ဆောင်ရွက်မှုလုပ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီက ခရစ်ပ်တိုငွေကြေးအပါအဝင် ငွေကြေးဝန်ဆောင်မှုတွေအတွက် လုပ်ငန်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကုန်တိုက်ကြီးတွေကို ဆောက်လုပ်လုပ်ကိုင်နေတဲ့ Central Retail Corp (CRC) ကလည်း အခုကိုဗစ်ကန့်သတ်မှုတွေ ပြန်ဖွင့်လာရင် “C-Coin” စီ-ကွိုင်ငွေကြေးကို ကြေညာဖို့ ရည်ရွယ်ထားပါတယ်။ သေချာတာကတော့ အစိုးရတွေနဲ့ စည်းမျဉ်းထိန်းသိမ်းသူတွေမှာ အန္တရာယ်ရှိနိုင်မှုနဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ် (Digital ecology) ဖွံ့ဖြိုးတိုးတက်လာမှု အကြားမှာ ဘယ်လိုမျှတအောင် ထိန်းသိမ်းနိုင်မလဲ ကြိုးစားဖို့ သတင်းစာ ခေါင်းကြီးပိုင်းက တိုက်တွန်းထားတာပါ။
ဒီဇင်ဘာ ၁၆ ရက် သတင်းစာမှာတော့ စီးပွားရေးပညာရှင် Chartchai Parasuk ရဲ့ ခရစ်ပ်တိုငွေကြေးရဲ့ တန်ဖိုးများကို ချိန်ဆခြင်း (Weighing the value of cryptocurrencies) ဆိုတဲ့ ဆောင်းပါးလည်း ဖတ်ရပါတယ်။ သူဖော်ပြထားတာကတော့ ခုချိန်မှာ လူတွေက ခရစ်ပ်တိုငွေကြေး အကြောင်းပြောလာကြတယ်။ တကယ်သိတဲ့ သူက နည်းပါသေးတယ်။ ဒါပေမယ့် အချို့ကတော့ ရင်းနှီးမြှုပ်နှံမှုတွေတောင် လုပ်ထားကြပါပြီ။ ဒီဇင်ဘာ ၁၅ ရက်နေ့ တန်ဖိုးအရဆိုရင် ခရစ်ပ်တိုငွေကြေးထဲမှာ လူသိများတဲ့ ဘစ်ကွိုင် (Bitcoin) တခု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၈,၁၄၄ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကတော့ ဘစ်ကွိုင်တခုဟာ ဒေါ်လာ ၃,၃၀၀ ပဲ ဈေး ပေါက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကတော့ ဘစ်ကွိုင်တခုဟာ အမေရိကန်ဒေါ်လာ ၆၈,၀၀၀ အထိ အမြင့်ဆုံး ထိပ်ကိုရောက်ခဲ့ပါတယ်။ အခုတော့ ၆ သောင်း ၈ ထောင်ကျော်ကနေ ပြန်ပြုတ်ကျလာတာပါ။ အဲသည်လို ဈေးနှုန်းမတည်ငြိမ်တာကြောင့် စိုးရိမ်ကြသလို၊ ‘လောင်းကစားသဖွယ်’ ဖြစ်နေတယ်လို့လည်း ဆိုကြတာပါ။
ဆက်ရေးပါဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar