Breaking News

ခွန်ဆိုင်း - သွေးကွဲရင် ခွေးဆွဲမယ်

ခွန်ဆိုင်း - သွေးကွဲရင် ခွေးဆွဲမယ်
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၂၂

တော်လှန်ရေးအမြန်ဆုံးအောင်ချင်ကြတယ်။ NUG, NUCC, EAOs (EROs), NUG- PDF, Local PDF အဲဒီအဖွဲ့တွေအားလုံး စုစုစည်းစည်း လုပ်နိုင်လေကောင်းလေ။ Chain of Command ရှိလေကောင်းလေ မဟုတ်ဖူး လား။ တသီးတခြားနာမည်တွေနဲ့ တသီးတခြားရပ်တည် လနကအဖွဲ့တွေလဲ ပါတယ်။ သူတို့လဲ သီးခြားမဟုတ်ပဲ အနည်းဆုံး (Joint Actions) ဆက်စပ်လှုပ်ရှားနိုင်မှ။  ပြည်သူ့ခုခံစစ် - ပြည်သူ့တော်လှန်ရေးမှာ ဒါအခြေခံ အကျဆုံးဥပဒေသဆိုတာ ရင်ဘတ်နဲ့သိပြီး ကျရာက ပါဝင်နေသူတိုင်းလိုက်နာဖို့ အရေးမကြီးပေဘူးလား။  
 
နှစ် ၇၀ တိုင်းပြည်ဘဏ္ဏာကို စိတ်ကြိုက်သုံးပြီး တည်ဆောက်လာတာဖြစ်လို့  စကစဟာ အားကြီးပြီးသား။အကျင့်ပျက်ချစားနေတာ၊ စိတ်ဓါတ်နိမ့်ပါး Professional မဖြစ်တာ၊ လူထုတရပ်လုံးရဲ့ ရန်သူပြန်ဖြစ်နေတာတွေ ကတပိုင်း၊ အထင်သေးလို့မရဘူး။  သူတို့မှာ စနစ်ကျတဲ့ချိတ်ဆက်မှုတွေ ရှိတယ်။ သာလွန်အင်အား လက်နက်ရှိတယ်။ Chain of Command က ပြောစရာမလိုဘူး။ 

ငွေကြေးမပြည့်စုံ နည်းပညာ နေရာ ပစ္စည်း အခက်အခဲပေါင်းစုံကြားမှာ လူ့အလွှာပေါင်းစုံက ပြည်သူတွေ စကစကို အပြီးအပြတ်တော်လှန်လိုစိတ်တခုတည်း‌နဲ့ စုစည်းမိကြ၊ လွန်ခဲ့တဲ့ ၈ လကမှ ထူထောင်ရတာဖြစ်လို့ အ ဆင်မပြေတာတွေ အများကြီးရှိပါတယ်။ အဲဒီကြားက ခုလောက်ယှဥ်ပြိုင် အနိုင်ယူနေနိုင်တာ အားရဂုဏ်ယူစရာ ကောင်းလှပါတယ်။  

အီးအေအိုတွေ အခုထိ အကုန်မပါကြသေးဘူးလား၊ လိုကယ် ပီဒီအက်ဖ်တွေကချည်းတိုက်နေရမှာလား၊ နျူဂျီက အလုပ်မလုပ်ဘူးလား။  နျူဂျီ PDF တွေက အလုပ်မပြနိုင်ဘူး စတဲ့ စတဲ့ အပြောတွေဟာ စကစဆိုက်ဝါးအဖြစ်နဲ့လဲ လာတယ်။ ကိုယ့်လူ သူ့ဘက်သားဆီကလဲ လာတယ်။ နဂိုကတည်းက နျူဂျီဆို အမြင်မကြည်တဲ့ လူဆီကလဲ လာတယ်။ ကိုယ့်ကိုယ်ကို တည်ဆောက်ရင်း၊ ကိုယ့်အဖွဲ့ကိုယ်တည်ဆောက်ရင်းမှာ စကစဖြစ်စေချင်တာနဲ့ လိုင်းသွားတူနေတာ။ သွေးကွဲစေပြီး လူထုကို မျက်စိလည်အောင်လုပ်မိတာ။ အမျှော်အမြင်တိုပြီး စေ တနာ မမှန်ကြတာပဲ။ 

နေရာတိုင်း ပွင့်လင်းမြင်သာစရာမလိုပါဘူး။ အခု အလုပ်တွေဆိုတာ ပျော်ပွဲစားခရီးစဥ်ကို အဖွဲ့သားတွေဆီ ချပြနေတာ၊ ဂေါပက နှစ်စဥ်ရှင်းတမ်းထုတ်ပြန်နေတာ မဟုတ်ဘူး။ Charity organization monthly report လဲ မဟုတ်ဘူး။ 

NUG-PDF သူ အဆင်ပြေတဲ့နယ် ကြိုက်တဲ့နယ်မှာရှိမယ်။ တိုင်းရင်းသားနယ် သက်ဆိုင်ရာ EAO ရဲ့ အမိန့် Command အောက်မှာ ရှိချင်လဲ ရှိနေမယ်။ ပခုံးတံဆိပ်က EAO တံဆိပ်ဖြစ်ချင်လဲ ဖြစ်မယ်။ ဒါတွေ အဓိကကျသလား။ အဲဒီမှာ သွားလေ့ကျင့်ပြီး နျူဂျီက ဆွဲစားသွားတာဆိုတဲ့အပြောမျိုးက စကစခြေထိုးနဲ့ မတူဘူးလား။ 

စကစက နျူဂျီနဲ့ ပီဒီအက်ဖ်တွေကွဲလေ ကြိုက်လေ။ နျူဂျီနဲ့ EROs တွေကွဲလေ ကြိုက်လေ။ ERO တွေ မပါဘူး၊ မဆိုင်သယောင် မသိချင်ယောင်ဆောင်လေ၊ လိုကယ် PDF တွေကို စကစက အာရုံစိုက်ချေမှုန်းနိုင်လေပဲ။ ဒါကြောင့် လေယာဥ်တဝဲဝဲ ဗုံးတကြဲကြဲ လက်နက်ကြီးတခြိမ်းခြိမ်းကြားမှာ အူယားဖားယား ၂၀၂၂ ကုန်တဲ့အထိ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ထားပါ့မယ် အချိုသတ်ထားတာပေါ့။ ဒါမှ စစ်ကိုင်း မကွေး ကရင်နီနဲ့ ချင်း ပီဒီအက်ဖ်တွေကို စိတ်ကြိုက်ချေမှုန်းနိုင်မှာ။ ဒါ  ၈၈ ကတည်းကသုံးတဲ့ နည်းဟောင်းပဲ။ 

တိုင်းရင်းသားနယ်မြေတခုက ရှေ့တန်းခေါင်းဆောင်တယောက်နဲ့ မကြာခင်က လိုင်းပေါ်မှာတွေ့ကြတော့ သူ  ပြောသွားတာ အင်မတန်မှရိုးရှင်းတယ်။ ဒီနေ့ဆင်နွှဲနေတဲ့တိုက်ပွဲတွေဟာ ပါတီတခုအတွက် လူတစုအတွက် လူမျိုးတမျိုးအတွက် နယ်မြေဒေသတခုအတွက် တိုက်နေကြတာမဟုတ်ဘူး အားလုံးဝိုင်းလုပ်မှရမယ်ဆိုပြီး  ပြောသွားတယ်။ အရေးကြီးတာတခု သူ ဆက်တင်ပြသေးတယ်။ 

သီးခြားအဖွဲ့တခုက တခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှုမရှိပဲ ကိုယ့်ဖာသာ စီစဥ်ထလုပ်လိုက်တဲ့ Mission တခုကြောင့်   အဲဒီဒေသ EAO နဲ့ PDF တွေ သေခြာချထားတဲ့ ဧရာမ Plan ကြီးတခုလုံး Mission ကြီးတခုလုံး  ပျက်စီးသွားရတဲ့အကြောင်း ထုတ်ပြောသွားတယ်။ သက်ဆိုင်သူတွေတော့ နားလည်လောက်တယ်။ 

ခုရက်ထဲ သဘောကျနေတဲ့ Mission ၂ ခု သတိထားမိတယ်။ ပင်လယ်ဗူး Mission တခုနဲ့ ကရင်နီနယ်ထဲက KA Mission တခု။ အင်မတန်ကြီးမားတဲ့အောင်ပွဲတွေရခဲ့ပေမယ့် ဘယ်သတင်းဌာနကမှ အသေးစိတ် သတင်း မတက်နိုင်ဘူး၊ ဗီဒီယိုကလစ်အစုံလဲ လိုင်းပေါ် ပလူပျံမလာဘူး။

မြို့သိမ်းပွဲဆိုတာ တရက်သိမ်းပြပြီး မြို့ကပြန်သွားလို့ ရတာမျိုးမဟုတ်ဘူး။ ‌နောက်ဆက်တွဲ မြို့လူထု အသက် စည်းစိမ် လုံခြုံရေး စားဝတ်နေရေး အုပ်ချုပ်ရေးတွေ တွဲနေတာ။ စကစတန်ပြန်ထိုးစစ်ကို ဘယ်လောက်ကြာအောင်ခံနိုင်မလဲ။ လူ လက်နက် ကျည်အား အကုန်တွက်ချက်ကြရတာမျိုး မဟုတ်လား။

မြို့သိမ်းပွဲတွေ မဆင်သေးဘူးလား၊ ပြည်သူတွေက ငတ်လှပြီဆိုတဲ့အတွန်းတွေက စေတနာလဲ ဖြစ်ချင်ဖြစ်မယ်။ စကစဖြစ်စေချင်တဲ့ ပရိယာယ်ထောင်ချောက်လဲ ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးအဖျားရှူးပြီး ပြည်သူတွေဒုက္ခကြီး ရေချိန်တွေကျရင် အဆံချောင် ငြိမ်းချမ်းရေးညစာထိုင်သူတွေ ကြိုက်နိုင်တယ်။ သူတို့အကြိုက် ဖြစ်အောင် တဖက်က ကစားတာကို အားပေးရာ မရောက်ပေဘူးလား။  

 မကြာခင်က သူတို့ပြန်ကြားရေးတာဝန်ခံ ဗခဇော်မင်းထွန်း ဝန်ခံသွားတာရှိပါတယ်။ အာဏာသိမ်းလိုက်လို့ လူထုလမ်းပေါ်ထွက်လာမှာကို  ကြိုတင်မျှော်လင့်ထားပြီးသား။ ဒါပေမယ့် PDF တွေ ခုလို မြန်မြန်ဆန်ဆန် ပေါ်လာမယ်ဆိုတာ တွက်မထားခဲ့ဘူး။ ခုလောက် အားကြီးမယ်လဲ မထင်ဘူးလို့ ဝန်ခံသွားတယ်။ သိမှတ်နိုင်ဖို့က ( ၂၀၂၁ မတ်လ ၁၈ ရက်ကတည်းက တိုင်းရင်းသားနယ်မြေမှာ ပီဒီအက်တွေ သင်တန်းစနေပြီ။) ဒါဟာ သူတို့ရဲ့ လူထုအပေါ် အကဲဖြတ်ချက် အမှား၊ ဧရာမတွက်ချက်မှု အမှား၊ သူတို့ စစ်တပ်နိဂုံးချုပ်ရဲ့ အစပဲ။ 
 
ပီဒီအက်ဖ်အစား - အာမီ မဖွဲ့ကောင်းဘူးလားဆိုတဲ့ အမေးတွေ ဖြစ်ခဲ့ကြတယ်။ လူထုက ခုခံကာကွယ်ရတာမို့  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (People Defense Force) က ပိုဆီလျော်တယ်။ နိုင်ငံတကာအမြင်မှာ အာမီက ပြဿ နာရှိတယ်။ သူတို့နဲ့  နားလည်မှုပိုဝေးနိုင်ပါတယ်။ ဒါကြောင့် PDF တွေဖြစ်လာရတာလို့ တာဝန်ရှိသူတွေက ရှင်းပြတယ်။ နိုင်ငံတကာက NUG ကိုမေးရင် အဓိက သူတို့ အရေးတကြီးသိချင်တာ နှစ်ခုရှိပါတယ်။ တိုင်းရင်း သားတော်လှန်ရေးအင်အားစုတွေနဲ့ တသွေးတသံတမိန့် ရှိကြရဲ့လား Chain of Command with  EAOs (EROs)၊ နောက်တခုက နိုင်ငံတကာစစ်မြေပြင်စံချိန်စံညွှန်းတွေကိုလိုက်နာရဲ့လား (Code of Conduct) ဒီနှစ်ခုကို မေးလေ့ရှိတယ်လို့ သိရပါတယ်။ NUG ကိုလှူလို့ အကျိုးမရှိဘူး၊ PDF ကိုလှူမှ အကျိုးရှိမယ်ဆိုတာက သွေးခွဲတဲ့သဘော ရောက်သွားပါတယ်။ 

စတင်ညွှန်ကြားစက နျူဂျီပီဒီအက်ဖ်တွေဆိုတာ Page ထောင်ခွင့်မရှိပါဘူး။ အင်အားအပိုင်း သတင်းလုံခြုံရေးအပိုင်းက စစ်ရေးမှာအသက်ပါ။ ကျွန်တော်တို့မှာ အင်အားက ဘယ်လောက်ရှိတယ်၊ ဒါပေမယ့် လနက ဘာပဲ ရှိတာ၊ ဘာလေးနဲ့တိုက်ရတာ။၊ စခ ဘယ်လောက်ကျသွားတယ်၊ ကျွန်တော်တို့မှာ ဘာတွေမရှိတော့ဘူး၊ ဘာတွေ လိုနေပါတယ်ဆိုတာတွေက Social media marketing strategy မဖြစ်သင့်ဘူး။ တဖက်ရန်သူက ဘာမှအား ထုတ်စရာမလိုပဲ ဆိုရှယ်မီဒီယာ မှန်မှန်တက်ပြီး ဘယ်နယ်မှာ အင်အားကဘယ်လောက်၊ ရံပုံငွေ စီးဆင်းနေမှု  က ဘယ်လောက်၊ ဘာတွေဖက်မှာ အားနည်းနေပြီလဲ လူတွေက ဘာတွေဒုက္ခရောက်နေလဲ အကုန်သိနေရသလိုဖြစ်နေတာ မကောင်းလှပေဘူး။ ဗိုလ်နဂါးကို မီဒီယာက High light ဖြစ်သွားတဲ့အခါ အကောင်းအဆိုး နှစ်မျိုးတွေ့ရပါတယ်။ ကောင်းတာက လူထုက အခက်အခဲကိုသိသွားပြီး တတ်နိုင်တဲ့ဖက်က အားပေးကူညီကြလို့ အဆင်ပြေတန်သလောက်ပြေသွားတာ။ မကောင်းတာက သူ့ကိုပစ်မှတ် သူရှိမယ်ထင်ရာကို ပစ်မှတ်ထားချေ မှုန်းတာခံရလို့ ဦးနှောက်ရွာကျေတာ။ သူလွတ်သွားပေမယ့် သူ့အမျိုးတွေ ရက်ရက်စက်စက် လုပ်တာခံရတာ။  ဆိုရှယ်မီဒီယာတွေ၊ တော်လှန်မီဒီယာတွေက အကျိုးအပြစ် ခြင့်ချိန်တင်ဆက်နိုင်ကြဖို့ပါပဲ ။

တော်လှန်ရေးက အရှိန်အဟုန်ရလာလေလေ သတင်းတွေကြားမှာ အတင်းအဖျင်းနဲ့ ဂျင်းတွေများလေလေ ဖြစ်မှာပါပဲ။ ခုရက်ထဲတင် RCSS က စကစဆီဘောက်ဆာတွေကို သူတို့လုံခြုံရေးယူပေးမယ်ဆိုတဲ့ သတင်းနဲ့ ပြန်ဖြေရှင်းလိုက်တဲ့သတင်း  ဗိုလ်ဂဠုန်က တင့်ကားကို ဆူဆိုဒ်လုပ်ဖြိုတဲ့သတင်း စတာတွေက မျက်စိလည်စရာတွေပါ။ သေချာ စိစစ်ပြီး ရှယ်ကြ ဖတ်နိုင်ကြဖို့ပါ။ 

မကြာခင်က တိုင်းရင်းသားခေါင်းဆောင်တယောက်က အစည်းအဝေးတခု အစမှာ ခုလိုပြောပါတယ်။ 

တိုးတိုးတိတ်တိတ် စစ်တိုက်ချင်တယ် ...တဲ့။

ခွန်ဆိုင်း 
၂၃-၁-၂၀၂၂ 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar