မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၁
◾️ မယ်လဒုက္ခသည်စခန်းနဲ့ ချင်းပြည်နယ်က ဒုက္ခသည်တသိန်း
ဆယ်စုနှစ် ၂ ခုကျော် ၃ ခုနီးပါးရှည်ကြာစွာ တည်ရှိလာတဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေအနက်က လူဦးရေအများဆုံး စခန်းတခုဖြစ်တဲ့ မယ်လစခန်းမှာ ပြီးခဲ့တဲ့ရက်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက စခန်းအာဏာပိုင်တွေကို ဆန့်ကျင်ဆန္ဒပြကြပြီး သေနတ်ဖောက်လူစုခွဲခဲ့ကာ ညမထွက်ရ အမိန့်ထုတ်ခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။
ဆယ်စုနှစ် ၃ စုနီးပါး ရှည်ကြာလာတဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ရဲ့ အကျိုးဆက်တခုကို မီးမောင်းထိုးပြနေသလိုဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကျော်ကာလတွေမှာ ကရင်ပြည်နယ်မှာ ထိုးစစ်တွေ အခြေစိုက်စခန်းကြီးတွေ ကေအန်ယူဌာနချုပ်လုပ်တဲ့ စခန်းတွေကို သိမ်းဖို့စစ်အစိုးရက တိုက်ခိုက်၊ ရွာတွေမှာ ဒေသခံတွေ မနေနိုင်အောင် မီးရှို့တာ သတ်ဖြတ်တာ ပေါ်တာဆွဲတာတွေ ဖြစ်ပျက်ခဲ့တာတွေရဲ့ အကျိုးရလဒ်အဖြစ် နယ်စပ်ဒေသ ထိုင်းနိုင်ငံဘက်အခြမ်းမှာ ဒုက္ခသည်စခန်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီစခန်းတွေကို စတင်ဖွင့်လှစ်ခဲ့စဥ်က ခုလောက်ထိ ဆယ်စုနှစ်နဲ့ချီပြီး ဒီစခန်းတွေမှာ နေထိုင်ကြရလိမ့်မယ်လို့ ဘယ်သူမှမျှော်လင့်ခဲ့ကြမှာ မဟုတ်ပေမယ့် အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နောက်ပြန်ဆုတ်တဲ့အနေအထား ဆယ်စုနှစ်ချီကြာကာလအတွင်း တတိယနိုင်ငံက ခေါ်ယူမှုတွေလည်း အရှိန်လျော့သွားခဲ့တဲ့နောက် ဒီဒုက္ခသည်ပြဿနာက ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးတခုအဖြစ် ကျန်ရစ်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာခေါ် ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ထိစပ်တဲ့ဒေသတွေမှာ အများစုနေထိုင်ကြတဲ့ မူဆလင်ဘာသာဝင်တွေရဲ့ ဒုက္ခသည်ပြဿနာဟာလည်း အခုထိုင်းနယ်စပ်က ဒုက္ခသည်ပြဿနာနဲ့ အသွင်သဏ္ဍာန်တူကောင်း တူနေပါလိမ့်မယ်။
၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမှုအသိုက်အဝိုင်း ပဋိပက္ခလို့ခေါ်ဆိုကြတဲ့ ကိုးကွယ်ရာဘာသာနဲ့ လူမျိုးမတူသူတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ပြည်တွင်းမှာပဲ ဒုက္ခသည်စခန်းတွေကို သီးခြားခွဲကာ နေထိုင်စေခဲ့တဲ့ ပြဿနာက ၂၀၁၇ ခုနှစ်ရောက်သည့်အထိ မဖြေရှင်းနိုင်သေးခင်မှာ နောက်ထပ်ဆင့်ပြီး အာဆာလို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းစဥ် အရပ်သားလူထောင်ပေါင်းများစွာကို စစ်တပ်က အင်းအားသုံး သတ်ဖြတ်ဖြိုခွင်းခဲ့ရာက လူပေါင်း ၇ သိန်းကနေ ၁ သန်းကြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တာ အခုဆို ၄နှစ်ရှိခဲ့ပြီး သူတို့ရဲ့ မူရင်းနေရပ်ပြန်ရေးက အလှမ်းဝေးနေဆဲ ဖြစ်တာတွေ့ရမှာပါ။
ရခိုင်အရေးပြဿနာတွေထက် ရှေးကျတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်က ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးကိုတောင် ပြီးခဲ့တဲ့ ၂၀၁၁မှ ၂၀၂၁ အတွင်း ပြီးပြတ်အောင် မဖြေရှင်းနိုင်ခဲ့ကြပါဘူး။
ခုအခြေအနေမှာတော့ ပြဿနာတွေက နယ်စပ်ဒေသတွေတင်မဟုတ်တော့ပဲ ပြည်မလို့ခေါ်တဲ့ ဗမာလူမျိုးစုတွေ အများစုနေထိုင်တဲ့ တိုင်းဒေသကြီးတွေမှာပါ စစ်ရှောင် တိုက်ပွဲရှောင် ဒုက္ခသည်တွေ ထပ်မံထွက်ပေါ်လာနေပြီး မြန်မာနိုင်ငံဟာ စစ်ဘေးရှောင်တွေ သိန်းဂဏန်းက နေ သန်းဂဏန်းရောက်ရှိလာတဲ့ နိုင်ငံတနိုင်ငံအဖြစ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အစောဆုံးဒုက္ခသည်စခန်းတွေရဲ့ သက်တမ်းဟာ ဆယ်စုနှစ်နဲ့ချီလာပြီဖြစ်လို့ ဒုက္ခသည်စခန်းမှာမွေးဖွားတဲ့ ကလေးတွေတောင်အခုဆို အရွယ်ရောက် အိမ်ထောင်ကျပြီး နောက်မျိးဆက်တွေကို ဒုက္ခသည်စခန်းမှာပဲ မွေးဖွားကြီးပြင်းရတဲ့ အခြေအနေမျိုးကြုံရသူတွေ အများအပြားရှိနေပါလိမ့်မယ်။
အချို့သောအရေအတွက်တွေကတော့ တတိယနိုင်ငံမှာ ရွှေ့ပြောင်းအခြေချ သူတွေလည်း ရှိမှာဖြစ်ပါတယ်။ သို့ပေမယ့် နောက်မျိုးဆက်တဆက်ကို ဒုက္ခသည်စခန်းမှာပဲ ထပ်မံကြီးပြင်းစေရတဲ့ သူတွေ အများအပြားရှိတာလည်း ပကတိအခြေအနေဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၁၀စုနှစ်တခုကျော်က တတိယနိုင်ငံမှာ အခြေချရောက်ရှိခဲ့ကြတဲ့ ကရင်လူမျိုးမိသားစုဆိုရင် သူတို့သားသမီး ၅ ဦးစလုံးက ဒုက္ခသည်စခန်းမှာ ကြီးပြင်းကြရသူတွေ ဖြစ်ပြီး ဖခင်ဖြစ်သူက တချိန်က ကေအန်အယ်အေ တပ်ထဲ စစ်သားအဖြစ် အမှုထမ်းခဲ့သူဖြစ်ပါတယ်။ အကြီးဆုံးသမီးဖြစ်သူက ဒုက္ခသည်စခန်းမှာ နေထိုင်စဥ်မှာပဲ အရွယ်ရောက် အိမ်ထောင်ကျခဲ့ပြီး ကလေးတယောက်မွေးဖွားပြီးကာစမှာ တတိယနိုင်ငံကို သွားရောက်ဖို့ အလှည့်ကျလို့ ဖခင်မောင်နှမတွေ ကလေးငယ်တဦးနဲ့အတူ တတိယနိုင်ငံကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီမိသားစုရဲ့ ဦးစီးဦးဆောင် ဖခင်ဖြစ်သူက သူ့အနေနဲ့ ပညာလည်းမတတ်၊ နိုင်ငံခြားဘာသာစကားလည်း မတတ်လို့ တတိယနိုင်ငံကို သွားရောက်ဖို့ စိတ်ဆန္ဒမရှိပေမယ့်လည်း သူ့ဇနီးဖြစ်သူက ကလေးတွေရဲ့ အနာဂတ်ကို ဒုက္ခသည်စခန်းမှာ ဆက်ပြီးမကြီးပြင်းစေချင်တော့၊ ပညာရေးလည်း ကောင်းကောင်းမွန်မွန် မသင်ကြားနိုင် စားဝတ်နေရေးလည်း လုံလောက်တဲ့ အခြေအနေမျိုးမဟုတ်ပဲ ထောက်ပံ့တဲ့ ရိက္ခာနဲ့ အလျင်မှီအောင် နေနေရတဲ့ အခြေအနေနဲ့ စာရင် တတိယနိုင်ငံကို သွားဖို့ အကြိမ်ကြိမ်တိုက်တွန်းတာကြောင့် သူ့အနေနဲ့ မိသားစုတစုလုံးကို ဦးဆောင်ကာ တတိယနိုင်ငံကို လာရောက်ခဲ့ရတာလို့ ပြောပြခဲ့ဖူးပါတယ်။
ခုနေအခါမှာ သူတို့မိသားစုတွေ ဘယ်လို အခြေအနေရောက်ရှိနေပြီလည်း မသိပေမယ့် သူတို့မိသားစုလို ဘဝတွေက အခု မယ်လ စခန်းထဲမှာ ရှိနေကြဆဲပဲ ဆိုတာ၊ နောက်ထပ် ဒုက္ခသည်တွေ တိုးပွားလာနေဆဲ ပြည်တွင်းမှာပဲ ပြေးလွှားတိမ်းရှောင်နေရတဲ့ ဒုက္ခသည် နယ်စပ်တွေကနေ အိမ်နီးချင်းနိုင်ငံတွေမှာတိမ်းရှောင်နေရတဲ့ ဒုက္ခသည် စသဖြင့် အမျိုးမျိုးသော ဒုက္ခသည်တွေရဲ့ ကိန်းဂဏန်းက လအလိုက် နှစ်အလိုက် တိုးပွားလာဦးမယ့် အလားအလာရှိနေပါတယ်။
စစ်အာဏာမသိမ်းမီ ကာလက ဒုက္ခသည် တဦးတယောက်မျှ မရှိခဲ့တဲ့ ချင်းပြည်နယ်မှာ ၇ လတာအတွင်း ဒုက္ခသည် ၁ သိန်းရှိလာပြီလို့ ယူအန်စာရင်းကောက်ယူမှု အရသိရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ မကွေးတိုင်း အထက်ပိုင်းမှာ ရှမ်းပြည်နယ်မှာ ကချင်းပြည်နယ်မှာ၊ ရခိုင်မြောက်ပိုင်းမှာ ကယားပြည်နယ်မှာ ဒုက္ခသည်ပေါင်း နောက်ထပ် သိန်းနဲ့ချီရှိနေဦးမှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေရဲ့ ဘဝတွေ မိသားစု အခြေမကျမှု၊ ပညာရေး သင်ကြားမှု မရရှိနိုင်တော့တာ ကျန်းမာရေး စောင့်ရှောက်မှု မရနိုင်တာတွေက တိုင်းတာလို့ ရတဲ့ လူမှုကျန်းမာရေးဆုံးရှုံးမှုတွေ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ အကျိုးသက်ရောက်မှုတွေကတော့ တိုင်းတာလို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေ ဖြစ်နေတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar