ကိုကျော် (မြစ်ကြီးနား) - အမေရိကန် FDA မှ ပထမဆုံး ကိုဗစ်ရောဂါကုသဆေး Paxlovid ကိုခွင့်ပြု
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၁
ဗုဒ္ဓဟူးနေ့မှာ အမေရိကန် FDA မှ ဖိုင်ဆာကုမ္ပဏီထုတ် ကိုဗစ်ကုသဆေး Paxlovid ကို အတည်ပြုခွင့်ပြုလိုက်ပြီး ကိုဗစ်ရောဂါရှိသူများ အတွက် ပထမဆုံး အိမ်သုံးသောက်ဆေး ဖြစ်ပါတယ်။
အသက် ၁၂ နှစ်နှင့်အထက် ကိုယ်အလေးချိန် အနည်းဆုံး ၈၈ ပေါင် ရှိပြီး ကိုဗစ်ပေါ့စတစ်ပြသူများ ဆရာဝန်ဆေးလက်မှတ်ဖြင့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ပေါ့စတစ်ဖြစ်ပြီး ရောဂါလက္ခဏာပြတဲ့ ၅ ရက်အချိန်အတွင်းမှာ သုံးသင့်တယ်လို့ FDA က ပြောပါတယ်။
Paxlovid ဆေးက nirmatrelvir နဲ့ ritonavir တို့ ပါဝင်ပေါင်းစပ်ထားတဲ့ဆေး ဖြစ်ပြီး တစ်ခါသောက် ဆေး ၃ လုံး၊ တစ်နေ့လျှင် ၂ ကြိမ်၊ ၅ ရက် သောက်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆေးရဲ့စမ်းသပ်မှုရလာဒ်ကို ဖိုင်ဆာ (Pfizer) မှ ထုတ်ပြန်ခဲ့ရာမှာ အကယ်၍ အခြေအနေစိုးရိမ်မှုရှိနိုင်တဲ့ လူကြီးများအား ရောဂါလက္ခဏာစပြပြီး ရက်အနည်းငယ်အတွင်းမှာ ဆေးပေးခဲ့ပါက ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုတို့ကို ၈၉ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပြီး၊ အကယ်၍ ရောဂါလက္ခဏာစပြတဲ့ ၅ ရက်အတွင်းမှာ ဆေးပေးခဲ့မယ်ဆိုရင်လည်း အလားတူရလဒ် ၈၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
(စီအင်အင် - ဒီဇင်ဘာ ၂၂ ရက် - FDA authorizes first pill to treat Covid-19)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar