Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၃ ရက်မြောက်နေ့မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၂

◾️ ဖျက်ဆီးမှုတွေ အသက်ဆုံးရှုံးမှုတွေ ရိက္ခာပြတ်လတ်မှုနဲ့ တိုက်ပွဲများ 
နေ့စဥ်သတင်းတွေထဲမှာ ကြားသိနေရတဲ့အဖြစ်အပျက်တွေက နေ့စဥ် ခပ်ဆင်ဆင်သတင်းတွေက အများစုဖြစ်ပါတယ်။ သံတမန်ရေး ဆွေးနွေးမှုတွေ၊ တိုက်ပွဲတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုပ်ကြံမှုတွေ၊ ရွာတွေ မြို့တွေ မီးရှို့တာ၊ ဖမ်းဆီးမှု၊ တရားရုံးတွေက ပစ်ဒဏ်ချမှတ်တာတွေ၊ ဆန္ဒပြမှုတွေ နဲ့ ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ချက်တွေ ဖြစ်ပြီးတခါတရံမှာ အရပ်သား လူဒါဇင်နဲ့ချီတဲ့ အသက်ဆုံးရှုံးရတဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
 
ဒီနေ့သတင်းတွေထဲမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေက မြန်မာစစ်ကောင်စီခေါင်းဆောင်တွေထံ လာရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အာဆီယံရဲ့အလှည့်ကျ ဥက္ကဌလည်းဖြစ်သူ ဟွန်ဆန်ခရီးစဥ်အပြီး ရလဒ်တွေနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ အားမရဖြစ်တဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံရှိတဲ့အနက် သြဇာရှိတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျဥက္ကဌရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ အာဆီယံသဘောတူညီမှု ၅ ချက်ကို တိတိကျကျ အကောင်အထည်ဖေါ်ပါမယ်ဆိုတဲ့ ခိုင်မာတဲ့အချက်အလက်နဲ့ ကတိတဝတ်မရခဲ့လို့ စိတ်ပျက်ရတယ်လို့ အလှည့်ကျဥက္ကဌနဲ့ ဖုန်းဆက်သွယ်ပြောဆိုအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ် ဧပြီလကတည်းက သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာကို အဖြေရှာနိုင်ဖို့ လမ်းစဖြစ်တယ်လို့ သဘောတူခဲ့ကြပြီး တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ကလည်း အာဆီယံမူကို ထောက်ခံခဲ့ကြတာပါ။ ဒါပေမယ့်လည်း အာဆီယံမူကို ဘယ်လိုအချိန်ကာလအတွင်းမှာ ဘယ်အချက်ကို အကောင်အထည်ဖေါ်ပါမယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက်မပါတဲ့ ယေဘုယျဆန်တဲ့ သဘော တူညီချက်မျိုးဖြစ်နေခဲ့တာကြောင့်လည်း မြန်မာစစ်ကောင်စီတွေအဖို့ ဆင်ခြေပေးနိုင် အချိန်ဆွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ သံတမန်ရေးအရ မြန်မာစစ်ကောင်စီကို အာဆီယံအနေနဲ့ တိတိကျကျ အချိန်သတ်မှတ်ပြီး ဖိအားမပေးနိုင်တာ ဒီအချက်အလက်တွေကို အကဲခတ်ကြည့်ရင် နားလည်နိုင်မှာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ တိုက်ခိုက်မှုတွေ ပစ်ခတ်မှုသတင်းတွေနဲ့ပတ်သက်လို့တော့ ချင်းပြည်နယ် ကလေး-တီးတိန် ကားလမ်းကြောင်းက ကျေးရွာတချို့ မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ သီတင်းပတ်တွေကတည်းက ကလေးမြို့ကနေ တီးတိန်နဲ့ ဖလမ်းတို့သွားတဲ့ လမ်းခွဲဖြစ်တဲ့ သိုင်းငင်းနဲ့ တီးတိန်အကြားမှာ ဒေသခံ ပီဒီအက်ဖ်တွေက စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း လေကြောင်းအကူအညီနဲ့ အင်အားဖြည့်တင်းတာ ကူပစ်တာ အမြှောက်အကူအညီနဲ့ တိုက်ခိုက်တာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒေသခံ ပီဒီအက်ဖ်တွေဘက်ကလည်း သေဆုံးမှုတွေရှိသလို စစ်ကောင်စီတပ်တွေလည်း သေဆုံးမှုတွေရှိနေတယ်လို့ သတင်းတွေထဲ ပါရှိတာဖြစ်ပါတယ်။ 

အလားတူ ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဇန်နဝါရီလတွေထဲ ဆက်တိုက်တိုက်ပွဲတွေ အရပ်သားတွေ အသက်ဆုံးရှုံးရမှုတွေဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ်မှာလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုတဝိုက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီ စစ်ဘေးရှောင်တွေ ပြန်လာနိုင်ပြီလို့ ကြေညာနေပေမယ့်လည်း တကယ့်မြေပြင်မှာတော့ အဲဒီလိုအခြေအနေမျိုး မဟုတ်သေးတာကို သတင်းဖေါ်ပြမှုတွေကြည့်ရင် ခန့်မှုန်းနိုင်ပါတယ်။
 
သန်းခေါင်စာရင်းအရ လူဦးရေ ၅ သောင်းကျော်ရှိတဲ့ လွိုင်ကော်မြို့က ၃ ပုံ ၂ ပုံလောက်က မြို့ကနေစွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြပြီးဖြစ်ကာ ရှမ်းပြည်နယ်ဘက်ဆို ပင်လောင်း၊ နောင်တရား ဆီဆိုင် တောင်ကြီးလိုမြို့တွေအထိ၊ ကယားပြည်နယ်ထဲဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဒေသတွေအထိ တိမ်းရှောင်ခဲ့ကြပြီး ခုအခြေအနေမျိုးနဲ့ ချက်ခြင်း ပြန်လာနေထိုင်ဖို့ မလုံခြုံသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ကယားပြည်နယ်မှာ တမြို့နယ်နဲ့တမြို့နယ် ဆက်သွယ်ထားတဲ့ကားလမ်းတွေကို စစ်ရေးအရ ပိတ်ဆို့ထားကြတာကြောင့် ရိက္ခာပြတ်လတ်မှုတွေ ပိုဆိုးရွားလာနေပြီး စျေးနှုန်းမြင့်တက်ရုံသာမကပဲ ဝယ်ယူရရှိဖို့ ခက်ခဲတဲ့အနေအထားတွေလည်း ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ဆန်ဝယ်ယူရခက်ခဲတာ စျေးနှုန်းမတန်တဆ ကြီးနေတာကြောင့် အရက်ချက်ရာမှာသုံးတဲ့ ပြောင်းကောက်တွေကိုချက်ပြီး ဆန်အစား စားသုံးနေကြရတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။ ဒီအခြေအနေတွေဟာ “လူလုပ်ကပ်ဘေး” တွေဖြစ်လာနေပြီး ဆင်းရဲမွဲတေမှု ရောဂါဘယကျရောက်မှုနဲ့ အခြားသော အကျိုးဆက်တွေကိုပါ ဆက်လက်ကျရောက်လာစေနိုင်တာလည်း ဖြစ်ပါတယ်။ 

ကယားပြည်နယ် နဲ့ပတ်သက်တဲ့ သတင်းအပြီးမှာတော့ ကရင်ပြည်နယ်မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ အချို့သောဒေသတွေမှာ စတင်ဖြစ်ပွားလာတာကြောင့် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ဘေးရှောင်အရေအတွက် ၂ သောင်းအထိရှိလာပြီလို့ သတင်းတပုဒ်မှာ ဖတ်ရှုရပါတယ်။ ကော့ကရိတ်မြို့နယ် မြဝတီ - ကော့ကရိတ် အာရှလမ်း အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ/ကေအန်အယ်လ်အေတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာတွေ အတော်များများ တိမ်းရှောင်နေကြရလို့ သီတင်းပတ် အနည်းငယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခန့်အထိ ရုတ်တရက် မြင့်တက်လာတာ ဖြစ်ပါတယ်။ 
ကေအန်ယူနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ အရှိန်မြင့်လာခြင်းက ဒီဇင်ဘာလလယ် လေးကေ့ကော်ဒေသမှာ စတင်လိုက်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေက အစပြုတယ်လို့ ဆိုရမှာပါ။ သို့ပေမယ့် ကေအန်ယူလက်နက်ကိုင်တပ်တွေရှိတဲ့နေရာတိုင်း ဒေသတိုင်းမှာဖြစ်ပွားတဲ့ သဘောမျိုးတော့မဟုတ်သေးပဲ အကန့်အသတ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲလို့ ဆိုနိုင်သေးတဲ့ အခြေအနေဖြစ်ပြီး နောက်ထပ် အခြားသောဒေသတွေ ဖြစ်တဲ့ တနင်္သာရီတိုင်း မွန် ပြည်နယ်၊ ပဲခူးတိုင်းတို့လိုမှာရှိတဲ့ ကေအန်ယူထိန်းချုပ်ဒေသတွေမှာပါ ဖြစ်ပွားလာနိင်ချေ ရှိ/မရှိကတော့လောလောဆယ်မှာ မသိနိုင်သေးဘူးလို့ဆိုရပါလိမ့်မယ်။ 

ဒီနေ့အတွက် အခြားသောတိုက်ခိုက်မှု ကျေးရွာတွေမီးရှို့မှုတွေနဲ့ ပတ်သက်တဲ့သတင်းတွေမှာတော့ ချင်းတွင်းမြစ်နဘေးက ကနီမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရေယာဥ်တွေ တိုက်ခိုက်ခံရပြီးနောက်မှာ မြစ်ကမ်းနားက ကျေးရွာဖြစ်တဲ့ နတ်ကြီးရွာက နေအိမ်ဆယ်လုံးလောက်ကို မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။ ဒီနေအိမ်ပိုင်ရှင်တွေက တိုက်ခိုက်မှုနဲ့ သက်ဆိုင်ခြင်း ရှိချင်မှရှိမှာဖြစ်ပေမယ့် ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ခဲ့ရင် အခုလိုပဲ တိုက်ရိုက်သက်ဆိုင်သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ နေအိမ်တွေ ဖျက်ဆီးခံရမှာပဲဆိုတဲ့သဘောမျိုးနဲ့ စစ်ကောင်စီတပ်တွေက လုပ်ဆောင်တာဖြစ်ပါတယ်။ 

အလားတူပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲက လက်လုပ် ရေနံတွင်းတွေကို အခုရက်ပိုင်း မီးရှို့တာတွေ ဆက် လက်ဖြစ်ပွားနေတဲ့ သတင်းတွေလည်း ဖတ်ရှုနေရပါတယ်။ ရေနံတွင်းတွေက စစ်ကောင်စီတပ်တွေကို ငွေမပေးတာကြောင့် (သို့မဟုတ်) ဒေသခံ ပီဒီအက်ဖ်တွေကို ထောက်ခံအားပေးကူညီတာကြောင့် ဆိုတဲ့အကြောင်းတွေနဲ့ ရေနံမှော်က ရေနံတွင်းတွေကို မီးရှို့တာလို့ ယူဆရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar