Breaking News

ကိုကျော် (မြစ်ကြီးနား) - သင့်ကလေးရဲ့ ဆိုးတဲ့အပြုအမူက ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်နိုင်ပါတယ်

ကိုကျော် (မြစ်ကြီးနား) - သင့်ကလေးရဲ့ ဆိုးတဲ့အပြုအမူက ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်နိုင်ပါတယ် 
(မိဘအုပ်ထိန်းမှုလမ်းညွှန်)
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၁

ကျေးဇူးတော်နေ့ ညစာစားပွဲမှာ ကျနော်ရဲ့ ၇ နှစ်အရွယ်သမီးလေးက သူမရဲ့ ၇၆ နှစ်အရွယ်အဖိုးကို ဘောစိလိုလေသံမျိုးနဲ့ "ဓာတ်ပုံရိုက်နေတာကို ရပ်လိုက်တော့၊ ကင်မရာကိုအောက်ချလိုက်" လို့ ပြောလိုက်တဲ့အခိုက်အတန့်မှာ ကျနော်လန့်ဖြန့်သွားပြီး စားပွဲအောက်မှာ ပုန်းနေချင်စိတ်ပေါက်သွားပါတယ်။ ငါဘယ်လိုကလေးမျိုး မွေးထားမိတာလဲ? ကျနော်ဆိုရင် ကျနော့်ရဲ့အဖိုးကို ဘယ်တော့မှဒီလိုမျိုး ပြောရဲမှာ မဟုတ်ပါဘူး။ ကျနော့်ကလေးက တခါတရံမှာ ရိုင်းစိုင်းတာ သို့မဟုတ် ကလန်ကဆန် လုပ်ခဲ့ရင် မိဘလုပ်သူရဲ့အပြစ်လား? စတဲ့ အတွေးတွေဝင်လာပါတယ်။ 

ကျနော်ရဲ့ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးများက သူတို့ခေတ်တုန်းကဆိုရင် ကလေးတွေက အသက်ကြီးသူတွေကို ရိုသေလေးစားမှု ရှိကြတယ်လို့ ပြောမှာသေချာပါတယ်။ ရိုသေလေးစားမှုနဲ့ ပတ်သက်ပြီး ကျနော့်ကလေးတွေကိုလည်း သင်ပေးပါတယ်။ ထမင်းစားဝိုင်းမှာ ပြုမူနေထိုင်မှုတွေ၊ 'ကျေးဇူးပြုပြီး''ကျေးဇူးတင်တယ်' ဆိုတာတွေကိုလည်း သင်ပေးပါတယ်။ ဒါပေမဲ့လည်း မိဘနဲ့ကလေး ဆက်ဆံရေးတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာတုန်းကနဲ့ အတော်ကွာခြားတယ်လို့ ယနေ့ခေတ်မိဘတွေ အတော်များများ ခံစားနေရပါတယ်။

မကြာခင်နှစ်များတုန်းက ပိုပြီးထိရောက်မှုရှိပြီး ကလေးကိုအဓိကထားတဲ့ မိဘအုပ်ထိန်းမှုပုံစံမျိုး ပြောင်းလဲလာပြီး အဲဒါနဲ့ပတ်သက်တဲ့ စာအုပ်ဆောင်းပါးတွေ များစွာထွက်လာပါတယ်။ အကျိုးသက်ရောက်မှုတစ်ခုက ယနေ့ခေတ် မိဘတွေအတော်များများ သူတို့ရဲ့ကလေးတွေကို အော်ဟစ်အမိန့်ပေးတာ နဲ့ အပြစ်ပေးတာတွေ လျော့နည်းလာပါတယ်။ ဒီအတွက်ကြောင့် အခုခေတ်ကလေးတွေက လူကြီးတွေရဲ့အနားမှာ ပိုပြီးသက်တောင့်သက်သာ ရှိလာပြီး သူတို့ရဲ့ အတွေးခံစားချက်တွေကို ပြောဆိုဖော်ထုတ်လိုမှု ပိုရှိလာပါတယ်။  

ကလေးတွေရဲ့ စိတ်အားထက်သန်တဲ့ ဒီလိုစိတ်ဓာတ်မျိုးက တခါတရံမှာ နှစ်သက်လိုလားချင်စဖွယ် မရှိပေမဲ့ အခုလိုပြောင်းလဲလာမှုက ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်လို့ ကလေးစိတ်ပညာရှင်များက ပြောကြပါတယ်။ ကလေးငယ်တွေက သူတို့မှာ ဘယ်လောက်တောင် လုံခြုံမှုရှိတယ် အချစ်ခံရတယ်၊ သူတို့ရဲ့မိဘတွေအပေါ် ဘယ်လောက်တောင် ယုံကြည်မှုထားတယ် ဆိုတာတွေ ရောင်ပြန်ဟပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

"ကလေးတွေက သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို နည်းနည်းလေးပိုပြီး အခိုင်အမာပြောလာတာ သို့မဟုတ်ရင်လည်း ငြင်းခုံပြောဆိုမှု ပိုများလာတာကို မိဘတွေအနေနဲ့ အဆိုးတစ်ခုလို့ မမြင်ဘဲ အရေးကြီးပြီးလိုအပ်တဲ့ ဖြစ်စဥ်တစ်ခု ဆိုတာကို ကြိုးစားပြီးမြင်နိုင်ဖို့ လိုအပ်ပါတယ်" လို့ University of Virginia မှ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလေ့လာသူ စိတ်ပညာရှင် Emily Loeb က ပြောပါတယ်။ ကလေးငယ်တွေက လုံခြုံမှုရှိတယ် အချစ်ခံရတယ်လို့ ခံစားရတဲ့အချိန်မှာ သူတို့ရဲ့ ပင်ကိုယ်အရည်အချင်း နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို ပိုပြီးကောင်မွန်စွာ ဖော်ထုတ်ချမှတ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။  

ကလေးတွေက လူကြီးတွေနဲ့ အမြဲတမ်း ရိုသေလေးစားမှုရှိမယ်၊ ကျေနပ်နေမယ်၊ စကားနားထောင်နာခံ နေမယ်ဆိုရင် များသောအားဖြင့် လူကြီးတွေကို ကြောက်ကြတာကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ကလေးတွေ ဘယ်လောက်တောင် လိမ်မာရေးခြားရှိတယ်ဆိုပြီး ဂုဏ်ယူပြီးပြောတတ်တဲ့ မိဘတွေက တကယ်တမ်းကျတော့ "ကြိမ်တုတ်ကိုမသုံးရင် ကလေးပျက်စီးသွားမယ်" ဆိုတာလိုမျိုး ပြောတဲ့လူတွေ ဖြစ်ကောင်းဖြစ်နေတတ်ပြီး ဒါဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။

ကလေးတွေက သူတို့ကို ဂရုစိုက်ပြုစုနေသူတွေကို ကြောက်ရွံ့နေခဲ့ရင် ပန်းတွေလို ဝေဆာပွင့်လန်းလာမှာ မဟုတ်ပါဘူး။ အကြောက်တရားကို အခြေခံပြီး အာဏာရှင်ဆန်တဲ့ မိဘအုပ်ထိန်းမှုမျိုး (authoritarian parenting) မှာ မိဘတွေက စည်းကမ်းအလွန်တင်းကြပ်ပြီး ကလန်ကဆန်လုပ်လို့ ကလေးတွေကို ကြမ်းတန်းစွာဒဏ်ခတ်တယ်၊ "ငါဒီအတိုင်းပြောထားတာ ဘာကြောင့်လဲမမေးနဲ့" ဆိုတာမျိုး ပြောကြပါတယ်။ အာဏာရှင်ဆန်တဲ့အုပ်ထိန်းမှုက ကလေးတွေမှာ ဆိုးကျိုးရလဒ်များစွာ နဲ့ ဆက်စပ်မှုရှိပါတယ်။ အာဏာရှင်ဆန်တဲ့မိဘများရဲ့ ကလေးတွေက စိုးရိမ်ပူပန်မှု နဲ့ စိတ်ဓာတ်ကျမှုတွေ ဖြစ်နိုင်ခြေပိုများပြီး ကြမ်းတမ်းတဲ့အမူအကျင့်တွေ ပြသလာတယ်၊ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းလာတယ်လို့ လေ့လာချက်များမှာ တွေ့ရှိခဲ့ပါတယ်။

"အချိန်ကြာလာတာနဲ့အမျှ မိဘတွေကို ကြောက်ရွံ့မှုမှတဆင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုနည်းလာပြီး ပြင်ပပတ်ဝန်းကျင်ရဲ့ လက်ခံလာမှုကို ပိုပြီးလိုလားလာကြတယ်" လို့ ကလေးငယ်များရဲ့ လူမှုရေးစိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ကျန်းမာရေးကို အထူးပြုလေ့လာသူ နယူးယောက်မှ ဆေးဖက်ဆိုင်ရာ စိတ်ပညာရှင် Rebecca Schrag Hershberg က ပြောပါတယ်။

စည်းကမ်းတင်းကြပ်တဲ့ မိဘများက တခါတရံမှာ နည်းပရိယာယ်တွေသုံးကြပြီး အဲဒါကလည်း အန္တရာယ်သိပ်များပါတယ်။ သူတို့သုံးတဲ့နည်းတစ်ခုက conditional regard ဖြစ်ပြီး ဥပမာ ကလေးတွေ စကားနားထောင်တဲ့အချိန်မှာ မိဘတွေက ပိုပြီးချစ်ပြပြီး၊ မလိမ်မာတဲ့အခါကျတော့ ချစ်တာကို လျော့ပြီးပြသတာ၊ အခြေအနေပေါ်မူတည်ပြီး ချစ်ပြတာမျိုး ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုမှာ conditional regard အသုံးပြုခံရတဲ့ ကလေးများဟာ မိဘတွေအပေါ် နာကျည်းမှုပိုများပြီး ကျောင်းပညာရေးမှာလည်း လိုက်စားမှုအားနည်းတယ်လို့ သိရပါတယ်။ 

အာဏာရှင်ဆန်တဲ့မိဘတွေ တခါတလေသုံးကြတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု ဖြစ်ပါတယ်။ မိဘတွေက ကလေးတွေရဲ့ ကိုယ်ပိုင်ခံစားချက် နဲ့ ပင်ကိုယ်တန်ဖိုးကို လှည့်စားပြီး လိုချင်တာကိုရအောင် လုပ်ယူတာဖြစ်ပါတယ်။ "အိပ်ရာကို ကောင်းကောင်းမသိမ်းရင် မင်းက အတော်ဆိုးတဲ့ ကောင်မလေးပဲ" သို့မဟုတ် "အဖေအမေတို့ကို တကယ်ချစ်တယ်ဆိုရင် အခုအိပ်ရာထဲဝင်တော့" ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

စိတ်ပညာရှင် Emily Loeb ရဲ့ လတ်တလော လေ့လာမှုများထဲက တစ်ခုကတော့ အသက် ၁၃ နှစ် နဲ့ ၃၂ နှစ်ကြား လူငယ်များကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုရှိတဲ့ မိဘတွေရဲ့ကလေးများက ပညာရေးမှာ အောင်မြင်မှုနည်းပြီး၊ ကလေးဘဝတုန်းကလည်း အပေါင်းဖော်များရဲ့ ချစ်ခင်နှစ်သက်မှု နည်းခဲ့ရတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အရွယ်ရောက်တဲ့အခါကျတော့လည်း အချစ်ရေးကိစ္စများမှာ အဆင်ပြေနိုင်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုက ကလေးငယ်တွေမှာ လူမှုရေးဆန့်ကျင်တဲ့ အမှုအကျင့် နဲ့ စိုးရိမ်ပူပန်မှု ဖြစ်တာတွေနဲ့ ဆက်စပ်မှုရှိကြောင်း တခြားသော သုတေသနများမှ ဖော်ပြထားပါတယ်။ 

မိဘတွေအများစု တကယ်လိုချင်တာက သူတို့ရဲ့ကလေးတွေ လွတ်လပ်စွာ တွေးခေါ်နိုင်သူတွေအဖြစ် ကြီးပြင်းလာကြပြီး တခါတရံမှာ အာဏာပိုင် (သို့) အထက်လူကြီးခေါင်းဆောင်တွေကို မေးခွန်းထုတ်တာ နဲ့ ဖောက်ထွက်တွေးခေါ်နိုင်တာမျိုး ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ကြမ်းတမ်းပြီး တင်းကြပ်လွန်းတဲ့ မိဘအုပ်ထိန်းမှုမျိုးက ကျန်းမာပြီးဖွံ့ဖြိုးတိုးတက်တဲ့ မျိုးစေ့တွေ မရနိုင်ဘူးလို့ သုတေသနတွေ့ရှိချက်မှ ပြသထားပါတယ်။ ရေတိုမှာတော့ ကလေးငယ်တွေက လိပ်မာစွာနေထိုင်တာ ဖြစ်နိုင်ပေမဲ့ ရေရှည်မှာ ကလေးတွေ ထိခိုက်ခံစားရပါတယ်။ 

"ကျမတို့ကတကယ်ပဲ ကျမတို့ရဲ့ကလေးတွေကို သူတို့ကိုသူတို့သိမယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိစေချင်ကြတာပါပဲ။ ဒါပေမဲ့ အကယ်၍ မိဘတွေက အရာရာတိုင်းမှာ အစမှအဆုံး အုပ်စိုးထိန်းချုပ်ထားသူတွေ ဖြစ်နေခဲ့ရင် အားလုံးစတေးခံသွားရမှာ ဖြစ်ပါတယ်" လို့ ဒေါက်တာ Rebecca Schrag Hershberg က ပြောပါတယ်။

ဒီလိုမျိုးရှင်းပြနေတာက ကလေးငယ်တွေမှာ စည်းကမ်း၊ အကန့်အသတ် နဲ့ အကျိုးဆက်တွေ ရှိဖို့မလိုအပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ တကယ်လည်း လိုအပ်ပါတယ်။ permissive parenting လို့ခေါ်တဲ့ အလိုလိုက်လွန်းတဲ့မိဘမျိုး ကျတော့လည်း ပြဿနာရှိနိုင်ပြီး ကလေးတွေမှာ ကိုယ့်ကိုယ်ကိုဗဟိုပြုတဲ့ အရေးပါမှု နဲ့ စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းမရှိမှုတွေ ဖြစ်စေနိုင်ပါတယ်။ 

Emily Loeb က အကျိုးမဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု နဲ့ အကျိုးရှိစေတဲ့ အမူအကျင့်ဆိုင်ရာထိန်းချုပ်မှု ကွဲပြားခြားနားကြောင်း သေချာရှင်းပြထားပါတယ်။ အမူအကျင့်ဆိုင်ရာထိန်းချုပ်မှုမှာ မိဘတွေက ကန့်သတ်ချက် နဲ့ မျှော်မှန်းချက်တို့ကို သတ်မှတ်ထားပြီး ဥပမာ ကလေးတွေရဲ့ အိပ်ရာဝင်ချိန် သတ်မှတ်မှု၊ မနက်အိပ်ရာထတိုင်း အိပ်ရာသိမ်းဆည်းမှု သို့မဟုတ် နေ့စဥ် ကွန်ပြူတာ မိုဘိုင်းဖုန်း အသုံးပြုချိန် (သို့) တီဗီကြည့်ရှုချိန် သတ်မှတ်ထားမှု စတာတွေဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းကမ်းနဲ့ဘောင် သတ်မှတ်ချက်တို့က အရေးကြီးပေမဲ့ မိဘတွေက ကလေးငယ်တွေရဲ့ ပင်ကိုယ်တန်ဖိုးကို လှည့်ဖျားကစားဖို့ သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်းအပြစ်ပေးဖို့ မလိုအပ်ဘူးလို့ Emily Loeb က ပြောပါတယ်။ 

ဒါဆိုရင် ဘယ်နည်းလမ်းက အကောင်းဆုံးလဲ? လေ့လာတွေ့ရှိချက်အရ အများစုအကြံပြုထားတာက မလျော့မတင်း အလယ်အလတ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ 'authoritative parenting' နည်းလမ်းဖြစ်ပါတယ်။ မိဘတွေ ဒီနည်းလမ်းကို အားထုတ်ကြိုးစားသင့်ပြီး အောင်မြင်မှုရနိုင်မယ်လို့ ဆိုထားပါတယ်။ (authoritarian parenting အာဏာရှင်ဆန်တဲ့နည်းနဲ့ လုံးဝဆန့်ကျင်ဖက် ဖြစ်ပါတယ်)။ 

authoritative parenting မှာ မိဘတွေက ကလေးတွေအပေါ် မျှော်မှန်းချက်မြင့်မြင့်ထားပြီး အကန့်အသတ်လည်း ချမှတ်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သားသမီးတွေအပေါ် ရင်းနှီးနွေးထွေးမှု နဲ့ လေးစားမှုကိုပြသပြီး တခါတရံမှာ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း လိုလားလက်ခံကြပါတယ်။ ဒီလိုမိဘတွေရဲ့ ကလေးငယ်များဟာ ကျောင်းပညာရေးမှာ ပိုမိုထူးချွန်ပြီး မိဘတွေနဲ့လည်း ရိုးသားမှုပိုရှိကြတယ်၊ နောက်ပြီးတော့ သဘောထားကောင်းမွန်ပြီး ကြင်နာသနားတတ်သူတွေ ဖြစ်ကြတာကို တွေ့ရပါတယ်။

သို့ပေမဲ့လည်း မိဘအုပ်ထိန်းမှုကိစ္စမှာ မတူညီကြတဲ့ ယဥ်ကျေးမှုများကိုလည်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကလေးငယ်က သူ့အတွေးအခေါ် အယူအဆအတိုင်း အခိုင်အမာပြောဆိုတာကို အနှုတ်လက္ခဏာအဖြစ် ဘာသာပြန်တာမျိုး ဖြစ်ပါတယ်။ ကျောင်းတွေမှာ လူမည်း နဲ့ လက်တင်အမေရိက ကလေးတွေက လူဖြူကလေးတွေထက် ပိုပြီးတော့ အပြစ်ပေးခံရတာကို လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားကြောင်း Columbia University’s Zuckerman Institute မှ ကလေးအထူးကုနဲ့ ဆေးဖက်ဆိုင်ရာစိတ်ပညာရှင် Dana E. Crawford က ပြောပါတယ်။ 

ဒီအတွက်ကြောင့် လူဖြူမဟုတ်တဲ့ မိဘတွေက သူတို့ရဲ့ကလေးတွေကို လူမျိုးရေးခွဲခြားမှုနဲ့ အကျိုးသက်ရောက်နိုင်တဲ့ ကျောင်းထုတ်လိုက်တာမျိုး သို့မဟုတ် ရဲတွေအကြမ်းဖက်မှုမျိုး စတာတွေမှ ကာကွယ်ဖို့လိုအပ်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ကလေးတွေကို စည်းကမ်းတင်းကြပ်တာရှိပြီး အကြမ်းပတမ်းခံနိုင်အောင် စိတ်ဓာတ်မာလာအောင်ရည်ရွယ်ပြီးလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေကို နူးညံ့သိမ်မွေ့မှု စာနာနားလည်မှု တို့ကို သင်ကြားပေးရင်း တဖက်ကလည်း ခံနိုင်ရည်ဇွဲရှိမှု နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု တည်ဆောက်ပေးဖို့ ဒီနှစ်မျိုးကြားမှာ ဟန်ချက်ညီအောင် လုပ်နိုင်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့လည်း လူမည်းမိဘတွေထဲမှာ ပျော့ပြောင်းတဲ့ ထိန်းကျောင်းမှုပုံစံသို့ ပြောင်းလဲလာတာကို တွေ့နေရပြီလို့ Dana E. Crawford က ရှင်းပြခဲ့ပါတယ်။

စည်းကမ်းတွေ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး နဲ့ မိဘတွေ သို့မဟုတ် အဖိုးအဖွားတွေကို အေးအေးဆေးဆေးနဲ့ မေးခွန်းပြန်ထုတ်တဲ့၊ တခါတလေ ရိုင်းစိုင်းသလို ပြောတတ်ကြတဲ့ ကလေးတွေက အမှန်တကယ်တော့ သူတို့ကိုချစ်ကြတယ် လက်ခံတယ်လို့ သိထားတဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ 

ကျနော့်သမီးလေးက သူရဲ့အဖိုးကို ဓာတ်ပုံမရိုက်တော့ဖို့ ဒီထက်ပိုပြီးယဥ်ကျေးတဲ့အသုံးအနှုန်းတွေနဲ့ ပြောတတ်ခဲ့ရင် ပိုကောင်းမှာပဲလို့ တကယ်ပဲ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ သမီးလေးက သတ္တိရှိရှိ သူ့ကိုယ်သူ ကိုယ်စားပြုခဲ့ပြီး ကျနော်တို့မိသားစုအတွင်းမှာ သူရဲ့စကားသံကလည်း အရေးပါတယ်လို့ သိထားတဲ့အတွက် ဂုဏ်ယူမိကြောင်း။ 

(ကိုးကား။ ။ The New York Times - Dec 11, 2021 - Why Your Kid’s Bad Behavior May Be a Good Thing)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar