Breaking News

ဆောင်း‌‌ေ၀ (နတ်မောက်) - မေ့ဆေးကိုဖယ်ပြီး နှလုံးသားကိုဖတ်ရှုခြင်း

ဆောင်း‌‌ေ၀ (နတ်မောက်) - မေ့ဆေးကိုဖယ်ပြီး နှလုံးသားကိုဖတ်ရှုခြင်း
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၂၂

ကဗျာဆရာ ကျော်မင်းထွန်း (New York) ရဲ့ အရင်စာအုပ် ‘နယူးယောက်မှာ ပျောက်ဆုံးခြင်း’ စာအုပ်ကို စာ အုပ်မိတ်ဆက်ပွဲလုပ်တော့ ရန်ကုန်မြို့ခံကဗျာဆရာအများစု တက်ရောက်ကြတာကို အွန်လိုင်းကနေ မြင်ခဲ့ရတယ်။ အဖုံးစမြင်တုန်းက စကားပြေ ဘာသာပြန်စာအုပ်လို့ ထင်ခဲ့တာပါ။ သူ နယူးယောက်ပြန်ရောက်ပြီး အိမ်အထိလက်ဆောင်လာပေးတေ့ာမှ ကဗျာစာအုပ်မှန်းသိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကဗျာဆိုတာနဲ့ ကျွန်တော်တို့အသွေးအသားက အမြဲလိုလို တွန်းထိုးလှုပ်ခတ်နေမြဲပါပဲ။ ဘယ်လိုအကြောင်းအရာနဲ့ ဘယ်ပုံသဏ္ဍာန်ပဲဖြစ်ပါစေ ကဗျာလို့အသံကြားတာနဲ့ ကျွန်တော်တို့အတွင်းသားတွေမှာ အမြဲယိမ်းထိုးတက်ကြွနေပြီး စိတ်ဝင်တစားခေါင်းထောင်ကြည့်ကြရတာပါပဲ။

ကဗျာဆရာ ကျော်မင်းထွန်း (New York) ရဲ့ အခုဆက်ထွက်တဲ့စာအုပ်နာမည်က “၁၅၀၀ ပြဿနာ” တဲ့။ ၁၅၀၀ ဆိုတာ ကာမတဏှာရဲ့ကိန်းဂဏန်းကို ရည်ညွှန်းတာလား။ ဒါမှမဟုတ် ဒေါ်လာ ၁၅၀၀ လား။ သူ မေ့ဆေးပေးရမယ့် လူနာအယောက်ရေ ၁၅၀၀ လား။ သူပေးစရာ/ရစရာရှိတဲ့ ငွေကြေးတစ်ခုခုများလား။ ကဗျာတစ်ပုဒ်ရဲ့ခေါင်းစဉ်လား၊ ဒါမှမဟုတ် ရည်ညွှန်းချက်တစ်ခုခုပါတဲ့ စာသားသက်သက်ပဲလား။ အင်းပေါ့ - ကဗျာဆရာက ကဗျာရေးတာဆိုတေ့ာ ကဗျာတစ်ပုဒ်ရဲ့ခေါင်းစဉ် ဖြစ်မှာပေါ့။ ကဗျာအဖြစ် ရေးဖွဲ့ထားတယ်ဆိုတေ့ာ ကျွန်တော်တို့ကလည်း ကဗျာအဖြစ် ဖတ်ကြရုံပဲပေါ့။ ကဗျာတွေမဖတ်ခင် စာအုပ်အဖုံးကို အရင်ကြည့်မိတယ်။ ပန်းချီ ကိုကိုနိုင်လို့ လက်မှတ်တွေ့တော့ ဟိုးအဝေးရန်ကုန်မြို့က မိတ်ဆွေပန်းချီဆရာကိုလည်း လွမ်းမိသွားပါသေးတယ်။ ပုံနှိပ်မှတ်တမ်းဖတ်ကြည့်တေ့ာ အဖုံးပန်းချီကို ကိုကိုနိုင်ဆွဲပေးထားပြီး အတွင်းမှာတေ့ာ ၄င်းနဲ့အတူ အာချီ၊ ထူးထူး၊ Dr. Khin Swe Ohn (KSO) နဲ့အတူ Hillary Htun (USA) တို့က ပါ၀င်သရုပ်ဖော်ပုံဆွဲပေးထားကာ အမှာစာမှာတေ့ာ ဆရာမောင်ကိုကို (အမရပူရ) ရဲ့ အနုပညာစေတနာကို တွေ့ရပါတယ်။

ကဗျာပဲဖြစ်စေ၊ အခြားဘယ်စကားပြေစာမျိုးပဲဖြစ်ပါစေ ကျွန်တော့်အနေနဲ့ စာအုပ်အနေနဲ့လက်ထဲကိုင်ပြီးဖတ်ရတာကို သဘောကျလှပါတယ်။ တခါတရံ စာအရမ်းဖတ်ချင်လာလို့ ဖတ်စရာစာအုပ်မရှိတဲ့အခါ အွန်လိုင်းမှာရှာပြီးဖတ်ရင်ဖတ်၊ ကွန်ပျူတာထဲက စာအုပ်တွေပြန်ရှာဖတ်တဲ့အခါ ဖတ်ရပေမယ့် စိတ်ထဲမှာ သိပ်အာသာမပြေလှပါဘူး။ ဒီတခါ ကဗျာစာအုပ်တစ်အုပ်ကို စာအုပ်အနေနဲ့လက်ထဲကိုင်ဖတ်ရမှာဆိုတေ့ာ နည်းနည်းတေ့ာရင်ခုန်မိ ပျော်ရွှင်မိပါတယ်။ မာတိကာဖွင့်ကြည့်တေ့ာ ၃၂ ပုဒ်လို့ဖော်ပြထားတေ့ာ ဟာ- ကဗျာတွေ မနည်းလှပါလားပေါ့။ ကဗျာတွေအားလုံးဖတ်ပြီးတဲ့အခါ ကဗျာတွေဟာ ကောင်းတယ် ဆိုးတယ်တို့၊ ကဗျာပုံသဏ္ဍာန်တွေ ဘယ်လိုဖြစ်တယ်လို့ ကျွန်တော်ပြောမှာမဟုတ်ပါဘူး။ ဒါ ကျွန်တော်ပြောရမယ့်ကိစ္စမဟုတ်ပါဘူး။ ဖတ်ပြီးတဲ့အခါ ကျွန်တော့်စိတ်နဲ့ ထိစပ်မိတဲ့အရာအချို့ကိုပဲ နည်းနည်းဖွကြည့်ချင်ပါတယ်။

ကျွန်တော်အနေနဲ့ ကဗျာတွေဖတ်ရတာ သဘောကျလှပါတယ်။ ဟိုးအရင်ခေတ်တွေထဲက ကဗျာတွေပြန်ဖတ်ရတာသဘောကျသလို ဒီနေ့ခေတ်ထဲက ကဗျာတွေဖတ်ရတာကိုလည်း  သဘောကျမိ ခံတွင်းတွေ့မိပါတယ်။ ကဗျာဆိုတာဟာ သူ့ခေတ်ကိုလည်း မှတ်တမ်းတင်ထားတတ်ကိုး။ ကဗျာဆရာရဲ့ အသိအမြင်၊ အတွေ့အကြုံတွေနဲ့ စိတ်ခံစားမှုတွေပါ၀င်နိုင်သလို သူ့ဖြတ်သန်းနေရတဲ့ခေတ်ကိုလည်း ထည့်သွင်းဖွဲ့ဆိုလေ့ရှိတာကိုး။ ကဗျာဆရာ ကျော်မင်းထွန််းရဲ့ကဗျာတွေဖတ်နေရင်းနဲ့ တစ်နေရာမှာ အခုလိုတွေ့လိုက်ရပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ…
အသင့်စားနိုင်တဲ့ ဟမ်းဘာဂါ မဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ…                       
လွှတ်တော်မှာ တူးဖော်လို့မရဘူး။ (စာ- ၂၇)

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို နားရည်ဝအောင် ကြားခဲ့ရတာပါ။ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးကွန်ယက်၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးရရှိဖို့ အတူလက်တွဲဖော်ဆောင်စို့… စသဖြင့် ငြိမ်းချမ်းရေး (Peace)နဲ့ ပက်သက်တဲ့စကားလုံးကို သာမန်နေ့စဉ်သုံးဘာသာစကားတစ်ခုလို့ နားထဲမှာလျှံကျနေအောင် အဖန်ဖန်အထပ်ထပ်နားထောင်ခဲ့ရ၊ ဖတ်ရှုခဲ့ရတာပါ။ သတင်းစာဆိုတာကလည်း ပုဂ္ဂလိကပိုင်ရယ်လို့မရှိပဲ အစိုးရကထုတ်တဲ့ မြန်မာ့အလင်းနဲ့ကြေးမုံ သတင်းစာနှစ်စောင်သာရှိပြီး စာအုပ်ဆိုရင်လည်း စာပေစိစစ်ရေးရုံးက ထုတ်ဝေဖို့ခွင့်ပြုထားတဲ့စာအုပ်တွေကိုသာ ဖတ်ရှုခဲ့ရတာပါ။ ငြိမ်းချမ်းရေး ဆိုတာနဲ့ အသံသာကြားဖူးပြီး တခါမှမမြင်ခဲ့ဖူးတဲ့ ပီဇာမုန့်လို၊ လကမ္ဘာပေါ်သွားမယ့် လွန်းပျံယာဉ်လို တကယ့်လက် တွေ့ဘဝနဲ့အလှမ်းကွာဝေးလွန်းတဲ့အရာလို့ပဲ ခံစားခဲ့ရပါတယ်။

ငြိမ်းချမ်းရေးဆိုတာ…
ဘာမှမထွက်တဲ့သတ္ထုတွင်း မဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ…
တော်စတွိုင်းအရိုးမှာ ရှာလို့မရဘူး။ (စာ- ၂၇)

ကျွန်တော်တို့ပြည်သူတွေဟာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆိုတာကို လိုချင်ခဲ့ကြတယ်။ တိုင်းရင်းသားတွေနဲ့စစ်ဖြစ်နေတာတွေ မရှိစေချင်တေ့ာဘူး။ ဘွဲ့ရပြီးပညာမတတ်တဲ့ခေတ်တွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်ရှာမရတဲ့ပြဿနာတွေ၊ အလုပ်လက်မဲ့တွေ လျော့နည်းမသွားပဲ အမြဲတိုးပွားလာနေတဲ့နှစ်တွေ မတွေ့ကြုံချင်တေ့ာဘူး။ ပြည်ပကို အပျော်ခရီးထွက်ရတာမဟုတ်ပဲ ကျွန်သွားခံရတဲ့ဘဝတွေ၊ ဘယ်နိုင်ငံရောက်ရောက် မျက်နှာ ငယ်ရ ခေါင်းမဖော်ရဲတဲ့အနှိမ်ခံနေ့တွေကို ကုန်ဆုံးစေချင်ပြီ။ ကမ္ဘာကြီးရဲ့ ဘယ်မြေကြီးပေါ်မှာခြေချချ ခေါင်းမော့ရင်ကော့ချင်လှပြီ။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းလည်း မရှိတေ့ာဘူး။ လွတ်လပ်ရေးယူပေးခဲ့တဲ့ သခင်အောင်ဆန်းလည်း မရှိတေ့ာဘူး။ ၁၉၆၂ မှာ တိုင်းပြည်က တခါလဲကျသွားတာ အခုထိ ပြန်မထနိုင်သေးဘူး။ ကျွန်တော်တို့ပြည်သူတွေက ငြိမ်းချမ်းရေးကို ဘယ်သူ့ဆီကတိုက်ယူရမှာလဲ။ ဘယ်မှာ သွားရှာပြီး ဘယ်သူ့ဆီက တောင်းရမှာလဲ။

ကဗျာဆရာကျော်မင်းထွန်း (New York) က သူ့ရဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ ကဗျာထဲမှာ အထက်ပါစာသားတွေနဲ့အတူ အခုလို ထည့်ပြောသွားသေးတယ်။

ငြိမ်းချမ်းရေးဆိုတာ…
စစ်တလင်းက ပစ်ကွင်းမဟုတ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ…
မငြိမ်းချမ်းချင်ပဲ ငြိမ်းချမ်းလို့မရဘူး။ (စာ- ၂၉)

တိုင်းပြည်ဟာ အမြဲတမ်းပစ်ကွင်းထဲရောက်နေခဲ့တာ ကြာပါပြီ။ ပြည်သူတွေဟာ စစ်ပွဲအတွင်းက ဒေသတွေပဲအမြဲခံနေရတဲ့ ဒေသခံတွေချည်းပါပဲ။ ငြိမ်းချမ်းရေးဆိုတာ အာဆီယံထိပ်သီးတွေ့ဆုံပွဲတွေမှာ အမြဲထည့်ပြောလေ့ရှိတဲ့စကားလုံး၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အစည်းဝေးပွဲတွေမှာ မပါမဖြစ် ဝေါဟာရဖြစ်ပြီး ပြည်သူတွေရဲ့နေ့စဉ်ဘဝထဲ ဘယ်တုန််းကမှရောက်မလာခဲ့တဲ့ မစားရတဲ့မုန့်၊ ရေမစီးတဲ့မြစ်၊ မီးမလင်းတဲ့ မီးသီးတစ်လုံးပါ။ သူတို့အတွက်တေ့ာ ငြိမ်းချမ်းရေးဆိုတာ လူကြိုက်များမယ့်စကားလုံးတစ်ခုကို ယူငင်သုံးစွဲမှုဖြစ်ပြီး ကျွန်တော်တို့အတွက်တေ့ာ သေခါနီးလူတစ်ယောက်ရဲ့ အောက်စီဂျင်ငတ်မွတ်မှုလို အရေးကြီးခဲ့တာပါ။ မျက်လုံးတစ်ဖက် ကန်းသွားသူတစ််ယောက်က ကျန်တဲ့မျက်လုံးတစ်ဖက်ကအရေးကြီးခဲ့သလို ငြိမ်းချမ်းရေးက အရေးပါခဲ့တာပါ။ ဒါပေမယ့် ရောက်မလာခဲ့ပါဘူး။ ဟုတ်တာပေါ့။ မငြိမ်းချမ်းချင်ပဲ ငြိမ်းချမ်းလို့မှ မရပဲ။

နယူးယောက် (၂) ကို ဖတ်မိချိန်မှာတေ့ာ ဘဝရဲ့လေးလံမှု၊ မလွတ်လပ်မှု၊ ပူလောင်ပြာယာခတ်နေရမှုနဲ့ တွန်းထိုးရုန်းကန်နေရတဲ့ ဘဝတွေကို မြင်ရပါတယ်။ နယူးယောက်မြို့မှာ မြန်မာလူမျိုးတွေ အများအပြားနေထိုင်ကြပါတယ်။ ကွင်း၊ဘရုတ်ကလင်၊ ဘရောင်းဇ်၊ မန်ဟတ္တန်နဲ့ စတိတ်အိုင်လန်ဆိုပြီး ကောင်တီငါးခုရှိပေမယ့် မြန်မာအများစုကတေ့ာ ကွင်းနဲ့ဘရုတ်ကလင်ရပ်ကွက်တွေမှာ အနေများကြပါတယ်။

“လူဦးရေ ရှစ်သန်းကျော်အတွက်
နယူးယောက်မြို့တော်ဟာ ကျယ်ဝန်းပေမယ့်
ရေချိုးခန်း အိမ်သာ အိပ်ခန်းပါရှယ်ရတဲ့
ဆူရှီအလုပ်သမလေးအတွက်တေ့ာ
လွမ်းချင်တာတောင် ဘဝမှာ
လွမ်းလောက်စရာ တိုက်ခန်းမရှိဘူး။” (စာ- ၄၂)

ကမ္ဘာမြို့တော်နယူးယောက်ဟာ နေ့စဉ်အမြဲ ယိမ်းထိုးတွန်းကန်နေရတာပါ။ ငြိမ်သက်တိတ်ဆိတ်နေခြင်းမရှိပဲ အမြဲလှုပ်ယမ်း ဆူညံနေတဲ့အရပ်ပါ။ အခြားနိုင်ငံကနေ ရွေ့ပြောင်းအခြေချလာသူတွေဟာ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ လူနေမှုပုံစံ ထွေပြားရှုပ်ထွေးနေတဲ့ နယူးယောက်လူအုပ်ကြီးကြားထဲ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ယူကြရပါတယ်။ ဆူရှီအလုပ်သမားတစ်ယောက်အတွက်ကတေ့ာ တစ်မြို့လုံး အိပ်မောကျနေချိန် မနက်စောစော အိပ်ရာအမြန်ထ၊ ရေချိုး ကော်ဖီသောက် မုန့်စားပြီး ရထားဘူတာရှိရာဆီ အမြန်ပြေးရ၊ ရောက် လာတဲ့ရထားပေါ်ကို ထိုင်ခုံရဖို့မစဉ်းစားနိုင်ပဲ လူဘယ်လောက်ကြပ်ကြပ် တိုးဝှေ့လိုက်ပါရ၊ ရထားပေါ်ကဆင်းတာနဲ့ အလုပ်ရှိရာအရပ်ဆီ အမြန်ရောက်အောင်သွားပြီး နေ့တစ်နေ့ကို စတင်ရပါတယ်။ နေ့စဉ်မရိုးအီနိုင်တဲ့ ဒီလိုပြုမူနေထိုင်ပုံနဲ့ ဘဝကို တင်ဆက်ရပါတယ်။ အများစုက တစ်ပတ် (၆ ) ရက် အလုပ်လုပ်ရပြီး နားရတဲ့တစ်ရက်မှာ အဝတ်လျှော်၊ ထမင်းဟင်းချက်စတာတွေ လုပ်ရပါတယ်။ အိမ်ကို၊ ဒါမှမဟုတ် အခြားတစ်ယောက် ယောက်နဲ့ ဖုန်းပြောချင်ရင်လည်း စျေးဝယ်နေရင်း၊ အဝတ်လျှော်နေရင်း၊ ဒါမှမဟုတ် လုပ်လက်စအလုပ်တစ်ခုလုပ်နေရင်းနဲ့ ပြောရပါတယ်။ အချိန်နှင့် ဒီရေဟာ နယူးယောက်ကလူတစ်ယောက်ကိုလည်း စောင့်မနေပါဘူး။ အလုပ်တစ်ခုမှာ အဆင်မပြေရင် နောက်အလုပ်တစ်ခုကို အမြန်ရှာရပါတယ်။ အခြားပြည်နယ်တစ်ခုဆီ ပြောင်းသင့်ရင်လည်း ပြောင်းရပါတယ်။ ငှားထားတဲ့အခန်းခပေးဖို့၊ နေ့စဉ်စားသောက်စရိတ် ကုန်ကျမှုနဲ့ အခြားအသုံး စရိတ်တွေက သူ့ကို နေချင်သလိုနေဖို့ ခွင့်မပြုပါဘူး။ ဘဝဟာ ကြမ်းတယ်ဆိုလည်း နောက်ပြန်ဆုတ်လို့မှမရပဲ။ အခက်အခဲတွေက ထင်ထားတာထက် ပိုဆိုးနေပါလားဆိုလည််း ရပ်နေလို့မှမရပဲ။ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်ကြရုံပဲပေါ့။

“အမှည့်လွန်သွားတဲ့ နယူးယောက်ဟာ
သူ့လမ်းသူဖောက် သူ့အလောင်းသူကောက်ဖို့” (စာ- ၄၄)

အလုပ်လုပ်မလား၊ ကျောင်းတက်မလား၊ ဒါမှမဟုတ် ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်မလား စသဖြင့် နယူးယောက်မှာ ကိုယ်ကြိုက်ရာဘဝပုံစံနဲ့ လည်ပတ်လို့ရပါတယ်။ ကျောင်းတက်မယ်ဆိုရင်လည်း ကျောင်းတွေပေါသလို အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ်ပေါင်းများစွာရှိပါတယ်။ အလုပ်ရှာဖို့အတွက် အေးဂျင့်နဲ့ရှာလို့လည်းရ၊ အွန်လိုင်းကနေလည်း ရှာလို့ရသလို ကိုယ်နဲ့နီးစပ်ရာနဲ့လည်း မေးမြန်စုံစမ်းပြီး ရှာဖွေလို့ရပါတယ်။ တစ်ခုပါပဲ။ အစစအရာရာ အရာအားလုံးကို ကိုယ့်တစ်ယောက်တည်းပဲ လုပ်ကိုင်ကြရပါတယ်။ အများသုံးအိမ်သာမှာ အသုံးပြုပြီးရင် နောက်လူအတွက် အားလုံးသန့်ရှင်းပေးခဲ့ရပါတယ်။ အိမ်တစ်လုံးထဲမှာ အခြားသူတွေနဲ့မျှသုံးရတဲ့ မီးဖိုခန်းကို ကိုယ်အသုံးပြုပြီးရင် သန့်ရှင်းစွာ ပြန်ထားပေးခဲ့ရပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတာတွေဟာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အချိန်နဲ့ကိုယ်မို့ ကိုယ့်အလုပ်ဟာ ကိုယ့်ဘဝပါပဲ။ ကိုယ့်ဘဝဟာ ကိုယ့်တာဝန်ပါပဲ။ ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်လမ်းကိုယ်လျှောက်ရပါတယ်။ ကိုယ့်အလောင်း ကိုယ်ကောက်ကြရုံပါပဲ။

“အချစ်နဲ့ချက်ထားတဲ့ အရက်ကို
သံသရာငှက်နဲ့  မြည်းကြည့်ချင်တယ်” (စာ- ၄၇)

ဒီစာသားကိုတွေ့တေ့ာ ကျွန်တော်က ကဗျာဆရာမောင်ချောနွယ်ရဲ့

“မချစ် ချက်တဲ့အရက်က
လောကဓံထက် ပိုပြင်းတယ်” ဆိုတဲ့ ကဗျာစာသားကို သွားသတိရမိတယ်။ ထို့အတူ ကဗျာခေါင်းစဉ်တစ်ခုဖြစ်တဲ့ “ဖျံ” (စာ- ၆၈) ကို တွေ့တေ့ာလည်း ဆရာမောင်ချောနွယ်ရဲ့ ဖျံဖမ်းသမားကဗျာကို စိတ်ကရောက်သွားမိတယ်။ 

အဲဒီလိုပဲ “အရေပြားဟာ အယားဖြေစရာဖြစ်လာတယ်” (စာ- ၃၅) ကိုတွေ့တေ့ာ အဆိုတော်စိုင်းထီးဆိုင်ရဲ့ “နာကျင်တာ ကျင်နာတာ နေရာလွဲခဲ့” ဆိုတဲ့ စာသားက အတွေးထဲ၀င်လာပါတယ်။ စကားနှစ်လုံးကို ရှေ့နောက်ပြောင်းလိုက်တာနဲ့ အဓိပ္ပါယ်၊ စာသားနဲ့ သက်ရောက်မှုပါ အများကြီးပြောင်းလဲသွားပါတယ်။ နောက်တစ်နေရာမှာ ထပ်တွေ့တဲ့ ....

အဲကွန်းအခန်းထဲ မနေချင်ဘူး
မြေသင်းနံ့ပါတဲ့ လေကိုရှူရှိုက်ချင်မယ်။

မြေအောက်ရထား မစီးချင်ဘူး
မြေကြီးနဲ့ထိဖို့ လမ်းလျှောက်မယ်။(စာ- ၈၈) ကိုတွေ့တေ့ာ ဟိုတလောက ဇန်နဝါရီလကုန်ခါနီး ရုံးထုတ်တဲ့အခါ လူထုခေါင်းဆောင် (ပြည့်မိခင်) ပြောတဲ့ “ထမင်းစစ်စစ် စားချင်တယ်” ဆိုတဲ့ စကားကို သတိရမိသွားတယ်။ ကျွန်တော်တို့မှာ လမ်းလျှောက်ရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ အဝတ်လျှော်ရင်းနဲ့ တစ်စုံတစ်ရာကို ရုတ်တရက်သတိရသွားတာတို့၊ လွမ်းမိသွားတို့ ဖြစ်တတ်တယ်မို့လား။ ကဗျာဖတ်ခြင်းဟာ တခါတရံ ကျွန်တော့်ကို နီးနီးလေးကနေ ဟိုးအဝေးကြီးထိ ခေါ်ခေါ်သွားတတ်ပါတယ်။

ကဗျာဆရာကျော်မင်းထွန်း (New York) ရဲ့ နောက်ထပ်ကဗျာတွေ၊ နောက်ထပ်ကဗျာစာအုပ်တွေ ထပ်တွေ့ရဖို့၊ ထပ်ဖတ််ရဖို့ မျှော်လင့်နေပါတယ်။ မေ့ဆေးဆရာဝန်တစ်ယောက်ရဲ့ရင်ထဲမှာ ဘာတွေရှိမလဲ ကျွန်တော်သိချင်ပါတယ်။ တောင်ငူခေတ်က နတ်သျှင်နောင်ကို စစ်တိုက်ရုံတစ်ခုတည်းနဲ့တေ့ာ ကျွန်တော်တို့က ဘယ်စိတ် ဝင်စားမှာလဲ။ စစ်တိုက်သူတစ်ယောက်ရဲ့ ကဗျာရေးတဲ့လက်နဲ့ ကဗျာစပ်တဲ့နှလုံးသားကို ချစ်တာပါ။ စစ်တိုက်တဲ့ကဗျာဆရာကို ကျွန်တော်တို့ မြတ်နိုးကြတာပါ။ စစ်ပွဲအတွင်းမှာ ကဗျာတွေဖတ်နေတဲ့ ကျူးဘားနိုင်ငံအတွက်လွတ်လပ်ရေးတိုက်ပွဲဝင်ပေးခဲ့တဲ့ အာဂျင်တီးနားနိုင်ငံသား ဒေါက်တာချေဂွေဗားရား ရဲ့ နှလုံးသားကို ကျွန်တော်တို့ အလေးအနက် ထားကြတာပါ။ တိုင်းပြည်တစ်ခုကို ချောက်ကြီးထဲဆွဲချနေတာ၊ အခြားသူတွေရဲ့အနာဂတ်ကို ဖျက်ဆီးနေတာနဲ့စာရင် ကဗျာရေး/ဖတ်တာဟာ ပိုပြီးအဓိပ္ပါယ်ရှိတယ်မို့လား။ မေ့ဆေးဆရာဝန်တစ်ယောက်ရဲ့ ရင်ထဲမှာ နောက်ထပ်ဘယ်လိုကဗျာတွေရှိနေဉီးမလဲ ကျွန်တော်သိချင်နေမိပါတယ်။    

ဆောင်းဝေ (နတ်မောက်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar