ခွန်ဆိုင်း - နွေဦးတော်လှန်ရေး တနှစ်စာ သံခိပ် (၁)
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၂၂
NUG က NCGUB လို အဆုံးသတ်သွားလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးက မဲဆောက်မှာသောင်တင်သွားတော့မယ် စတဲ့ အဖြစ်ဟောင်း ခေတ်ဟောင်းတွေနဲ့ နွေဦးတော်လှန်ရေးကို နှိုင်းယှဥ်ချိန်ထိုးရင်း အလျင် စလိုနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာတွေ တွေ့နေရသလို၊ သပိတ်ကြွေးကြော်သံတွေထဲမှာ ၈၈ ကအချိုးတွေ -၂၁ မှာ လာမချိုးနဲ့လို့ စစ်တပ်ကိုစိန်ခေါ်တာမျိုး၊ ၈၈ ကို လုံးလုံးပယ်တာမျိုးတွေလဲ တချက်တလေ ကြားရတဲ့အချိန်။ ဒီနေ့ နွေဦးတော်လှန်ရေး (Myanmar Spring Revolution) ဆိုတာဟာ ၁၉၈၈ ကလိုမဟုတ်တာတော့ သေချာပါတယ်။ နည်းပညာခေတ်ထဲမှာ သူတို့ကြီးပြင်းကြတယ်။ တစုံတရာ လွတ်လပ်ပွင့်လင်းခေတ်မှာ လူဖြစ်ကြတယ်။ နိုင်ငံတကာနဲ့ ထိတွေ့နိုင်တဲ့ လူငယ်မျိုးဆက်သစ်တွေ ရှေ့တန်းကဦးဆောင်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လူတန်းစားအစုံ အလွှာအစုံ ပါဝင်ထားကြတယ်။ ပါတီစုံ ရွေး ကောက်ပွဲဆိုတာကို လေးကြိမ် အတွေ့အကြုံရှိနေကြပြီး စစ်တပ်က ကတိပျက်တာ လိမ်တာ မလိမ့်တပတ်လုပ်တာ ဗိုလ်ကျသွားတဲ့အတွေ့အကြုံတွေလဲ ရထားကြတယ်။ သူဌေး ပညာတတ် အစိုးရဝန်ထမ်း အလုပ် သမား လယ်သမားကျောင်းသား ရဟန်းသံဃာ စစ်သား LGBT ဆယ်လီဆိုတာတွေအစ အကုန်ပါဝင်တဲ့ တော် လှန်ရေးကြီးဆိုတာကို ဘယ်သူငြင်းနိုင်မလဲ။ မဆလအမှောင်ခေတ် ပိန်းပိန်းထဲကထွက်လာတဲ့ ၈၈ လူထုရေချိန် လူထုအသိနဲ့တော့ နှိုင်းလို့မရဘူး။ အချိန်တန် သန္ဓေရင့်လို့ တော်လှန်ရေးလက္ခဏာအင်္ဂါအစုံအလင်နဲ့ ဖွားလာတဲ့ သမိုင်းရတနာတပါးလို့ တင်စားချင်လဲ တင်စားနိုင်ကြပါတယ်။ ခေတ်အဆက်ဆက် သမိုင်းအဆက် ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအဆက်ဆက်မှာ ဒီ ၂၀၂၁ ဟာ အပြင်းထန်ဆုံး စွမ်းအားအမြင့်ဆုံးဆိုတာ အားလုံးလက်ခံနိုင်ကြပါတယ်။
၁၉၆၂ မှာ တိုင်းပြည်ကို စစ်တပ်အာဏာစသိမ်းလိုက်တုန်းက ကျောင်းသားတော်လှန်အုံကြွမှု လူထုသပိတ်တိုက်ပွဲတွေဟာ ပြင်းထန်တယ်။ အသက်သွေး စတေးရတာမှန်ပါတယ်။ ဒါပေမယ့် အထွေထွေသပိတ်အထိ မတက်လှမ်းနိုင်ဘူး။ သပိတ်စုံ သူပုန်မထနိုင်ဘူး။ တမျိုးသားလုံး လက်နက်ကိုင်တဲ့အထိ မဖြစ်ခဲ့ဘူး။ စစ်ဝါဒ ဆက်မကြီးထွားအောင် လူမျိုးစုတွေပူးပေါင်းလာအောင် မစည်းရုံးနိုင်ခဲ့ပဲ စစ်တပ်အာဏာသိမ်းတာကို မနိုင်လို့၊တချို့ကလဲ ဆိုရှယ်လစ်ဆိုတဲ့အသုံးကို ဟုတ်လာလိမ့်နိုးနိုး လက်ခံလိုက်ကြရတယ်။ မဆလတက်ပြီး ၁၂ နှစ်အကြာ ၁၉၇၄ ဇွန် အလုပ်သမားအရေးအခင်း အားစမ်းပွဲကျတော့ အလုပ်သမားထုကို အခြေခံတော်လှန်ကြတယ်။ မြို့ကြီးလမ်းတွေပေါ် နဲ့ နိုင်ငံပိုင်စက်ရုံတချို့ ဝင်းထဲမှာ အလုပ်သမားတွေ ချေမှုန်းခြင်းခံရတယ်။ ဦးသန့် အရေးအခင်းမှာတော့ လူပုဂ္ဂိုလ်အကြောင်းပြုပြီး ကျောင်းသားတွေဦးဆောင် ဖေါက်ထွက်ကြည့်ကြတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာတင် ချေမှုန်းခံရတယ်။ ၁၉၇၅ အလုပ်သမားနှစ်ပတ်လည် ရွှေတိဂုံသပိတ်နဲ့ ၁၉၇၆ ဆရာကြီးသခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့် ကျောင်းသားလှုပ်ရှားမှုတွေလဲ အကန့်အသတ်သပိတ်တွေနဲ့ပဲ ကျရှုံးခဲ့ကြတယ်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံဖြစ်လာတော့ လူထု အထွေထွေအကြပ်အတည်း အထွေထွေမကျေနပ်မှုတွေ ပိုကြီးတာမို့ တိုင်းပြည်တနံတလျား အတိုင်းအတာကြီးကြီးမားမားနဲ့ ပုန် ကန်အုံကြွခဲ့ကြလို့ တပါတီအာဏာရှင်စနစ်ကို နိဂုံးချုပ်သွားစေခဲ့တယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ အဆင့်တဆင့်တက်နိုင်ခဲ့တယ်။ ဒါပေမယ့် စစ်တပ်က လူထုကိုလှည့်ဖျားပြီး ပါတီစုံရွေးကောက်ပွဲဆီ ခေါ်သွားတယ်။ အပေါ်ယံအပြောင်းအလဲတွေ လုပ်ပြတယ်။ ပါတီစုံဒီမိုကရေစီပြောခဲ့ကြပေမယ့် စစ်တပ်ကြီးစိုးတဲ့ ဖွဲ့စည်းပုံကို မပြောင်းနိုင်ခဲ့ဘူး။ နွေဦးတော်လှန်ရေးကျမှသာ အနှစ်သာရအရ ပြောင်းလဲချိန်ကျတာ။ စစ်တပ်ကို နိုင်ငံရေးက အပြီးမောင်းထုတ်မှဖြစ်မယ်ဆိုတဲ့အသိ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အစားထိုးကြမှဖြစ်မယ်ဆိုတဲ့အသိ လူထုတရပ်လုံး သိသွားတာ။ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ လာရာက မတူသလို လားရာကလဲ ၈၈ နဲ့ မတူဘူး။ နွေဦးတော်လှန်ရေးလာရာက လူထုမဲနဲ့တင်တဲ့ အစိုးရ၊ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လူထုအစိုးရကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ဖြုတ်ချလိုက်တာက စသွားတာ။ ၂၀၂၁ ရွေးကောက်ပွဲမှာ လူထုသာ မဲအပြတ်နိုင်မထားခဲ့ရင်၊ ၃၆ သန်းသော သူတို့မဲတွေကို စစ်တပ်က တချက်ထဲနဲ့ ပစ်ပယ်လိုက်တာကိုလူထုက လက်ခံကြည်ဖြူ နောက်ရွေးကောက်ပွဲတခု ထပ်သွားမယ်ဆိုတာမျိုးကို ယုံကြည်နေသေးရင် နွေဦးတော်လှန်ရေးကို ဘယ်သူတွေတွန်းတင်လို့ရမလဲ။ လူထုအာဏာကို စစ်တပ်က အကြမ်းဖက်သိမ်းသွားတာ လက်ခံကြရင် လူထုတွေ လမ်းပေါ်ထွက် အသေခံကြမလား။ ဒါ ဒီသမိုင်းအလှည့်အပြောင်းမှာ မေးရမယ့် အ ရေးတကြီး မေးခွန်းတခုပဲ။
နွေဦးတော်လှန်ရေး တနှစ်ပြည့် မှတ်တမ်း-ဒိုင်ယာရီမျိုးကို တကယ်တမ်းအချိန်ယူရေးကြရင် အင်မတန်ခမ်းနား ရှည်လျားတဲ့ အဖိုးတန်သမိုင်းစာတွေဖြစ်နေမှာ အမှန်ပါ။ ရသဆရာ -သမိုင်းဆရာတွေက တမျိုးချဥ်းကပ်မယ်၊ ဒဿနဆရာ- နိုင်ငံရေး ဝေဖန်ရေးဆရာတွေက တမျိုးသုံးသပ်မယ်။ သန်ရာသန်ရာ အရောင်အသွေးစုံ ပြည်သူတွေအကျိုးရှိရာရှိကြောင်း ဖန်တီးရေးသားနေကြမယ်ထင်ပါတယ်။ အရှည်မရေးနိုင်တဲ့ ကျွန်တော်ကတော့ မှတ်သား ညဏ်မှီသလောက် ပကတိအခြေအနေတွေကို လက်ခံ - အားလုံး ညီညီ - ရှေ့ဆက်ရုန်းနိုင်အောင် ဒီ တနှစ်အလည်မှာ သံခိပ်တော့လုပ်ထားချင်ပါတယ်။
ဓမ္မ အဓမ္မ နှစ်ဖက်စလုံး အားသာချက် အားနည်းချက်များရှိနေတဲ့ ဒီပွဲမှာ စစ်ဝါဒီတွေဖက်က အခက်အခဲတွေ ကြည့်ရင် ...
၁။ တပ်သားသစ် စုဆောင်းရဘို့ခက်နေပြီ။
၂။ သူတို့စစ်တိုက်နေရတဲ့ရည်ရွယ်ချက်က ပြည်သူကို ကာကွယ်ပေးနေတာဆိုတာမျိုး သူတို့ကိုယ်တိုင်က ယုံကြည်လက်ခံလာအောင် အကြောင်းမပြနိုင်ဘူး။ စစ်သားတွေကို စိတ်ကြိုက် ခိုးဆိုးလုယက်နှိပ်စက်ခွင့်တွေ ပေးထားရတယ်။ မသိချင်ယောင်ဆောင်ထားရတယ်။ နိုင်ငံတကာစစ်ရာဇဝတ်မှုများစွာကျူးလွန်နေကြတာမို့ Professional standard army ဆိုတာဝေးလို့၊ လူထုဆီက မေတ္တာရဘို့လဲ ခက်လှတယ်။ လေကြောင်းကသာ အကူအညီမရဘူး။ လက်နက်ကြီးတွေသာ ကူပစ်မပေးရင် -ကရင်- ကရင်နီ- ချင်း -စစ်ကိုင်း -မကွေးက လူထုခုခံမှုတွေကို သူတို့ရင်မဆိုင်နိုင်တော့ဘူး။ လူထုကိ ချေမှုန်းဖို့နေနေသာသာ ဘယ်နယ်မြေမှာမှ သူတို့ မစိုးမိုးနိုင်တော့ဘူး။
၃။ အာဆီယံကပြောထားတဲ့ ဘုံသဘောတူညီထားချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ဖို့ ခက်တယ် (မအလ ဟာ အကျင့်အတိုင်း - လွယ်လွယ်ခေါင်းငြိမ့်ခဲ့ပြီး - လွယ်လွယ်ဂရုမစိုက်ပဲ နေလိုက်လို့ရမယ်အထင်နဲ့ မှားခဲ့တယ်) သူအားကိုးလို့ရပြီထင်တဲ့ အာဆီယံဥက္ကဌ ဟွန်ဆန် တက်လာချိန်မှာ ဟွန်ဆန်ကို အသုံးချဖို့ကြိုးစားတယ်။ သူ့လမ်းပြမြေပုံကို ၂၀၂၂ အာဆီယံအဝန်းအဝိုင်းထဲထည့်ပြီး မလိမ့်တပတ်သုံးဘို့ ကြိုးစားခဲ့ပေမယ့် အာဆီယံက ပါးနပ်ပြီး လက်မခံတော့ သူ့အကြံပျက်သွားတယ်။
၄။ အာဏာသိမ်း တနှစ်ကြာတဲ့တိုင် နိုင်ငံတကာအသိအမှတ်ပြုတာကို မခံရသေးဘူး။
၅။ ၈၈ တုန်းက လူထု - အခု ၂၀၂၁ လူထု အတူတူပါဆိုတဲ့ အမှတ်အသား အမှား-တွက်ချက်မှုအမှားနဲ့ စစ်တပ်ဟာ (တနှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မယ့်သဘော မူလကြေငြာချက်တုန်းက ထည့်ထားခဲ့တာ) နောက်ရွေးကောက်ပွဲမက်လုံးနဲ့ လူထုကို မျှားခေါ်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ လူထုကလိုက်ပါနိုင်ဖို့ လူထုယုံကြည်မှုရအောင် တည်ဆောက်နိုင်ဘို့ခက်တယ်။ ၂၀၁၀ သမတဦးသိန်းစိန်တက်လာပြီး စခဲ့တဲ့ မတိုးမတက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဟန်ပြအပစ်အခတ်ရပ်စဲရေးတွေကို အခုအာဏာသိမ်းချိန်မှာလဲ သူ့နိုင်ငံရေးထွက်ပေါက်တခုလို ဆက်ပြီးအသုံးချနေတုန်းပဲ။ ဆက်ကိုင်ထားတုန်း။ တိုင်းရင်းသားတော်လှန်အင်အားစုတွေနဲ့ တပြည်လုံး အပစ်အခတ်ရပ်ဆဲရေးဆိုတဲ့ NCA လမ်းကြောင်းဟာ အခုဖြစ်နေတဲ့ စစ်မီးလျှံ ဗုံးမိုးကျည်ဆံတွေကြားမှာ အသက်မဲ့ အနှစ်ကင်းမဲ့လှတယ်။ ၂၀၂၃ ပီအာစနစ်နဲ့ ရွေးကောက်ပွဲကို စစ်တပ်က ဖြစ်အောင်လုပ်ပြနိုင်ရင် စစ်တပ်အာဏာသိမ်းတာဟာ အောင်မြင်သွားတယ် ပြောကြရမှာပေါ့။ ဒါပေမယ့် စုပေါင်းခေါင်းဆောင် စုပေါင်းတာဝန်ယူမှုတွေနဲ့ လူထုတရပ်လုံးလိုက်ပါနေတဲ့ ပြည်သူ့ခုခံစစ်ကို ချေမှုန်းကျော်လွှားနိုင်မှ ရမယ်။ ဒါပေမယ့် ဒါကြီးက စစ်တပ်အတွက် မဟာအခက်အခဲ ဖြစ်နေပြီ။
၆။ တိုင်းပြည်စီးပွါးရေး အောင်မြင်အောင် ပြန်ကောင်းအောင်လုပ်ဖို့ မလွယ်ဘူး။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ တခုပြီးတခု တိုင်းပြည်ကထွက်ခွာနေတယ်။
၇။ လူထုကို တချိန်လုံး အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားသွားအောင် ဖန်တီးအုပ်ချုပ်ထားနိုင်ဖို့ ခက်တယ်။
၈။ မအလကိုယ်တိုင် ICC မှာ တရားစွဲခံနေရပြီ။ ICJ မှာ စစ်ကောင်စီက နိုင်ငံကိုယ်စားပြုခွင့် ရ/မရ ဖေဖော်ဝါရီ ၂၁ ကျရင် သိလာမယ်။
၉။ တပ်တွင်းဖရဲသီးတွေကြောင့် သူတို့အချင်းချင်း ယုံကြည်ဘို့လဲခက်၊ သတင်းအချက်အလက် မပေါက်ကြားအောင် ထိမ်းဘို့ခက်။ (တပ်ရင်းအလိုက် မပြိုကွဲသေးသမျှ ရသေးတယ်လို့ တယောက်က ထောက်ပြထားတာတော့ တွေ့မိတယ် )
စစ်ကောင်စီ အားကိုးချက် အားသာချက်တွေက ခေတ်မှီလက်နက် သာလွန်နေတာ။ ငွေကြေးသုံးစွဲနိုင်မှု သာ လွန်တာ။ Chain of command အမိန့်နာခံမှု ရှိသေးတာ။ ကျင့်ဝတ်မဲ့တဲ့ ကိုယ်ကျိုးကြည့် နိုင်ငံတချို့ဆီက အ ထောက်အပံ့တချို့ ရနေသေးတာ။ ဘယ်သူတက်တက် ငါတို့နဲ့မဆိုင်တဲ့ နိုင်ငံသား ကြားနေတချို့ ဘာသာရေး ခေါင်းဆောင်တချို့ နဲ့ စစ်ဝါဒီတချို့ကို အကာအကွယ်ယူနိုင်သေးတာ။ မြို့ကြီးတွေကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်သေးတာ။ စကစ ငွေဝင်လမ်းကြောင်းတွေကို ထိရောက်အောင် မပိတ်ဆို့နိုင်သေးတာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများဖက်က အားသာချက် အားနည်းချက်များဖြစ်တယ်။
ဆက်ပါရန်
ခွန်ဆိုင်း ( ၂၉-၁-၂၀၂၁ )
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar