Breaking News

မောင်လင်းရိပ် - နိုးနိုးကြားကြား ည

မောင်လင်းရိပ် - နိုးနိုးကြားကြား ည
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၁

ကိုယ့်အလုပ် ကိုယ်လုပ်ကြဆိုတဲ့ နှိုးဆော်သံတွေကြား
ကဗျာတွေကလည်း တောင်ပံခတ်သံတဖျတ်ဖျတ်နဲ့
ကြယ်ဥက္ကာညဉ့်ရောင်မီးအောက်မှာ သစ်သီးနံ့ရတဲ့ လင်းဆွဲတွေလို
တောစခန်းချတာမဟုတ်တဲ့ စစ်ရှောင်အုပ်ထဲက ကလေးတစ်ယောက်ဟာ နို့ဆာလို့ အီနေရဲ့
သူ့ရဲ့ နို့အိတ်နှစ်လုံး ရဲခနဲ ကျကွဲခဲ့တာ သူဘယ်သိနိုင်ပါ့မလဲ
အိပ်မက်ရာ နို့ဖြူဖြူမြစ်မင်းဟာ အဝေးကနေ စီးဆင်းလို့မဆုံး
လက်နက်တွေက စကားပြောရတော့မယ်ဆိုတဲ့ လူငယ်တွေနဲ့
ယမ်းနံ့တွေ မွှန်ထူနေတဲ့ တဲငယ်တစ်လုံးဟာ လက်လုပ်ဗုံးတွေရဲ့ ခေတ္တပုန်းကျင်းတဲ့
လမဝင်ခင် ယမ်းထောင်းရမယ့် လုပ်လက်စတွေကို လက်စသတ်လိုက်ပြီ
သစ်ငုတ်ကိုရွှေချချင်သေးတဲ့ အမိုက်ကောင်တွေ တောဝင်လာရင်တော့၊ 
ပစ်ကွင်းကို ဝင်လာရင်တော့ အမဲကောင်ပဲတဲ့ တေးထားရတယ်
(အမိုက်မှန်သမျှဟာ အမဲ ဖြစ်သွားရပုံပဲ)
တေးထားရတဲ့ သမိုင်းတွေကို မိုင်းတွေနဲ့ အဆုံးအဖြတ်မဟုတ်ပေမဲ့
အလုံးအသတ် အဝိုင်းအဆို့ အနုတ်အသိမ်း ခုချိန်မှာ လုပ်နေရသေးတယ်
ပေါက်ကွဲသံ မှန်သမျှဟာ ဘယ်သူက စဖောက်ခွဲခဲ့သလဲ
စပါးတွေ မှဲ့ပြီး ကျွမ်းလုလုကွင်းတွေကို စစ်က ခြေသံပြင်းပြင်းနဲ့ နင်းပစ်လိုက်ပြီ
ကွင်းအစပ်ကို အနားသတ်တဲ့ တောအစမှာ
ဒေါနလမ်း မြေညီညီလည်း ရှာမရတော့
လျှောကျစမ်း ရေသင်းကြည်လည်း စီးလည်ရစ်ခွေ မဆင်းတော့
ကဗျာတွေလည်း စစ်ကိုင်းတွေကြားမှာ လင်းဆွဲတွေ အိပ်တန်းတက်သလို
ဇောက်ထိုး ပုန်းခိုမနေကြပါနဲ့ဦီး
ကိုယ့်အလုပ် ကိုယ်လုပ်ကြဆိုတဲ့ နှိုးဆော်သံတွေ ကြားနေရတယ်။

၂၀၂၁ ဒီဇင်ဘာ ၁၃

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar