ကြယ်စင်မြစ် - နှစ်သစ်မှာ အောင်ပွဲအသစ်တွေကို ကြိုကြစို့
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၁
အခုလို ဒီဇင်ဘာလဆန်း ခရစ်စမတ်အကြိုကာလဆိုတာ နိုင်ငံတကာမှာတော့ အားလပ်ရက်ရှည်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ ဖြတ်သန်းကြမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ကြည်နူးပျော်ရွှင်စရာ အချိန်ကာလပေါ့။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေ၊ မလုံခြုံမှုတွေနဲ့ ကျီးလန့်စာစားနေရတဲ့ အချိန်ပါ။ ငြိမ်းချမ်းစွာဆန္ဒပြတာကို စစ်ကားနဲ့ တိုက်သတ်ခံရမယ်၊ ကျည်ဆံတွေက အချိန်မရွေး ခန္ဓာကိုယ်ကို ဖောက်ထွက်သွားမယ်၊ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြို့တွေ၊ ရွာတွေ မီးရှို့ခံရပြီး ပြာကျနေကြရတယ်၊ မီးနေသည်တွေ၊ ကိုယ်ဝန်ဆောင်တွေအပါအဝင် အမျိုးသမီးတွေ နိုင်ငံတော်အဆင့် အဓမ္မပြုကျင့်ခံနေရတယ်၊ ညကဖမ်းသွားပြီး မနက်အလောင်းလာထုတ်ဆိုတဲ့ အခြေအနေအောက်မှာ ပြည်သူတွေဟာ လိုက်နာဖို့ခက်ခဲတဲ့ ဥပဒေတွေ၊ အမိန့်တွေအောက်မှာ စိတ်ရောကိုယ်ပါ ဒုက္ခပင်လယ်ဝေနေရတယ်ဆိုတာ ဒီနေ့ လက်တွေ့ဘဝပါပဲ။
ဒါတွေအားလုံးဟာ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာ အားလုံးအသိပါ။ စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်ဆိုတဲ့အချက်ကို ၁၉၆၂ ကတည်းက သက်သေပြခဲ့ပြီးဖြစ်တယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ၊ ၂၀၀၈ ခြေဉအောက်မှာ တပ်ဟာ ကျူးလွန်ခဲ့သမျှ ပစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ရနေခဲ့တယ်။ ၂၀၂၁ နွေဉီးတော်လှန်ရေးကတော့ မြန်မာနိုင်ငံက စစ်တပ်ဟာ ဘယ်လိုစစ်တပ်မျိုးလဲ၊ ပြည်သူ့တပ်မတော်လား၊ ဖက်ဆစ်တပ်လားဆိုတာ ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြခဲ့ပါတယ်။
ဒီလိုလူမဆန်တဲ့ မတရားမှုတွေကို အမြစ်ပြတ်တော်လှန်ကြဖို့ လူငယ်မျိုးဆက်သစ်တွေနဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ လူမျိုးစုံ ပြည်သူတွေနဲ့အတူ နွေဉီးတော်လှန်ရေးမှာ နယ်ပယ်အသီးသီးက CDM တွေ၊ အနုပညာရှင်တွေရဲ့ အင်တိုက်အားတိုက် ပါဝင်မှုကလည်း ဒီတော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေဟာ မတတ်သာဘဲ ရရာလက်နက်ကိုင်စွဲပြီး ခုခံကြရာကနေ နိုင်ငံ့ဒေသအသီးသီးမှာ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာတာ ငြင်းမရတဲ့ ဖြစ်စဉ်ပါပဲ။
အဲဒီလို အခြေအနေမှာ စုဖွဲ့ထားတဲ့ သပိတ်ကော်မတီတွေ၊ စီအက်အိုတွေ၊ အီးအေအိုတွေ၊ တော်လှန်ရေးအဖွဲ့ အစည်းတွေ၊ အနိုင်ရပါတီအပါအဝင် ပါတီတချို့ စတာတွေက အနာဂတ်နိုင်ငံတော်ကို ဘယ်လို သွားမလဲ၊ လက်ရှိ နွေဦးတော်လှန်ရေး အောင်မြင်မှုရဖို့ ဘယ်လိုကူညီ အားဖြည့်ကြမလဲ၊ ဆောင်ရန် ရှောင်ရန်တွေ စဉ်းစားကြ၊ စုဖွဲ့ကြ၊ အသိပေး ပြန့်နှံ့အောင် လုပ်လာကြတယ်။ အဲဒါကြောင့် CRPH/ NUG အပြင် ခုနက ပြောခဲ့တဲ့ အင်အားစုတွေအတော်များများပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်ပေါက်လာတာ တွေ့ရတယ်။ NUCC ရဲ့ အခန်းကဏ္ဍဟာ စုပေါင်းခေါင်းဆောင်မှုရဲ့ အနှစ်သာရအရ၊ သမိုင်းလိုအပ်ချက်အရ အင်မတန်မှ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ သန်မာအားကောင်းတဲ့ စုဖွဲ့မှု ဖြစ်လာဖို့အတွက် ဒီရရှိချက်ဟာ ငါတို့အားလုံးရဲ့ ရလဒ်ဖြစ်တယ်၊ ငါတို့အားလုံးရဲ့ အပိုင်ဖြစ်တယ်လို့ ခံယူပြီး လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်းကြရမှာပါ။
တဆက်တည်း ပြောချင်တာကတော့ ဒီနေ့ နိုင်ငံရေးလမ်းကြောင်းဟာ ပြည်သူတွရဲ့ အသက်၊ သွေး၊ ချွေး၊ ဘဝတွေနဲ့ ပြဌာန်းထားတဲ့ စစ်မှန်တဲ့ ရွေးချယ်မှုတခုပဲဖြစ်တယ်ဆိုတာပါပဲ။ ဒီနေရာမှာ ကျမတို့အပါအဝင် နိုင်ငံရေးသမားတွေ သတိထားရမှာက ဒီကနေ့ နွေဦးတော်လှန်ရေးဟာ လူပုဂ္ဂိုလ်တွေ၊ ရွေးကောက်ပွဲရလဒ်တွေကို ပြန်လည် အသိအမှတ်ပြုရုံလောက်တင်မကတော့ဘူးလို့ ပြောချင်တယ်။ စစ်အာဏာရှင်စနစ်ကြီးတခုလုံး အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်သည်အထိ ရည်မှန်းချက်က မြင့်မားသွားပြီ ဆိုတာကို သေချာ သတိချပ်ကြရပါမယ်။
ကျမတို့အားလုံးရဲ့ ဘုံရန်သူ စစ်အုပ်စုကလည်း အခုထိ တစက်မှ မလျှော့ဘူး၊ ပြည်သူလူထုကလည်း နောက်ကြောင်းပြန်ဖို့ လုံးဝမရှိဘူး ဆိုတာ တွေ့နေရတယ်။ ဒေသတွေ၊ အဖွဲ့တွေကွဲပေမယ့် နွေဦးတော်လှန်ရေး အဖွဲ့တွေနဲ့ အင်အားစုအသီးသီးဟာ နိုင်ငံရေးရည်မှန်းချက်တွေ အတူတူပဲမို့ တဖြည်းဖြည်းချင်း စုစည်းညီညွတ်ပြီး အောင်ပွဲတွေလည်း အဆင့်ဆင့်ရနေပြီ ဖြစ်တယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့၊ တရားရှိတဲ့ နွေဦးတော်လှန်ရေးကို ကူမယ့်သူတွေ တနေ့တခြား များပြားလာနေပြီး တရားမဲ့စွာနဲ့ သူခိုးဓါးပြလုပ်ရပ်တွေ ဆက်တိုက် ကျူးလွန်နေတဲ့ ဖက်ဆစ် စစ်အာဏာရှင်တွေအတွက် ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ကူမယ့်သူ ရှားလာပါပြီ။ ဒါကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ နွေဦးတော်လှန်ရေးဟာ လုံးဝ အောင်ပွဲခံမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် မုချကျဆုံးမှာ ဖြစ်ပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့အတွက် ကျောင်းသားလူငယ်တွေ စာသင်ခန်းနဲ့ လုပ်ငန်းခွင်ကို စွန့်ခွါခဲ့ရတယ်၊ ဝန်ထမ်းတွေ ရုံးတက်ဖို့ထက် ရုန်းထွက်ဖို့ ကြိုးစားခဲ့ကြတယ်၊ တော်လှန်ရေးရဲဘော်တွေဟာ ဒေသအသီးသီးမှာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြရတယ်၊ နားနေစရာရှိရက်နဲ့ ခိုလှုံစရာအသစ်ကို ရောက်ရှိခဲ့ကြရတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ပစ္စုပ္ပန်ဟာ အကျည်းတန်နေတာ အသေအချာပါပဲ။ ဒါပေမယ့် ကျမ ယုံကြည်ထားတာကတော့ အဖိနှိပ်ခံပြည်သူတွေအတွက် အောင်ပွဲကို အခမ်းနားဆုံး ကျင်းပပေးနိုင်မယ့်တနေ့ မကြာခင် ရောက်ရှိလာမယ် ဆိုတာပါပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ဖက်ဒရယ်ပြည်ထောင်စုမှာ စစ်အာဏာရှင်အပါအဝင် ဘယ်လိုအာဏာရှင်မျိုးမှ ရှင်သန်ခွင့် မရှိစေရ။ အရေးတော်ပုံ အောင်ကိုအောင်ရမယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ။
ဖက်ဒရယ်နိုင်ငံတော်သစ်ကို ထူထောင်နိုင်ဖို့အတွက် အောင်ပွဲအသစ်တွေကို နှစ်သစ်မှာ ကြိုကြပါစို့….။
ဆောင်းပါးသည် DPNS_Bulletin မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar