Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၃၀ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၃၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၂

◾️ စစ်အာဏာသိမ်းမှု၊ သမိုင်းတပတ်လည်ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာ
လွတ်လပ်ရေး ရပြီးနောက် ၁၀နှစ်အကြာမှာ စစ်အာဏာသိမ်းမှုဖြစ်လုနီး အခြေအနေကိုရောက်ခဲ့ပြီး အဲဒီအချိန်က ဝန်ကြီးချုပ် ဦးနုက စစ်အာဏာသိမ်းတဲ့ အစဥ်အလာကို မရောက်ရှိအောင် နိုင်ငံရေးထွက်ပေါက် နည်းလမ်းကို စဥ်းစားပြီး လွှတ်တော်က ယာယီအုပ်ချုပ်ဖို့ အိမ်စောင့်အစိုးရ အဖြစ် နှစ်အကန့်အသတ်နဲ့ လွှဲပေးခဲ့ပါတယ်။

၁၉၅၈ ခုနှစ်က စစ်အာဏာသိမ်းမှုကို အဲဒီနည်းနဲ့ နှစ်အကန့်အသတ်တခုထိ ရှောင်လွှဲနိုင်ခဲ့ပေမယ့်လည်း ၁၉၆၀ ရွေးကောက်ပွဲကျင်းပပြီးနောက် ပထစလို့ အတိုကောက်ခေါ်တဲ့ ဦးနုဦးဆောင်တဲ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး တနှစ်ကျော်အကြာမှာ ဗိုလ်နေဝင်းဦးဆောင်တဲ့စစ်တပ်က အရင်တကြိမ်နဲ့မတူတော့ပဲ တိုင်းပြည်ချောက်ထဲကျတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းပြီး ပါတီထူထောင်ကာ အရပ်သားအစိုးရသဖွယ် စစ်အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ် ၂ ခုကျော်ကြာ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ကြသူတွေထဲမှာ ဖဆပလအဖွဲ့ချုပ်ကနေ ပါတီကွဲပြားလာခဲ့တဲ့ ပထစ၊ တည်မြဲခေါင်း ဆောင်တချို့၊ ကျောင်းသားသမဂ္ဂတွေနဲ့ လက်ဝဲအင်အားစုတွေ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ၁၉၆၂ စစ်အာဏာ သိမ်းမှုဟာ ဆဲဗင်းဇူလိုင် အရေးအခင်းလို ကြီးကြီးမားမား ဆန်ကျင်မှုအပြင် တခြားဆန့်ကျင်မှုတွေ ပြင်းပြင်း ထန်ထန် မကြုံခဲ့ရဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတွေအားလုံး ဖျက်သိမ်းလိုက်ကာ သတင်းစာအတော်များများလည်း ပြည်သူပိုင်အသိမ်းခံလိုက်ကြရတာ ဖြစ်ပါတယ်။ 

အဲဒီနောက် ၁၉၈၈ ခုနှစ် မဆလ အစိုးရလို့ခေါ်ကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို အရေးအခင်းအုံကြွမှုနဲ့ ပြုတ်ကျအောင် လုပ်ခဲ့ကြပြီးတလကျော်အကြာမှာ ဒုတိယတကြိမ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာ စစ်အာဏာသိမ်းမှုက လက်နက်ကိုင် တိုက်ခိုက်မယ့် လမ်းစဥ်ကို လူငယ်တွေအကြား ပေါ်ပေါက်စေခဲ့ပါတယ်။ ၈၈ အရေးအခင်းကာလအတွင်း ဦးဆောင်ခဲ့ကြပြီး မြေပေါ်မှာကျန်ခဲ့တဲ့ နိုင်ငံရေး သမားတွေကတော့ နိုင်ငံရေးပါတီတည်ထောင်ကြပြီး နဝတအစိုးရလို့ အတိုကောက်ခေါ်တဲ့ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လှုပ်ရှားခဲ့ကြပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ နယ်စပ်ဒေသတွေဆီ တောခိုသွားတဲ့ တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသားအများစုပါဝင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာထဲမှာပဲ စတင်ဖွဲ့စည်းခဲ့ကြပြီး  တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီ စစ်ရေးအရ ဦးဆောင်မှုယူကာ ဆယ်စုနှစ်နဲ့ချီ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ မြေပေါ်မှာကျန်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကတော့ ၁၉၉၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး အန်အယ်လ်ဒီပါတီက အများစုကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

သို့ပေမယ့်လည်း နဝတက ရွေးကောက်ပွဲပြီးနောက်မှာ အခြေခံဥပဒေမရှိသေးလို့ဆိုကာ နိုင်ငံရေးအာဏာမလွှဲပေးပဲ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံခေါ်ဖို့ အချိန်ဆွဲခဲ့တဲ့နောက် ရွေးကောက်ပွဲအနိုင်ရတဲ့ NLD အနေနဲ့ဆယ်စုနှစ် ၂ ခုကျော်ကြာ ထောင်ထဲ၊ နယ်စပ်၊ အဝေးရောက်အစိုးရ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ကျော်ဖြတ်ခဲ့ကြပြန်ပါတယ်။ 

အခု ပြီးခဲ့တဲ့ နှစ်ကဖြစ်ပွားခဲ့တဲ့ သမိုင်း တပတ်လည် စစ်အာဏာသိမ်းမှုမှာတော့ အန်အယ်လ်ဒီရဲ့ ထိပ်တန်းခေါင်းဆောင်အားလုံးနီးပါး ထိန်းသိမ်းခံရကာ လုပ်ကြံဖန်တီးထားတဲ့ ပုဒ်မတွေနဲ့ တရားရုံးတင် ပြစ်ဒဏ်ချတာတွေ လုပ်နေခဲ့ပြီဖြစ်ပါတယ်။ 

တဖက်မှာတော့ အန်အယ်လ်ဒီပါတီရဲ့ ကျန်ရှိတဲ့ ပါတီခေါင်းဆောင်တွေ လူလတ်ပိုင်း ခေါင်းဆောင်တွေက အခြားသော အရပ်ဖက်အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ ဆွေးနွေးကာ အမျိုးသားအတိုင်ပင်ခံ ကောင်စီဖွဲ့ပြီးနောက်တဆင့်မှာ ဝန်ကြီးဌာနတွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဖွဲ့ပြီး သံတမန်မျက်နှာစာ စစ်ရေးမျက်နှာစာ ၂ ခုနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လုပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဆယ်စုနှစ် နှစ်ခု သို့မဟုတ် ၃ ခုနီးပါးမှာ တကြိမ် စစ်အာဏာသိမ်းမှုတွေနဲ့ ကြုံရလေ့ရှိပြီး တဖန် စစ်တပ်ကပဲ ပုံစံတမျိုးနဲ့ဖြစ်စေ၊ လက်ဝေခံပါတီဖွဲ့စည်းပြီး အရပ်ဝတ်လဲထားတဲ့ ဗိုလ်ချုပ်ဟောင်တွေပါတဲ့ နိုင်ငံရေးပါတီက အုပ်ချုပ်၍ဖြစ်စေ နိုင်ငံရေးသံသရာ တကျော့ပြန်လည်လေ့ရှိနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတာဟာ မဆန်းကျယ်တော့တဲ့ အဖြစ်အပျက်တခုလို ဖြစ်နေပြီး နှစ်အနည်းငယ်ကြာတိုင်း ဖြစ်တယ်လို့တောင် ပြောရမလို ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ဒါဇင်နဲ့ချီတဲ့ စစ်အာဏာသိမ်းမှုအကြိမ်ရေ ရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ထိုင်းနိုင်ငံစစ်အာဏာသိမ်းမှုက စီးပွားရေးနဲ့ လူမှုအဆောက်အဦကို သိပ်ပြီးသက်ရောက်မှု ကြီးကြီးမားမားမရှိသလို မြေလှန်စနစ်နဲ့ အုပ်ချုပ်ရေး စီးပွားရေး လူမှုရေးတွေကို ပြောင်းပြန်လှန်ကြတာနည်းပါးတာလည်း ဖြစ်ပါတယ်။ အပေါ်အာဏာအလွှာမှာ အပြောင်း အလဲတွေ ဖြစ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင်အခွင့်အလမ်းတွေ သိပ်ထိပါးမှုမရှိသလို တံခါးပိတ်ဝါဒလည်း မကျင့်သုံးတာမို့လို့ မြန်မာနိုင်ငံနဲ့ အခြေအနေချင်းကွာခြားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ တခါဖြစ်ပွားတိုင်း စီးပွားရေးတွေ ဇောက်ထိုးမိုးမျှော်ဖြစ်တာ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု ရဲ့ ဂယက်ရိုက်ခတ်ခံရတာ တလွဲစိမံခန့်ခွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတာ၊ စစ် တပ်ရဲ့ အကျိုးစီးပွား၊ စစ်တပ်ခေါင်းဆောင်ပိုင်းရဲ့ ကိုယ်ကျိုးစီးပွားအတွက်သယံဇာတတွေ ရောင်းချ၊ လုပ်ပိုင် ခွင့်တွေ ရယူကြတာတွေနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးနေခဲ့တဲ့ သာဓကတွေ အကြိမ်တိုင်းမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံနဲ့ မတူကွဲပြားတဲ့ အရေးကြီးတဲ့ လက္ခဏာတခုက တိုင်းရင်းသား လူမျိုးစုကိစ္စဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အဆိုပါပြဿနာက ထင်ထင်ရှားရှားမရှိသလို စစ်အာဏာ၊ ဘုရင်စနစ်၊ အရပ်သား နိုင်ငံရေးသမားနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအကြားမှာ အာဏာပါဝါပြိုင်ပွဲတွေသာ ထင်ရှားတဲ့လက္ခဏာဖြစ်ပြီး မြန်မာနိင်ငံမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌါန်းခွင့်ကိစ္စက လွတ်လပ်ရေးခေတ် မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ပြဿနာတွေတိုင်းမှာ ဒီကိုယ်ပိုင်ပြဌါန်းခွင့် တနည်းအားဖြင့် ဖက်ဒ ရယ်အရေးကိုပထမဦးစားပေး မစဥ်းစားနိုင်ရင် ပြဿနာရဲ့ အဖြေကို ရောက်နိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ 

ခုတကြိမ် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တာနဲ့ တပြိုင်နက်ထဲမှာပဲ တိုင်းရင်းသားလူမျိုးစုတွေ ရဲ့ မျှော်မှန်းချက် ပြင်းပြတဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်အရေးကိစ္စမှာပါ လက်တွေ့ကျတဲ့ တန်းတူရည်တူ ရှိတဲ့ စကားလုံးမျှသာမဟုတ်ပဲ မူဝါဒအရ လက်တွေ့ကျင့်သုံးမှုအရ ဖက်ဒရယ်အယူအဆကို ရိုးသားစွာ လက်ခံအာမံခံဖို့က ပြဿနာတွေရဲ့ အဓိကသော့ချက်ကိစ္စတခုလို့ မြင်မိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar