Breaking News

သီအိုဇော် - ဒေသတွင်း ကျင့်သုံးကြသည့် တရုတ်တနိုင်ငံတည်း မူဝါဒ

သီအိုဇော် - ဒေသတွင်း ကျင့်သုံးကြသည့် တရုတ်တနိုင်ငံတည်း မူဝါဒ

(မိုးမခ) ဇန်နဝါရီ ၁၂ ၊ ၂၀၂၄


တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒထွက်ရှိလာပြီးနောက် ထိုင်ဝမ်အရေးကိုလည်း ကျွဲကူးရေပါ ဆိုသလို ဆန်းစစ် လာကြတာကို သတိပြုမိပါတယ်။ သတင်းမီဒီယာတွေမှာလည်း ဆက်လက်ပြီး တွေ့ရှိနေရသေးတဲ့အတွက် တခြား ကိုယ့်ဒေသတွင်း နိုင်ငံတွေကရော ဘယ်လိုချဉ်းကပ်ထားသလဲ ဆိုတာကို ‌ဖော်ပြလိုပါတယ်။

ဒေသတွင်းလို့ ဆိုရာမှာ အိမ်နီးချင်း အာဆီယံအသိုင်းအဝိုင်းသာမက အခြားအာရှအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ကိုလည်း ထည့်သွင်းထားပါတယ်။ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အာရှဘက်က နမူနာနိုင်ငံအချို့ရဲ့ သဘောထားလို့လည်း ဆိုနိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံများရဲ့ ရပ်တည်ချက်ကို ကောက်နုတ်ဖော်ပြတဲ့အခါမှာ လက်လှမ်းမီသမျှ နှစ်နိုင်ငံပူးတွဲ ကြေညာချက်တွေနဲ့ တရားဝင် ထုတ်ပြန် ပြောဆိုထားချက်များကို မှီငြမ်းပါတယ်။

အရင်ဆုံး အာဆီယံနိုင်ငံများကို ခြုံပြောနိုင်ဖို့အတွက် ယခင်အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ထိုင်ဝမ်ခရီးစဉ်တဝိုက်က ထုတ်ပြန်ချက်ကို ပြန်ကြည့်မိပါတယ်။ ဩဂုတ်လ ၃ ရက်နေ့စွဲနဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ‘အာဆီယံအနေနဲ့ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံကိုယ်စီက ထောက်ခံထားရှိတဲ့ တရုတ် တနိုင်ငံတည်းမူဝါဒကို ထပ်လောင်းအတည်ပြုတယ်’လို့ ပါရှိပါတယ်။ ပေါ် လစီက တခုတည်း ဆိုပေမယ့် အာဆီယံနိုင်ငံတွေ သုံးစွဲတဲ့ ကွဲပြားတဲ့ စကားလုံး အတိမ်အနက် အပျော့ အပြင်းတွေနဲ့ သူ့နိုင်ငံအလိုက် သူ့ဗားရှင်းနဲ့သူ ရှိတယ်လို့လည်း ပြောနိုင်ပါတယ်။

ပထမ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ သဘောထားကို ကြည့်ကြပါတမယ်။ ဝန်ကြီးချုပ် သာဗီဆင် (Srettha Thavisin)ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက် နေ့စွဲနဲ့ နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံအနေနဲ့ တရုတ်တနိုင်ငံတည်းမူဝါဒကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကို တရားဝင်ကိုယ်စားပြုအစိုးရအဖြစ်နဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းလို့ အသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံ စံနစ်နှစ်ခု မူဝါဒကိုလည်း ထောက်ခံကြောင်း ပါရှိပါတယ်။

ဒီစကားလုံး အသုံးအနှုန်းတွေဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာခရီးစဉ်အပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်နဲ့ အတော်လေး နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ ကွဲပြားချက်က အဲဒီတရုတ်-မြန်မာ ကြေညာချက်ထဲမှာတော့ တိဗက်နဲ့ ရှင်းကျန်း (Xinjiang) တို့ကိုပါ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းဆိုပြီး ထိုင်ဝမ်အရေးနဲ့ အလားတူ ထည့်သွင်းထားတာပါ။ ဒီအချက်က လိုအပ်တာထက်တောင် ပိုများနေသလားလို့ တွေးမိပါတယ်။ တခြားနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွဲပါလေ့မရှိတာကို သတိထားမိလို့ပါ။ တရုတ်နိုင်ငံဘက်က ကြည့်ရင်တော့ သဘောမတွေ့စရာ အကြောင်းမရှိပါဘူး။

NUG ရဲ့ လတ်တလောထုတ်ပြန်ချက်မှာ ထိုင်ဝမ်အကြောင်း တိုက်ရိုက်မရည်ညွှန်းဘဲ One China Principle ကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်လို့ဆိုပြီးပဲ ခြုံငုံဖော်ပြထားတာက ဘယ်ဘက်ကိုမှ သိသိသာသာ မျက်နှာပျက်စရာမလိုတဲ့ ကောင်းမွန်တဲ့ စကားလုံး ရွေးချယ်မှုလို့ ဆိုရပါမယ်။ ဒါ့ကြောင့်လည်း ထိုင်ဝမ်ဘက်က NLD အစိုးရ လက်ထက်ကလို ကန့်ကွက်စာ မထုတ်တာများလားလို့လည်း စဉ်းစားမိပါတယ်။ တရုတ်ဘက်က အမြင်တမျိုးရှိ သွားနိုင်ပေမယ့် လူသိရှင်ကြား ဝေဖန်ထောက်ပြမှု အခုထက်ထိမရှိသေးတဲ့အတွက် ကောင်းမွန်တဲ့ လက္ခဏာလို့သာ မြင်ရမလိုပါပဲ။

အလားတူ သတိကြီးကြီးထားပြီး ထုတ်ပြန်မှုမျိုး ဗီယက်နမ်ကလည်း သုံးထားပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် သမ္မတရှီကျင့်ဖျင်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံထုတ်ပြန်ချက်မှာ ဗီယက်နမ်နိုင်ငံအနေနဲ့ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်ကျင့်သုံးဖို့ ပိုင်းဖြတ်ထားတယ်လို့ ပါရှိပါတယ်။ ထိုင်ဝမ် စကားလုံးကို ထည့်ပြောမထားပါဘူး။

ဗီယက်နမ် စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၂၀၂၃ခုနှစ် ပထမ ၉ လအတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ထိုင်ဝမ်က စတုတ္ထလိုက်ပါတယ်။ ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေး စာရင်းဇယားအရ ဆိုရင်လည်း ထိုင်ဝမ်မှာ အင်ဒိုနီးရှားလူမျိုးပြီးရင် ဗီယက်နမ်လူမျိုးက ဒုတိယအများဆုံးပါ။ ဒီလိုထည့်တွက်ရမယ့် အချက်တွေအပြင် စစ်ပွဲကြီးတွေ ဖြစ်ခဲ့ဖူးတဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား သတိမပြတ် ဆက်ဆံနေကြရမှုတွေကြောင့် ဟိုချီမင်းလက်ထက် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလမှာ မြောက်ဗီယက်နမ် (Democratic Republic of Vietnamese)ကို ပထမဆုံး တရားဝင်သံတမန်ဆက်ဆံရေး ထားရှိ အသိအမှတ်ပြုခဲ့တဲ့ တရုတ်နိုင်ငံအပေါ် ထောက်ခံမှု ပုံအောမပြသသေးတာလားလို့ စဉ်းစားစရာပါ။

၂၀၁၆ ခုနှစ် မလေးရှားဝန်ကြီးချုပ်ရဲ့ တရုတ်ခရီးစဉ် သတင်းထုတ် ပြန်ချက်မှာလည်း တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဒီကြေညာချက်ပါအသုံးအနှုန်းက တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် (Li Keqiang) ရဲ့ ဘရူနိုင်းခရီးစဉ် (၂၀၁၃) အတွက် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်နဲ့ တထပ်တည်းနီးပါးကျပါတယ်။ ကြေညာချက် နှစ်ခုလုံးမှာ ထိုင်ဝမ်အမည်ကို ထည့်သွင်းထားခြင်းမရှိတာကို သတိပြုမိပါတယ်။

ဖိလစ်ပိုင်သမ္မတ အဆက်ဆက်ကလည်း ၁၉၇၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ ပီကင်းပူးတွဲထုတ်ပြန်ချက်ကစလို့ တရုတ် တနိုင်ငံတည်းမူဝါဒကို ကျင့်သုံးပါတယ်။ အဲဒီကြေညာချက်ပါအရဆိုရင် ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နယ်မြေ ဖြစ်တယ်လို့လည်း အသိအမှတ်ပြုထားပါတယ်။

ပဟေဠိဖြစ်စရာတခုက ပြီးခဲ့တဲ့ဆောင်းပါးမှာ ကိုးကားခဲ့တဲ့ Carnegie Endowment for International

Peace စာတမ်းထဲမှာ စင်ကာပူနိုင်ငံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်အစိုးရအဖြစ်

အသိအမှတ်မပြုတဲ့ ၉ ခု မြောက်အုပ်စုထဲ ထည့်ထားတာပါ။ အချက်အလက်သစ်တွေ

ဖြည့်စွက်ထားတယ် ဆိုတာကို ပြောထားပြီး အစိုးရတွေ လက်ရှိအသုံးပြုနေတဲ့ မူဝါဒကို

ညွှန်းဆိုတာ မဟုတ်ဘူးလို့ ထပ်ဆိုထားတဲ့ ဝိရောဓိရှိနေတာကိုတော့ သတိထားမိပါတယ်။ လက်တွေ့မှာက

စင်ကာပူကလည်းပဲ တရုတ်တနိုင်ငံတည်းမူဝါဒကို ကျင့်သုံးပါတယ်။ ဒါကို ဝန်ကြီးချုပ် လီရှန်လွန်း

(Lee Hsien Loong)က ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ပါလီမန်မှာ ထပ်မံအတည်ပြုခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှာ BRI ဖိုရမ် တက်ရောက်စဉ်က နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ တရုတ်တနိုင်ငံတည်းမူဝါဒကို ကိုင်စွဲထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကို တရားဝင်ကိုယ်စားပြုအစိုးရအဖြစ်နဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းလို့ အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။

အခု တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်တဲ့ လာအိုရဲ့ ရပ်တည်ချက်ကို တလှည့် ကြည့်ပါမယ်။ လာအို ဆိုတာနဲ့ အသေးစိတ်ဖတ်မကြည့်ပဲနဲ့တောင် သူ့သဘောထားကို အလွယ်တကူ မှန်းဆကြည့်နိုင်မှာပါ။ ၂၀၂၂ ခုနှစ် ဩဂုတ် ၃ ရက်နေ့က ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့် East Asia Cooperation ဆွေးနွေးပွဲအတွင်း တရုတ်-လာအို ပူးတွဲထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါတယ်။

လာအိုအနေနဲ့ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကြောင်း၊ ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းလို့ အသိအမှတ်ပြုကြောင်းတို့အပြင် တရုတ်နှစ်နိုင်ငံ ဒါမှမဟုတ် တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ် တနိုင်ငံ ဖြစ်အောင် မည်သည့်အားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း ဆိုတာကိုပါ ထည့်သွင်းထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် (Samdech Moha Borvor Thipadei Hun Manet)ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံထုတ်ပြန်ချက်ကလည်း လာအို သဘောထားနဲ့ နီးစပ်ပါတယ်။ ကြေညာချက်ထဲမှာ စကားလုံး အသုံးအနှုန်း ကွဲသွားတာက ထိုင်ဝမ်လွတ်လပ်ရေး ရယူဖို့ ကြိုးပမ်းတဲ့ မည်သည့် ခွဲထွက်ရေး လှုပ်ရှားမှုမျိုးကိုမဆို ဆန့်ကျင်တယ်လို့ ထည့်သွင်းထားတာပါ။

အာဆီယံအဝန်းအဝိုင်းဆီက ဒီလိုလေသံမျိုးထွက်တာ မထူးဆန်းဘူးလို့လည်း ထင်ကောင်းထင်မိကြပါလိမ့်မယ်။ အခုတကြိမ်မှာတော့ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲ၊ နွေဦးတော်လှန်ရေးနဲ့ တသားတည်း ရှိကြောင်း ပြသကြသူ၊ ကိုယ်တိုင်လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမားများက အစိုးရဖွဲ့စည်းထားနိုင်တဲ့ တီမော လက်စ်တေရဲ့ သဘောထားကို စူးစမ်းကြည့်ကြပါမယ်။

ဝန်ကြီးချုပ် ရှာနားနား ဂူစ့်မောင်(Xanana Gusmao)ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပူးတွဲကြေညာချက်က ကမ္ဘောဒီးယားနိုင်ငံ သဘောထားနဲ့ ထပ်တူနီးပါးကျတဲ့အပြင် ထိုင်ဝမ်နဲ့ မည်သည့်တရားဝင် ဆက်ဆံရေးကိုမျှ ပြုလုပ်မှာ မဟုတ်ဘူးဆိုတဲ့ ဖြည့်စွက်မှုကိုလည်း ထည့်သွင်းထားပါတယ်။

ဒီအတိုင်းသာဆိုရင် ကိုယ့်ရပ်တည်ချက်ကို ကိုင်စွဲတဲ့ အာရှနိုင်ငံများ ရှိမှ ရှိပါဦးမလား ဆိုရင်တော့ နိုင်ငံကြီး ၂ ခုကို ရွေးနုတ်ပြလိုပါတယ်။ ပထမနိုင်ငံက ထိုင်ဝမ်ကို နှစ်ပေါင်း ၅၀ ခန့် ကိုလိုနီပြုခဲ့ဖူးတဲ့ ဂျပန်နိုင်ငံပါ။ ဝန်ကြီးချုပ် တာနာကာ (Kakuei Tanaka) ရဲ့ ခရီးစဉ်အတွင်း ၁၉၇၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်က အစပြုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရားဝင်အစိုးရအဖြစ် ပြောင်းလဲအသိအမှတ်ပြုခဲ့ပါတယ်။ ဒီကြေညာချက်မှာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တခု တွေ့ရပါတယ်။

ပူးတွဲကြေညာချက်ဆိုတဲ့အတိုင်း နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ညှိနှိုင်းရေးသားကြရပါတယ်။ တရုတ်ဘက်က ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း ဆိုတာကို ထည့်သွင်းထားခဲ့ပြီး နောက်တကြောင်းမှာတော့ တရုတ်အစိုးရရဲ့ ဒီရပ်တည်ချက်အပေါ် ဂျပန်အစိုးရအနေနဲ့ အပြည့်အဝနားလည် ပြီး လေးစားမှုရှိတယ်လို့ တုံ့ပြန်ဖေါ်ပြခဲ့ပါတယ်။ တိုက်ရိုက်ထောက်ခံ အသိအမှတ်ပြုလိုက်မယ့်အစား သူ့ရပ်တည်ချက်ကို စကားလုံးလှလှနဲ့ သွယ်ဝိုက်ပြောလိုက်ခြင်းလို့  နားလည်ရပါတယ်။

နောက်ပိုင်းမှာ ဂျပန်နိုင်ငံက ထိုင်ဝမ်နဲ့ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းနဲ့သာ ဆက်ဆံပေမယ့် လိုအပ်သလို ထိုင်ဝမ် အရေးအတွက် စိုးရိမ်မှုကို ပြသပြီး နှစ်နိုင်ငံ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)က သူ ရာထူးနုတ်ထွက်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ပြောခဲ့တဲ့      ‘A Taiwan emergency is a Japanese emergency and therefore an emergency for the Japan-U.S alliance’ ဆိုတဲ့ စကားက ထိုင်ဝမ်အတွက် စိတ်အားတက်စေခဲ့သလို တရုတ်ကို အမျက်ထွက်စေခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဂျပန်ငလျင်အတွက် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်း (Tsai Ing-wen) မက်ဆေ့ချ်ပို့လိုက်ပါတယ်   ‘An emergency in Japan is an emergency in Taiwan’ ဆိုပြီးတော့ပါ။

နောက်ထပ် အင်အားကြီး အာရှနိုင်ငံတခု အကြောင်းကို ဆက်သွားပါဦးမယ်။ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။

သူက ဒီမူဝါဒကို ကျင့်သုံးနေပါတယ်လို့ ဆိုပေမယ့် တရုတ်ဘက်က တရားဝင်ထပ်မံ ထောက်ခံပေးပါလို့ တောင်းဆိုတဲ့အခါ ထပ်ပြောဖို့မလိုအပ်ဘူးဆိုပြီး အင်တင်တင်လုပ်နေတဲ့ နိုင်ငံပါ။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) လက်ထက်က အိန္ဒိယနဲ့ ပူးတွဲကြေညာချက်ထဲ ထည့်သွင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် ဝမ်ကျားပေါင်ရဲ့ နောက်ထပ်ခရီးစဉ်မှာ ထုတ်ပြန်ချက်ထဲမှာထည့်မယ့် ဒီစာသားကို ပြန်ပြီးဖြုတ်ခဲ့တယ်လို့ ရေးသားထားကြပါတယ်။

၂၀၁၄ ခုနှစ်တုန်းက နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်တဲ့အခါ ဒီကိစ္စ ထပ်ဆွေးနွေးပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူ့ရှ်မာဆွာရာ့ဂျ် (Sushma Swaraj)က အပြန်အလှန်အနေနဲ့ အိန္ဒိယ တနိုင်ငံတည်းမူဝါဒ(One India Policy) ကိုလည်း ပြန်ထောက်ခံသင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြားမှာ မပြီးပြတ်တဲ့ နယ်နိမိတ်ပြဿနာတွေ ရှိပါတယ်။ ဒါ့အပြင် ပါကစ္စတန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံဘက်က ဂျမူးနဲ့ ကက်ရှ်မီးယား (Jammu and Kashmir) ပိုင်ဆိုင်မှုအတွက် အိန္ဒိယကို အသိအမှတ်ပြု ထောက်ခံပေးတာမျိုး မလုပ်ပါဘူး။ ဒါကို ဆူ့ရှ်မာဆွာရာ့ဂျ်က ဆိုလိုတာပါ။ သုံးနိုင်ငံလုံးနဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ အငြင်းပွားမှုတွေလည်း ရှိနေဆဲပါ။

ဒီလိုလိပ်ခဲတည်းလည်း ဖြစ်နေရာကနေ နန်စီပလိုစီ ထိုင်ဝမ်ခရီးစဉ် ပေါ်လာတော့ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်သူက တရုတ်တနိုင်ငံတည်းမူဝါဒကို ထပ်လောင်းထောက်ခံပေးဖို့ ပြောပြန်ပါတယ်။ ဒါလည်း အဆင်မပြေခဲ့ပြန်ပါဘူး။ အိန္ဒိယဘက်က သူတို့ဘက်က ကျင့်သုံးနေဆဲဖြစ်လို့ ပြန်ပြောပေးစရာမလိုဘူး ဆိုပြီး တုံ့ပြန်ပါတယ်။

ဒီနေရာမှာ ဖြတ်ပြောချင်တာက အဲဒီတရုတ်သံအမတ်က ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ခေါင်းဆောင် လက်ခံတွေ့ဆုံပေးရတဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး ဆွန်းဝေဒုန် (Sun Weidong) ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒု-နိုင်ငံခြားရေးဝန်ကြီးက သူတယောက်တည်း မဟုတ်ပါဘူး။ ထိုသူတွေအထဲကမှ နောက်ပိုင်းမှာ ဆက်ရေးမယ့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာဂျောက်ရှူ ( Executive Vice Foreign Minister Ma Zhaoxu)ကမှ ပိုအဆင့်မြင့်ပြီး လုပ်ပိုင်ခွင့် ပိုအရှိဆုံးလည်း ဖြစ်ပါတယ်။

ဖော်ပြခဲ့တာများအရ တရုတ်နိုင်ငံက တရုတ်တနိုင်ငံတည်းမူဝါဒကို ဘယ်လောက် အလေးအနက် ထားတယ်၊ အကဲဆတ်ကြတယ် ဆိုတာ ပိုထင်သာမြင်သာ ရှိသွားလောက်ပါပြီ။ တကယ်က အကဲဆတ်တယ် ဆိုတာထက်ကို အထိမခံတဲ့ အနေအထားလို့တောင် ပြောနိုင်ပါလိမ့်မယ်။

ဘယ်လောက်တောင် အထိမခံကြသလဲ ဆိုရင်တော့ နန်စီပလိုစီရဲ့  ၂၀၂၂ ခုနှစ် ထိုင်ဝမ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်က တုံ့ပြန်ပြောဆိုမှုတွေကို ကိုးကားဖို့ လိုအပ်ပါလိမ့်မယ်။ဒု- နိုင်ငံခြားရေးဝန်ကြီး မာဂျောက်ရှူ နိုင်ငံပိုင် CGTN အင်တာဗျူးမှာ ပြောခဲ့တာပါ။

မာဂျောက်ရှူက ‘တရုတ်နိုင်ငံအတွက် တခြားတိုင်းပြည်များနဲ့ ဆက်ဆံရေးထူထောင်ရာမှာ One China Principle က နိုင်ငံရေးအခြေခံအုတ်မြစ် ဖြစ်တယ်’လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကို ထိတွေ့ဆက်ဆံချင်ရင် တရုတ်တနိုင်ငံတည်းမူဝါဒကို သဘောတူမှဖြစ်မယ်လို့ သွယ်ဝိုက်ပြောလိုက်တာပါပဲ။ ‘ဒါဟာ ဖြတ်လို့မရတဲ့ မျဉ်းနီပဲ’ လို့ လည်း သူက ဆက်ပြောခဲ့ပါသေးတယ်။

ဒီပြောဆိုချက်က ဂျပန်၊ အိန္ဒိယလို နိုင်ငံကြီးတွေ အပါအဝင် တီမောလက်စ်တေလို နိုင်ငံများကပါ ဘာ့အတွက် ကြောင့် ဒီမူဝါဒနဲ့ အတတ်နိုင်ဆုံး လိုက်လျောညီထွေနေကြတယ်ဆိုတာကို အဖြေပေးလိုက်သလိုပါပဲ။

ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဒေသတွင်းနိုင်ငံများရဲ့ တရုတ်တနိုင်ငံတည်း မူဝါဒအပေါ် ချဉ်းကပ်ကြပုံအတွက် အချက်အလက်များ ဖော်ပြပေးခြင်းသက်သက်ဖြစ်ပါတယ်။ 

NUGရဲ့ တရုတ်တနိုင်ငံတည်း မူဝါဒ သဘောထားက ခပ်မာမာသဘောထားရှိတဲ့ နိုင်ငံများနဲ့ တူသလား၊ တရုတ်နိုင်ငံ စိတ်တိုင်းကျ ထိုင်ဝမ်အပေါ် သဘောထား ခပ်တင်းတင်း ပြသကြသူတွေလိုပဲလား၊ ဒါမှမဟုတ် ဒီအုပ်စု နှစ်ခု ကြားထဲမှာလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကောက်ချက်ချကြည့်စေလိုပါတယ်။

~~~~~~~~~~~~~~~~

သီအိုဇော် - တရုတ်တစ်နိုင်ငံတည်းမူဝါဒ အရေးကိစ္စ 👉 https://www.moemaka.com/2024/01/blog-post_63.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar