မောင်နွေထက် - ကဖေးဆိုင်လေးထဲက မနက်ခင်း ကဗျာဖတ်ပွဲ
မောင်နွေထက်
(မိုးမခ)ဒီဇင်ဘာ ၁၅၊ ၂၀၂၁
ကဗျာညီနောင်နှစ်ယောက်
လင်းပေမဲ့
မလင်းနိုင်သေးတဲ့ မနက်ခင်းထဲမှာ
လက်ဖက်ရည်တခွက်
တဝက်စီ ငှဝေ
အီကြာကွေးတချောင်း
တခြမ်းဆီ စားနေ
ဂီတက်သန်ကိုစောညိမ်းစကားလေး
သွားသတိရ
လောကကြီးမှာ
ငါတို့ အနုပညာသမားအချင်းချင်း
ရုန်းကန် စားပြီး အားကိုးရတာဟာ
ကြွယ်ဝချမ်းသာတဲ့ ဓနရှင်တွေကို
အားကိုရတာထက်
အများကြီးမျှော်လင့်ချက် ရှိတယ်
အဓိပ္ပာယ်လဲရှိတယ်
ဘာဖြစ်လို့လဲလို့ ဆိုတော့
တသိန်းလောက်
ချမ်းသာတဲ့လူတယောက်ဟာ
မောင်ရင်ကို ဘယ်လောက်ပဲ
သနားတယ်ဆိုဆို
ငွေ ၁၀၀ ကျပ်ပေးဖို့
အင်မတန်ခဲယဉ်းတယ်
တို့ အနုပညာသမားတွေကတော့
ဒီလိုမဟုတ်ဘူး ဟေ့
ထမင်းနှစ်လုပ် စားစရာရှိတဲ့အထဲက
တလုပ်ကို
ဖဲ့ကြွေးဝံ့တဲ့သတ္တိရှိတယ်ဆိုတာ
မောင်ရင် ယုံတော့
အနုပညာရှင်စစ်စစ်ကြီးတွေသတ္တိ
စေတနာ မေတ္တာ အလင်းတွေက
ကမ္ဘာတည်အောင် ဝင်းပလို့
ဆရာတော့
မသေခင်မှာ
ဆရာတို့ တိုင်းပြည်
ညီညွတ်ညွတ် နဲ့
ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေတာကိုပဲ
မြင်တွေ့သွားချင်ပါတော့တယ်လို့
ငြိမ်းချမ်းရေးကို တသခဲ့တဲ့
မဟာသခင်ကိုယ်တော်မှိုင်းကို
ငါ ချစ်တယ်
ငြိမ်းချမ်းရေးသည်
ပျားရည်ကဲ့သို့အစဉ် တဲ့
ဘဝကို
အငတ်နဲ့ ကြဲတော်လှန်
အနုပညာသစ်တွေ နှလုံးသွေးနဲ့ဖန်တီးသွားတဲ့
မြို့မငြိမ်း ကို
ငါ ချစ်တယ်
ရုုိးသားဖြူစင်တဲ့
ကလေးငယ်တွေရဲ့စိတ်လိုမွေးမြူပြီး
အနုပညာသစ်တွေဖန်တီးကြည့်ပါ
ကလေးငယ်လေးတွေရဲ့
ပြုံးနေတဲ့ပါးစပ်ထဲက
အနာဂတ်သစ်ကိုထုဆစ်ထားခဲ့တဲ့
ပန်းချီကျော် ပေါ်ဦးသက်ကို
ငါ ချစ်တယ်
လူတယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားမေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့
သမိုင်းတာဝန်ကို
သူ ဘယ်လောက်
သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းတာရမှာပဲလို့
ရဲရဲပြောခဲ့နဲ့
ဗန်းမော်တင်အောင်ကို
ငါ ချစ်တယ်
ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ
နောက်ဆုံးထွက်သက်အထိ
မဟာပြည်သူတွေအတွက်
ငြိမ်းချမ်းရေးပန်းတွေ ဝေစေချင်တဲ့
ဒဂုန်တာရာကို
ငါ ချစ်တယ်
သပြေညို
လွတ်မြောက်ရေးကြိုကဗျာနဲ့
လွတ်လပ်ရေးကို ကြိုခဲ့တဲ့
မင်းသုဝဏ်ကို
ငါ ချစ်တယ်
သင် သေသွားသော်
ကဗျာနဲ့
နိုင်ငံတော် နဲ့ မဟာပြည်သူတွေဘက်က
ရပ်တည်သွားတဲ့
ဇော်ဂျီကို
ငါ ချစ်တယ်
ငါတို့ ကဗျာဆရာ
ငါတို့ အနုပညာရှင်ကြီးတွေရဲ့
မျက်နှာမူရာ
ဦးတည်ရာ
ရပ်တည်ရာ
အမေ့မြေ မြေသင်းခဲတွေကို
ငါ နမ်းရှိုက်
ခေတ်ဆိုး အမှောင်မိုက်တွေ လွင့်စေသောဝ်
ငြိမ်းချမ်းခြင်းအလင်းတွေ ပွင့်စေသော်
မောင်နွေထက်
၁၄၊ ဒီဇင်္ဘာ၊ ၂၀၂၁
အင်္ဂါနေ့မနက်ခင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar