Breaking News

ခ က် ဦး - နိုင်ငံတော်အလံဖြစ်တယ်

နိုင်ငံတော်အလံဖြစ်တယ်
ခ က် ဦး
(မိုးမခ) မေ ၁၄၊ ၂၀၂၃

ဘဝအကြောင်းလေးကမလှတော့
ခါးစောင်းလေးဖြစ်နေရရှာတယ်
ခြေက ခနော်ခနဲ့ဖြစ်နေရရှာတယ်
ပသို့ပင်ဆိုစေကာမူ
ကျွန်တော့်မေမေဟာ ကျွန်တော့်ရဲ့
နိုင်ငံတော်အလံဖြစ်တယ် ။

အတက်အဆင်းမှာပြုတ်မကျရအောင်
ချိုင်းကတမျိုး လက်မောင်းတသွယ်
သွားလမ်းလာလမ်းချော်မလဲရအောင်
အကြိမ်ကြိမ်လမ်းကိုကြိုရှင်းပေးရတယ်
ယိုင်လို့မဖြစ် စိုးရိမ်ရတယ်
လဲလို့မဖြစ် အဖြစ်သည်းရတယ်
ကျွန်တော့်မေမေဟာကျွန်တော့်ရဲ့
နိုင်ငံတော်အလံဖြစ်တယ် ။

နိုင်ငံတော်နဲ့ခဏခဏစိတ်ဆိုးရလည်း
နိုင်ငံတော်ကိုစိတ်နာမရခဏခဏ
နိုင်ငံတော်ကြောင့်ကသိကအောက်ဖြစ်လည်း
နိုင်ငံတော်မှာပဲအခါခါငြိတွယ်
နိုင်ငံတော်ကိုအကြိမ်ကြိမ်ပုန်ကန်မိဖူးခဲ့လည်း
နိုင်ငံတော်ပြိုမလဲဖို့ကိုပဲကျွန်တော့်မှာရင်တမမ
အခါခါကာကွယ်ရတော့တယ်
ကျွန်တော့်မေမေဟာကျွန်တော့်အတွက်ထာဝရ
နိုင်ငံတော်အလံဖြစ်တယ်
နိုင်ငံတော်အလံဖြစ်တယ်
နိုင်ငံတော်အလံဖြစ်တယ်  ။

၁၄.၅.၂၀၂၃
** အပြည်ပြည်ဆိုင်ရာအမေများနေ့သို့ ....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar