သီအိုဇော် - ကမ္ဘာတစ်လွှားက စံနမူနာယူကြရသည့် တရားသူကြီး
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၁
စာတစ်ကြောင်းတစ်လေကိုမှ ဖတ်ကြည့်စရာမလိုပဲ ဒီဆောင်းပါးဟာ ဒီကနေ့မြန်မာနိုင်ငံက တရားသူကြီးတွေ အကြောင်း မဟုတ်တန်ကောင်းဘူး ဆိုတာကိုတော့ လွယ်လွယ်ကူကူ တွေးမိကြပါလိမ့်မယ်။ တိုတောင်းလှတဲ့ လူ့ဘဝခဏတာမှာ မတရားမှုတွေကို ဦးမညွတ်စတမ်း ရင်ဆိုင်ပြီး ဘဝကို သတ္တိရှိရှိ ဖြတ်သန်းခဲ့ကြသူများရဲ့ သမိုင်းဟာ နောင်လာနောက်သားများ လေ့လာအတုယူစရာအဖြစ် မှတ်တမ်းတင် ကျန်ရစ်လေ့ရှိကြပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေ မြန်မာနိုင်ငံမှာရှိသလို ကမ္ဘာမှာလည်း ရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ‘ရေငုံနှုတ်ဆိတ် ပြီး ခေါင်းငုံ့ဦးကျိုးတတ်သူဟာ၊ အဲဒီလိုပြုမူလိုက်လေတိုင်း အကြိမ်ကြိမ် သေဆုံးသွားတယ်၊ ပြောသင့်တာကို ကျယ်လောင်စွာပြောပြီး ခေါင်းမော့လျှောက်လှမ်းနိုင်တဲ့သူကတော့ တစ်ကြိမ်ပဲ သေဆုံးရတယ်’လို့ ပြောခဲ့သူ အီတလီနိုင်ငံ စစ္စလီကျွန်းက တရားသူကြီး ‘ဂျီရော်ဗာနီ ဖဲလ်ကိုးနီ’ (Giovanni Falcone) အကြောင်းရေးသားလိုပါတယ်။ ဖဲလ်ကိုးနီ’ဟာ နိုင်ငံတကာက လေးစားရတဲ့ ဥပဒေဘက်တော်သားတစ်ယောက်ဖြစ်ပြီး အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ကြဖို့ သူတိုက်တွန်းပြောကြားခဲ့တာပါ။
ဆင်တူရိုးမှား စကားစုတွေရှိခဲ့ဖူးပါတယ်၊ ရှိတ်စပီးယားရေးခဲ့တဲ့ ‘သူရဲဘောကြောင်တဲ့သူဟာ အကြိမ်ကြိမ်သေရပြီး၊ ရဲရင့်တဲ့သူကတော့ တစ်ကြိမ်ပဲသေရတယ်’ဆိုတဲ့ ၁၅၉၉ ခုနှစ်က ဂျူးလိယပ်စ်ဆီဇာပြဇာတ်ဆိုရင် လည်း ကိုးကားသူအများအပြားပါပဲ။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ တရားလက်လွတ် ဖြစ်ပျက်နေတာတွေ၊ တရားသူကြီး၊ အစိုးရရှေ့နေ၊ ဥပဒေပညာရှင်၊ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူ၊ အစရှိသူတို့ရဲ့ ပြောင်ပြောင်တင်းတင်း ဥပဒေချိုးဖေါက်တာ၊ ဥပဒေကို လက်တစ်လုံးခြား အသုံးပြုနေတာ၊ ဥပဒေကို အလွဲသုံး စားပြုလုပ်နေတာတွေ မြင်နေရတော့ တရားစီရင်ရေးမဏ္ဏိုင် ခိုင်မြဲဖို့ ကိုယ့်အသက်ကိုတောင် အမှုမထားခဲ့တဲ့ ‘ဂျီရော်ဗာနီ ဖဲလ်ကိုးနီ’ လို ဥပဒေဘက်တော်သားတွေကို တလေးတစားဂုဏ်ပြုလိုတဲ့အတွက် သူ့ရဲ့ဆိုစကားကို အလေးအနက်ထား ဖေါ်ပြလိုခြင်းဖြစ်ပါတယ်။ ‘ဖဲလ်ကိုးနီ’ အကြောင်းရေးသားထားတယ်ဆိုပေမယ့် သူ့လိုပဲစံပြုရတဲ့ လုပ်ဖေါ်ကိုင်ဘက်တရားသူကြီး ‘ပါးအိုလို ဘော်ဆယ်လီနို’ (Paolo Borsellino အကြောင်းလည်း ပါလာရပါလိမ့်မယ်။
စစ္စလီကျွန်းနဲ့ မာဖီးယားဂိုဏ်းကို ယှဥ်တွဲမြင်လေ့ရှိကြပါတယ်။ တကယ့်ဖြစ်ရပ်မှန်တွေရော၊ဝတ္ထုဆန်ဆန်ရေး သားထားချက်များပါ အရောင်းသွက်စာအုပ်များ၊လူကြိုက်များတဲ့ရုပ်ရှင်များအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး နိုင်ငံတကာပရိတ်သတ်များနဲ့ ရင်နှီးကျွမ်းဝင်ခဲ့ကြပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်းတွေ ဘယ်လိုကွဲကွဲ မာဖီး ယားဂိုဏ်းဆိုတာနဲ့ ငွေကြေးကတောင့်တင်း အဆက်အသွယ်လည်းကောင်း၊ လူ့အသက်ကို ဖက်ရွက်လိုသ ဘောထားကြတဲ့၊ရက်ရက်စက်စက် လက်တုန့်ပြန်လေ့ရှိတဲ့ တရားဥပဒေကို မထီမဲ့မြင်ပြုကြတဲ့ အဖွဲ့အစည်းအနေနဲ့ အားလုံးက မြင်ကြပါတယ်။ တရားသူကြီး၊ အစိုးရရှေ့နေ တာဝန်များကို ထမ်းဆောင်ခဲ့တဲ့’ ဖဲလ်ကိုးနီ’ ဟာ မာဖီးယားဂိုဏ်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကို ရဲရဲရင့်ရင့် ဖေါ်ထုတ်ဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။
မာဖီးယားလိုအဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ကြပြီဆိုတာနဲ့ ဘဝလမ်းခရီးအချိုးအကွေ့ကို ရိပ်စားကြမိရတဲ့ ကြားက ‘ဖဲလ်ကိုးနီ’တစ်ယောက် အီတလီနိုင်ငံ စစ္စလီကျွန်းမှာ မာဖီးယားဂိုဏ်းရဲ့ ရာဇဝတ်မှုတွေကို တရား ဥပဒေလမ်းကြောင်းအတိုင်းစီရင်နိုင်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့ပါတယ်။ “ငါ့ရဲ့ဘဝကြမ္မာက တစ်နေ့နေ့ မာဖီး ယားတွေပစ်လွှတ်တဲ့ ကျည်ဆံတစ်တောင့် ရယူရလိမ့်မယ်လို့ ပုံဖေါ်ထားပြီးသား၊ ဘယ်တော့လဲဆိုတာသာ မသိတာ” လို့ ပြောခဲ့ဖူးသူပါ။ ဒီလမ်းကိုလျှောက်ရင်တော့ ဒါတွေကြုံတွေ့ရမယ်ဆိုတာ မှန်းဆမိပေမယ့် သူက နောက်မဆုတ်ခဲ့။ သူ့ကို ချော့တစ်ခါ ချောက်တစ်လှည့် နည်းမျိုးစုံနဲ့ ချဥ်းကပ်ခဲ့မှာလည်း တွက်ဆနိုင်ပေမယ့် သူ့ယုံကြည်ခံယူချက်ကို မပြောင်းလဲနိုင်စေခဲ့တာတော့ သေချာပါတယ်။
သူဦးဆောင်ခဲ့တဲ့ ‘မက်ဆီကြားနာစစ်ဆေးမှု ’(Maxi Trial) ဟာ ၁၉၈၆ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက် နေ့မှာ စ တင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီလ (၃၀) နေ့အထိ ကြာမြင့်ခဲ့ပါတယ်။ အဆုံးမှာတော့ ထိပ်သီး မာဖီးယားဂိုဏ်း ခေါင်းဆောင်များနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူများစွာ အပြစ်ပေးခံခဲ့ရပါတယ်။ မာဖီးယားဂိုဏ်းအပေါ် အပြင်း ထန်ဆုံး ထိုးနှက်မှုလို့ပြောနိုင်ပြီး နိုင်ငံရဲ့တရားစီရင်ရေးစံနစ်အနေနဲ့ ပထမဆုံးအကြီမ် အရင်းအမြစ်များစွာ သုံးပြီး မာဖီးယားဂိုဏ်းကို အလုံးအရင်း တရားခွင်ရှေ့ပို့ခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် မေလ (၂၃) ရက်နေ့မှာတော့ ‘ဖဲလ်ကိုးနီ’၊ သူ့ဇနီးနဲ့ လုံခြုံရေးရဲအရာရှိ (၃) ယောက်တို့ဟာ အဝေးပြေးလမ်းမပေါ်မှာ ကီလို ၄၀၀ ခန့်ရှိတဲ့ ပြင်းအားမြင့်မားတဲ့ ဖေါက်ခွဲရေးပစ္စည်းများနဲ့ အဝေးထိန်းချိန်ကိုက်ဖေါက် ခွဲခံရပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ဒေသတွင်းမှာရှိတဲ့ မြေငလျင်တိုင်းတာရေးစခန်းများက ဒီပေါက်ကွဲမှုကို တိုင်းတာလို့ရတဲ့အထိ ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုဟာ မာဖီးယားဂိုဏ်းရဲ့အညှိုးအတေး ‘ဖဲလ်ကိုးနီ’ အပေါ် ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
‘ဖဲလ်ကိုးနီ’ဆုံးပြီး (၂) လ မပြည့်ခင်မှာပဲ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက် တရားသူကြီး ‘ဘော်ဆယ်လီနို’ဟာလည်း လုံ ခြုံရေးယူပေးတဲ့ ရဲအရာရှိ (၅) ယောက်နဲ့အတူ ဗုံးဖေါက်ခွဲပြီး လုပ်ကြံခံခဲ့ရပါတယ်။ စစ္စလီကျွန်းမှာ ပထမဦး ဆုံးလုပ်ကြံခံရတဲ့ တရားသူကြီးတွေတော့မဟုတ်၊ သူတို့အရင် သေဆုံးခဲ့ရတဲ့ အခြားဥပဒေဘက်တော်သား တွေလည်းရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ မာဖီးယားဂိုဏ်းကို တရားခွင်တင်နိုင်ဖို့ အသက်ကိုပဓါနမ ထားပဲစွမ်းစွမ်းတမံကြိုးစားခဲ့ကြသူတွေဆိုပြီး အသိအမှတ်ပြု ထားကြရပါတယ်။ ဆုံးပါးသွားကြတဲ့အချိန်မှာ ‘ဖဲလ်ကိုးနီ’ က အသက် (၅၃) နှစ်၊ ‘ဘော်ဆယ်လီနို’က အသက် (၅၂) နှစ်သာ ရှိကြပါသေးတယ်။
စစ္စလီကျွန်းရဲ့ မြို့တော် ‘ပါလဲမိုး’မှာတော့ ‘ဖဲလ်ကိုးနီ ဘော်ဆယ်လီနို’ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုပြီး သူတို့ နှစ်ဦးကိုဂုဏ်ပြုထားပါတယ်။ အမှတ်တရတံဆိပ်ခေါင်းများလည်း ထုတ်ခဲ့ကြပါသေးတယ်။ (၇၁) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိ ပီတာသော်မဆင်က ‘ဖဲလ်ကိုးနီ’သေဆုံးတဲ့ (၂၅) နှစ်မြောက်အ ထိမ်းအမှတ်အနေနဲ့ ညီလာခံကြီးမှာ ဂုဏ်ပြုစကားဆိုခဲ့ဖူးပါတယ်။ ဥရောပကောင်စီကလည်း ‘ဖဲလ်ကိုးနီ’ဟာ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စံနမူနာပြုရမယ့်သူတစ်ဦးဆိုပြီး ဒီအထိမ်းအမှတ်အတွက် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့မှုခင်းရေးရာ (UNODC) အစည်းအဝေးတွေမှာ ‘ဖဲလ် ကိုးနီ’နဲ့ ‘ဘော်ဆယ်လီနို’ တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မှတ်တမ်းတင်လေ့ရှိကြပါတယ်။ ဥရောပကော်မ ရှင် (European Commission) က ‘ဖဲလ်ကိုးနီဘော်ဆယ်လီနို’ အစည်းအဝေးခန်းမဆိုပြီး ဘရပ်ဆဲလ်ရုံးချုပ် အ ဆောက်အဦးမှာ ဂုဏ်ပြုသတ်မှတ်ပေးထားပါတယ်။
ဗာဂျီးနီးယားပြည်နယ် ကွမ်တီကို- အက်ဖ်ဘီအိုင် အကယ်ဒမီသင်တန်းကျောင်း (FBI Academy) မှာ ‘ဖဲလ်ကိုးနီ’ အောက်မေ့ခြင်း အမှတ်တရပန်းခြံနဲ့အတူ ‘ဖဲလ်ကိုးနီ’ရဲ့ ကိုယ်တစ်ပိုင်း ကြေးရုပ်ထုထားရှိပြီး ဂုဏ်ပြုထား သလို၊ FBIရုံးချုပ်မှာ ‘ဂျီရော်ဗာနီ ဖဲလ်ကိုးနီ ဂယ်လာရီ’ ထားရှိပြီး ဂုဏ်ပြုဖို့စီစဥ်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတ ကာမှုခင်းတိုက်ဖျက်ရေးအတွက် သူဘယ်လောက် ထဲထဲဝင်ဝင် ကြိုးစားခဲ့တယ်ဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။၂၀၀၆ခုနှစ် နိုဝင်ဘာလထုတ် တိုင်းမ်မဂ္ဂဇင်းရဲ့ လွန်ခဲ့တဲ့ နှစ် (၆၀) အတွင်းက ပေါ်ထွက်ခဲ့တဲ့ သူရဲကောင်းများစာရင်းမှာ မာသာထရီဇာ၊ နယ်လ်ဆင်မန်ဒဲလား၊ ဗက်ဆလက်ဟာဗယ်တို့လို ပုဂ္ဂိုလ်များနဲ့ယှဥ်တွဲ ပြီး သူတို့နှစ်ဦးဖေါ် ပြခံခဲ့ရပါတယ်။
ဒီလိုဂုဏ်ယူလေးစားစရာ တရားသူကြီးများ အသက်ထင်ရှားဆက်ရှိနေခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ တရားသူကြီးများ အကြောင်း ကြားသိခဲ့ကြမယ်ဆိုရင်တော့ သူတို့အလွန်တန်ဖိုးထားဂုဏ်ယူခဲ့တဲ့ တရားသူကြီး အသက်မွေး ဝမ်းကျောင်းအလုပ်အတွက် စိတ်ကောင်းနိုင်ရှာမှာမဟုတ်ပဲ၊ မြန်မာတရားသူကြီးများရဲ့ လုပ်ရပ်တွေအတွက် မျက်နှာမထားတတ်အောင် ဖြစ်နေကြမယ်ထင်ပါတယ်။
၂၀၁၈ခုနှစ် မတ်လ(၂၈)ရက်နေ့မှာ သမ္မတအဖြစ်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဟာ ဧပြီလ (၁၁) ရက်နေ့မှာပဲ တရားစီရင်ရေးမဏ္ဏိုင် တည့်မတ်ခိုင်မာစေရေးအတွက် ကြိုးစားကြဖို့၊ ၂၀၁၁ခုနှစ်မှ ယနေ့ထက် ထိ တာဝန်ပေးခံရတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ်တရားသူကြီးတွေကို နိုင်ငံတော် သမ္မတအိမ်တော်မှာ တွေ့ဆုံပြီးတိုက်တွန်းခဲ့သူပါ။ ယိုယွင်းယိုင်နဲ့နေတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ် အ ကြောင်းကို သဘောပေါက်သူ၊ ကိုယ်တိုင်ကလည်း ဥပဒေပညာရှင် တစ်ဦးဖြစ်လို့ ပြန်လည်တည့်မတ်ဖို့ ဦးစား ပေးဆောင်ရွက်ခဲ့ပေမယ့်လည်း အခုတော့ကြိုးစားပေမယ့် အရာမထင်ခဲ့လို့ပဲ ဆိုရတော့မှာပါ။
လွတ်လပ်ပြီးဘက်မလိုက်တဲ့ တရားခုံရုံးဟာ တရားစီရင်ရေးစံနစ်ရဲ့ နှလုံးသည်းပွတ်ပါ၊ စံနှုန်းစံထားများမှသွေ ဖီနေတဲ့ တရားစီရင်ရေးစံနစ်ဆီက ခိုင်မာအားကောင်းမျှတတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုနည်း နဲ့မှ မျှော်လင့်လို့မရနိုင်ပါ။ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုကို မတိုက်ဖျက်နိုင်တဲ့ကြား၊ သမာသမတ်ကျ အရည်အချင်းပြည့်ဝတဲ့ တရားသူကြီးများရှားပါးလာမှုကလည်း ‘ဘူးလေးရာဖရုံဆင့်’လို့ပဲ ပြောရပါတော့ မယ်။ ရှိရှိသမျှတရားသူကြီးများဆိုပြီး သိမ်းကြုံးလို့ ဝါးလုံးရှည်နဲ့မယမ်းချင်သော်လည်း နည်းပါးလွန်း တဲ့ CDM ဝင် တရားသူကြီးအရေအတွက်၊ တရားသူကြီးကျင့်ဝတ်သိက္ခာများထက် စစ်ကောင်စီရဲ့ ညွှန်ကြားချက် များကိုသာ လိုက်နာပြီး အမှုစီရင်နေပုံများကို ကြည့်ရုံနဲ့တင်၊ ဘယ်လိုမှအားရစရာမရှိနိုင်တဲ့ တရားစီရင်ရေး မဏ္ဏိုင်ဆိုတာ မြင်သာထင်သာ ရှိနိုင်ပါတယ်။
စီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုနေမှုများအားကြည့်ပြီး ပြည်သူများက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံ နစ်အပေါ် စိတ်ပျက်အဆိုးမြင်နေမိတာကိုလည်း အပြစ်ဟုပြောလို့ မရ။ နိုင်ငံပေါင်း (၁၃၉) နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအဆင့်အတန်းကို သုတေသနပြုအဆင့်သတ်မှတ်ပေး ထားတဲ့ World Justice Project (WJP) ရဲ့ ၂၀၂၁ခုနှစ်အစီရင်ခံစာမှာ မြန်မာနိုင်ငံက အဆင့် (၁၂၈) နဲ့ အောက်ဆုံးက ပြန်ရေတွက်ကြည့်ရင်တော့ ထိပ်ဆုံး နားမှာကပ်ရှိနေတာကို စောဒကတက်မည့်သူ ရှိမယ်လို့လည်းမထင်ပါ။
၂၀၂၂ ခုနှစ်မှာ’ ဖဲလ်ကိုးနီ’နဲ့ ‘ဘော်ဆယ်လီနို’ လုပ်ကြံသတ်ဖြတ်ခံရတာ အနှစ် (၃၀) ပြည့်ခဲ့ပါပြီ။ ဒီအထိမ်းအ မှတ်အနေနဲ့ သူတို့နှစ်ဦးပုံပါတဲ့ (၂) ယူရိုဒင်္ဂါးပြားကို အီတလီနိုင်ငံမှာ ထုတ်ဝေသုံးစွဲမှာ ဖြစ်ပါတယ်။ နေ့တဓူဝ ငွေပေးငွေယူလုပ်ကြတဲ့ အခါတိုင်း ဒီဒင်္ဂါးပြား လက်ထဲရောက်လာတာ ကြုံကြရပါလိမ့်မယ်။ အဲဒီအခါမှာ ခံစားတုန့်ပြန်မှုများကတော့ ကွဲပြားကြမှာ ဖြစ်ပါတယ်။ ဂုဏ်ယူဝံ့ကြွားကြတဲ့သူ၊ အားကျလေးစားကြတဲ့သူ များစွာရှိမှာဖြစ်သလို ဒီဒင်္ဂါးပြားလက်ဝယ် ရောက်လာတိုင်း ရှက်ရွံ့သိမ်ငယ်စိတ်များ၊ စိတ်မလုံခြုံမှုများစွာနဲ့ ကိုင်တွယ်နေကြရမယ့် သူတွေလည်း ရှိကြမှာပါ။ ကိုယ့်ရဲ့ရပ်တည်ဆုံးဖြတ်ချက်နဲ့လုပ်ရပ် လွဲချော်မှားယွင်း သွားမှုဟာ မိမိတစ်ဦးတည်းအတွက်သာမကပဲ၊ ဒီဆိုးမွေကို ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအဝန်း၊ မျိုးနွယ် အစဥ်အဆက် နလံမထူနိုင်အောင် ဆက်ခံကြရမှာဖြစ်တယ်ဆိုတာ အချိန်မနှောင်းခင် သိမြင်သင်ခန်းစာ ယူကြရမှာဖြစ်ပါတယ်။
သေဆုံးသွားသော်လည်း ဆက်လက်ရှင်သန်နေကြသူများရှိသလို၊ ရှင်လျက်နဲ့လည်း သေဆုံးသူများပမာ ဖြစ်နေရတဲ့ သူများလည်း ရှိကြတယ်ဆိုတာကို မီးမောင်းထိုးပြရင်း၊ ၂၀၂၂ ခုနှစ်ထဲ လိုက်ပါမလာနိုင်ခဲ့ကြတဲ့ တရား ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အဝ မခံစားခဲ့ရရှာသောသူများ၊ အဓမ္မကို နောက်ဆုံးထွက်သက်အထိ သတ္တိ ရှိရှိ ရင်ဆိုင်တွန်းလှန်ခဲ့ကြသူများအတွက်၊ နှစ်သစ်မှာ ဆက်လက်ရှင်သန်ခွင့် ရရှိနေသူများက အမှန်တရား ဘက် ရဲရဲရင့်ရင့် ရပ်တည်ပြီး တောင်တန်းပြည်မ သွေးချင်းအားလုံး လိုလားကြတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ဆီသို့၊ မရောက်မချင်း ညီညီညွတ်ညွတ် လှမ်းလျှောက်ကြရမှာ ဖြစ်ပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar