လှကျော်ဇာ - မော်စီတုန်း ဆက်ဆံမှုကြီး(၁၀) ချက် (ဆဋ္ဌမအချက်)
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၁
◾️ ဟန်လူမျိုးနဲ့ လူမျိုးစုတိုင်းရင်းသားများအကြား ဆက်ဆံရေး
ဟန်လူမျိုးနဲ့ လူမျိုးစုများအကြား ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ပေါ်လစီဟာ နှိုင်းယှဉ်ချက်ရပြောရရင် ကောင်းမွန်ပြီး လူမျိုးစုများရဲ့ကျေနပ်နှစ်ခြိုက်မှုကိုရခဲ့ပါတယ်။ ကျွန်တော်တို့က ဟန်လူမျိုးကြီးဝါဒ ဆန့်ကျင်ရေးကို အလေးထားပါတယ်။ ဒေသလူမျိုးရေးအခြေခံ လူမျိုးကြီးဝါဒကိုလည်း ဆန့်ကျင်ရမှာပါ။ ဒါပေမဲ့ ယေဘုယျအားဖြင့် ဒါကို ကျွန်တော်တို့ သိပ်အလေးမထားပါဘူး။
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူမျိုးစုလူဦးရေဟာနည်းပေမယ့် သူတို့နေထိုင်ရာဒေသဟာ အလွန်ကျယ်ဝန်းပါတယ်။ ဟန်လူမျိုးဟာ လူဦးရေအားလုံးရဲ့ ၉၄ % ဖြစ်ပြီး၊ အများတကာ့ အများစုကြီးပါ။ တကယ်လို့များ သူတို့က ဟန်လူမျိုးကြီးဝါဒကျင့်သုံးပြီး လူမျိုးစုတွေအပေါ် ခွဲခြားနှိမ်ချဆက်ဆံရင်တော့ အတော့်ကိုဆိုးမှာပါ။ မြေနေရာကို ဘယ်သူကပိုပိုင်ဆိုင်ထားသလဲ။ တိုင်းပြည်ရဲ့မြေနေရာ ၅၀ ကနေ ၆၀ % အထိ တိုင်းရင်းသားလူမျိုးစုတွေနေနေတာ။ ကျွန်တော်တို့ တရုတ်ပြည်ကြီးဟာ အလွန်ကျယ်ဝန်းတယ်။
သယံဇာတတွေ ကြွယ်ဝတယ်။ လူဦးရေများတယ်လို့ ဆိုစကားရှိပါတယ်။ တကယ်တော့ ဟန်လူမျိုးက လူဦးရေသာများတာ၊ လူမျိုးစုတိုင်းရင်းသားတွေရဲ့နယ်မြေကသာ ကျယ်ဝန်းပြီး သယံဇာတပေါများတာ။ အနိမ့်ဆုံးတော့ သူတို့ရဲ့မြေအောက်သယံဇာတတွေက အများအပြားပါ။
တရုတ်ရဲ့သမိုင်းစဉ်တလျှောက်မှာ လူမျိုးစုတိုင်းရင်းသားတွေအားလုံးရဲ့ ကောင်းမှုပြုချက်များရှိပါတယ်။ ဟန်လူဦးရေ အလွန်များလာရတာကလည်း ကာလရှည်ကြာစွာ တိုင်းရင်းသားလူမျိုးစုများနဲ့ ရောနှော ရောယှက်သွားလို့ပါ။
ခေတ်အဆက်ဆက်၊ ဖောက်ပြန်တဲ့အုပ်ချုပ်သူများ အဓိကဟန်လူမျိုးများက ကျွန်တော်တို့ရဲ့လူမျိုးစုအသီးသီးအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေခဲ့ပြီး လူနည်းစုတွေအပေါ် အနိုင်ကျင့်ခဲ့ပါတယ်။ လုပ်သားပြည်သူများအကြားမှာတောင် အရင်ကတည်းကရှိနေခဲ့တဲ့အခုအခံတွေ ကာလတိုအတွင်းပျောက်သွားဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကေဒါများကိုရော၊ လူထုကိုရော၊ ပစ္စည်းမဲ့လူတန်းစားအမျိုးသားရေးဆိုင်ရာပေါ်လစီကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အဆက်မပြတ်ပညာပေးရမှာသာမက ဟန်လူမျိုးနဲ့တိုင်းရင်းသားလူမျိုးစုများအကြား ဆက်ဆံရေးအခြေအနေကိုလည်းကြာခဏ ဆန်းစစ်သုံးသပ်ရမယ်။ လွန်ခဲ့တဲ့ (၂) နှစ်က ဒီလိုမျိုးဆန်းစစ်မှုတကြိမ်လုပ်ခဲ့တယ်။ အခုနောက်တခါ ထပ်လုပ်ဖို့လိုလာပြီ။ တကယ် လို့များ ဆက်ဆံရေးတွေဟာ ပုံမှန်မဖြစ်တာတွေ့ရရင်တော့ ကျွန်တော်တို့ဟာ စကားအရမဟုတ်ဘဲ တကယ့်ကို စိတ်ပါလက်ပါ ဖြေရှင်းပေးရပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ လူမျိုးစုတိုင်းရင်းဒေသများမှာ ဘယ်လိုစီးပွားရေးခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးစနစ်များနဲ့ သင့်တော်မယ်ဆိုတာကို သေသေချာချာလေ့လာဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ တိုင်းရင်းသားလူမျိုးစုများရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုများဖွံ့ဖြိုးတိုးတက်လာစေဖို့ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ကူညီရမယ်။ ဆိုဗီယက်ယူနီယံမှာ ရုရှားလူမျိုးများနဲ့ လူမျိုးစုများအကြားဆက်ဆံရေးဟာ အလွန်ကိုပုံမမှန်ပါဘူး။ ကျွန်တော်တို့ ဒီကနေ သင်ခန်းစာယူရမယ်။ ဆိုရှယ်လစ်စနစ်တည်ဆောက်ရာမှာ လေထုကြီးရော၊ ကမ္ဘာမြေပေါ်ကသစ်တောတွေရော၊ မြေဆီလွှာအောက်က သယံဇာတတွေရော၊ အားလုံးရေးကြီးပါတယ်။ ဒါပေမဲ့ လူသားဆိုတဲ့အရာမပါဘဲ၊ ဘယ်ရုပ်ဝတ္ထုပစ္စည်းကိုမှ ထုတ်နုတ်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဟန်လူမျိုးများနဲ့တိုင်းရင်းသာလူမျိုးစုများအကြား ဆက်ဆံရေးကောင်းရေးကို အားပေးမြှင့်တင်ပေးရမှာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့ ဆိုရှယ်လစ်အမိမြေတည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အောက်မှာ လူမျိုးပေါင်းစုံ အားလုံးညီညွတ်ရေးကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်ကြရမယ်။
လှကျော်ဇော
၂၃-၁၂-၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar