လင်းလက်နွေဦး - လွတ်လပ်ရေးကျီး
လင်းလက်နွေဦး - လွတ်လပ်ရေးကျီး
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၁
ဆိုင်နီးနားချင်း အစ်မကြီး တစ်ယောက်က
‘ကျီးက လန့်ပြေးသွားတုန်း စာတွေက ဝင်စားတာပေါ့’လို့ ‘ကျီးလန့်စာစား’ကို ဘာသာပြန်ပြတယ်။
ဒါကို လူတတ်ကြီးလုပ်ပြီး ကျွန်တော်က ‘ကျီးတွေက အစာကောက် ရင် တောင်ကြည့်မြောက်ကြည့်
မျက်စိရှင်ရှင်ထားပြီး စားသောက်တတ်တယ်၊ ခေတ်ကာလ မကောင်းတဲ့အခါ လုပ်ကိုင်စားသောက်ရတာ
စိတ်အေးလက်သာ မရှိတာကြောင့် ကျီးငှက် အစာရှာသလိုပဲလို့ ဥပမာပြုတာပါ’ လို့ ဝင်ပြောလိုက်တယ်။
အဲသလို အလေ့ရှိတဲ့ ကျီးကန်းတွေ ထိတ်လန့်နေရင် ဘယ်လောက် ပြာပြာသလဲ ဖြစ်နေမလဲလို့ ထပ်ဖြည့်လိုက်သေးတယ်။
အဲတော့မှ အဲအစ်မကြီးက ‘အဲလို အဓိပ္ပါယ်လား၊ ငါ့ဖြင့် ခုမှ သိရတယ်’တဲ့။ အထင်ကြီးသလို
ရုပ်တည်ကြီးနဲ့ ချီးကျူးလိုက်တော့ ဘဝင်လေဟပ်သွားတာပေါ့။ ပြီးမှ၊ အင်း သူပြောတာလဲ မှန်တာပါပဲ၊
ကျီးတွေ လန့်ဖြန့်ပြီး ထွက်ပြေးတော့မှ စာတွေက အသာဝင်စားလိုက်တာမျိုး လည်း ဖြစ်နိုင်တာပဲလေ။
ခဲမမှန်ဘူးတဲ့ စာလူလည်တွေပေါ့။
ရောက်နေတဲ့ ရွာလေးက ‘သွားမစနဲ့ ကိုယ်လည်း
ဘာမှ လုပ်နိုင်တာ မဟုတ်ဘူး’၊ ‘အေးအေးချမ်းချမ်း ပဲ နေချင်တယ်’၊ ‘ဘာလုပ်မှာလဲ၊ အေးအေးနေစမ်းပါ’၊
‘ဟိုက တကယ်လုပ်မှာဗျ’၊ ‘ဖေ့ဘုတ်ပေါ် ဟိုတင် ဒီတင် နဲ့ ဇောင်းထနေတဲ့ကောင်တွေ ဝင်ဆွဲခံရပြီ’၊
‘ဟိုလူတွေက လွတ်မြောက်နယ်မြေ ရောက်နေပြီလေ’… အေးချမ်းနေတဲ့ ရွာလေး။ သူငယ်ချင်း အချင်းချင်းတောင်
စိတ်ချလက်ချ မယုံရတဲ့ ဒလန်တို့ရဲ့ အောင်မြေပေါ့ လေ။ တချို့က မချိတင်ကဲ ပြောကြတယ် ‘မဓာတ်ခံ
ကောင်းတဲ့ရွာ’တဲ့။ ဟိုမမီ ဒီမမီတွေကတော့ ကောင်းရောင်း ကောင်းဝယ်လုပ်စားလို့ ကောင်းတဲ့
ရွာပေါ့ကွာတဲ့လေ။ အင်းပေါ့လေ၊ ရောင်းဝယ်ဖောက်ကား မပျက်ဆိုတော့ အနီးနားက မြို့တွေထက်
ပိုစည်ကားနေတာပေါ့။ ရဲစခန်းကလည်း ရှေးကတည်းကဆိုတော့ ငြိမ်ဝပ်ပိပြားနေတာ ငါးပိငါးချဉ်ဖြစ်နေလောက်ပါပြီ။
ကျွန်တော်ကလည်း ငကြောက်ကိုး၊ ဒီတော့ ဒီလိုလူအုပ်ထဲ
အသာရောနေလိုက်တာပေါ့။ ဒါပေမယ့် လူစိမ်းလို ဖြစ်နေတာရယ်၊ ပွင့်ပွင့်လင်းလင်း ပြောတတ်တာရယ်၊
အရင်က အစိုးရဝန်ထမ်းမှန်း သိနေတာရယ် ကြောင့် သူတို့လောက် မကြောက်ဘူး၊ သတ္တိရှင်ကြီးလို့
ထင်နေကြတယ်။ တစ်နေ့က အိမ်တစ်အိမ် အလည် ရောက်သွားပါလေရော။ အိုမီခရွန်ကလည်း 'နာမည်လေးကအဆန်းသား'လောက်နဲ့
ကျေနပ်နေရတော့ သွားလာမပြတ်ပေါ့လေ။ အိမ်ရှင်လုပ်သူက ပြူးကြည့်နေတယ်။ 'ဆံပင်တွေအရှည်ကြီးနဲ့
သူပုန်ရုပ် ပေါက်နေ ပြီ'လို့ နှုတ်ခွန်းဆက်လာတယ်။ ကိုဗစ်ဒုတိယလှိုင်း အပုတ်ခံရပြီးနောက်ပိုင်း
မညှပ်ဘဲနေတော့ 'ပိုင်တံခွန်ရုပ်' ပေါက်နေတာပေါ့လေ။ တည်ခင်းတဲ့ ရေနွေးကြမ်းသောက်ရင်း
ပုဝါကာထားတာကြီး သတိထားမိပါတယ်။ လှန်ကြည့်စရာတော့ မလိုပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ပုံ
ဗီနိုင်းကြီးပါပဲ။
ဒါနဲ့ သက်ငယ်စကား သက်ကြီးတွေ ကြားရအောင်
ပြောပြလိုက်မိတယ်။
ရှေးတုန်းက ရုပ်ပွားတော်၊ ဆင်းတုတော်တွေ
အိမ်မှာ မကိုးကွယ်ရဆိုပြီး ပိတ်ပင်ထားတာ ရှိခဲ့တယ်။ ကိုးကွယ်လိုတဲ့သူတွေက ပုန်းလျှိုးကွယ်လျှိုး
ထားရတာပေါ့။ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ မချိတ်ရဲသလိုပေါ့ဗျာ။ အာဏာရူးဘုရင်က
ဒိထပ်တင်းကြပ်လာတော့ ရုပ်ပွားတော်တွေကို လွှင့်ပစ်ရ ဖျက်ဆီးရ လုပ်ရတာပေါ့။ တချို့က
ငရဲကြီးမှာ ကြောက်တော့ မြစ်ထဲ လွှင့်ပစ်ကြတယ်၊ မီးရှို့တာလောက်တော့ မဆိုး လောက်ဘူးလို့
တွက်ကြမှာပေါ့။ အဲတင် မြစ်ရေချိုးတဲ့ သတ္တိခဲမလေးတစ်ယောက်နဲ့ တွေ့ရော၊ မြစ်ထဲက ရုပ်ပွားတော်တွေ
အကုန်အိမ်ပင့်လာသတဲ့။ ရုပ်ပွားတော်တွေကလည်း သနားစရာဗျ၊ မြင်ယောင်မိတယ်၊ 'အိမ်တွင်တွေ့က
မိသားစုအားလုံး သေဒဏ်'လို့များ မောင်းခတ်ထားသလား မသိပါဘူး၊ မြစ်ထဲ လာ လာမျှော ကြတော့
မြစ်ကြောတလျှောက် တဖွေးဖွေးနေမှာပဲ။
အဲဒီမိန်းကလေး အဲလိုအိမ်ပင့်လာတာကို ဘယ်က
ဒလန် ချွန်တွန်းလုပ်သလဲ မသိပါဘူး၊ အာဏာရူး ကြီးက သိသွားပါလေရော။ အဲတော့ စခတို့ ရခတို့
လွှတ်ပြီး အဖမ်းခိုင်းတယ်ပေါ့။ မိန်းကလေးတစ်ယောက်ရဲ့ အာဏာဖီဆန်ခြင်းအပေါ် အရှက်ရော
အမျက်ပါထွက်တော့ 'နိုင်ငံတော်ပုန်ကန်မှု'မြောက်သွားတယ် ထင်ပါ တယ်။ 'ဒီ မိန်းမယုတ်ကို
မသေမချင်း ဆင်နင်း သတ်စေ'တဲ့၊ အာဏာပြတယ်နော်။
ဟိုက သတ္တိခဲ၊ အကြောက်တရားမရှိတဲ့သူဆိုတော့
ကြောက်တတ်တဲ့သူတွေက ပြန်ကြောက်ရတာ ပေါ့။ ဆင်က မနင်းဝံ့ဘူး။ ဒီတစ်ကောင် အသုံးမကျဘူး၊
နောက်ကောင် ထုတ်၊ နင်းခိုင်း။ စာထဲမှာတော့ သရဏဂုံအစွမ်းနဲ့ မေတ္တာရေချမ်းကြောင့်တဲ့။
တိရစ္ဆာန်ဆင်တွေက မနင်းကြတော့၊ ကောက်ရိုးတွေ ပုံ၊ မီးရှို့ သတ်ခိုင်းတယ်၊ အသက်မဲ့တဲ့
မီးက မစွဲဘူး။ ဒါကြောင့် ဘုရင်ဆိုးက အငြိုးတကြီးနဲ့ အရှင်လတ်လတ် မြေမြှုပ်သတ်မယ် လုပ်တော့တာပဲ။
သတ်မယ် ဖြတ်မယ် တကဲကဲသာ လုပ်နေတာ၊ သူခမျာ လန့်တော့ လန့်နေပြီရယ်။ ဟန်ကိုယ့်ဖို့ အသာထားပြီး၊
တရားမင်း လေသံနဲ့ 'နင့်ဆင်းတုတော်တွေ ကောင်းကင်ခရီး ဈာန်ယာဉ်စီးလာနိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရမယ်၊
မဟုတ်လို့ကတော့ အဲမြေကျင်းထဲမှာပဲ သေပေတော့' တဲ့လေ။
'ကတိသစ္စာ၊ တည်သောခါဝယ်၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' လို့တောင် ဆိုထားတာပဲ၊ အားကိုးစရာ သစ္စာတရား ရှိသေးတာပဲ။
မိန်းကလေးခမျာ၊ အားကိုးရာ ရှာတဲ့အနေနဲ့ 'သစ္စာ'ဆိုပါတယ်။ ဒိတင် အံ့ဖွယ်ဘနန်းပေါ့လေ၊
မိန်းကလေး ကိုးကွယ်ထားတဲ့ ဆင်းတုတော်တွေဟာ လေထဲ ကနေ ပျံဝဲပြီး ကြွချီတော်မူလာတယ်တဲ့။
အဲလို ဇာတ်သိမ်းတော့ အဒေါ်ကြီးက သိသားပဲ၊
အဲဒါ 'တလထော်'ဟဲ့။ ဗီနိုင်းကြီး လက်ညှိုးထိုးပြပြီး 'ဒါတော့ ဖွင့်ရဲပေါင် ကားလမ်းကနေ
အိမ်ထဲကြည့်လိုက်ရင် တန်းနေတာပဲ၊ နင် ယူသွားပါ့လား'တဲ့။ အမြတ်တနိုးကပ်ထားတဲ့ ဗီနိုင်းကြီး
ပေးလာပါတယ်။ ကြောက်ခတ်ကို မှောက်မပစ်နိုင်သူကြီးခမျာ နှုတ်ဆိတ် သွားရတယ်။ ခုခတ်ဆင်တွေက
ဆင်ကြံ ကြံနေကြတော့ ဘာဖြစ်ဖြစ် နင်းမှာရယ်။ ကိုယ်ကလည်း ဆင်မြင်တာ နဲ့ အီးထွက်နေလောက်ပြီ။
ခွာရှပ်တာနဲ့ အသက်ဘယ်က ထွက်ရမလဲ ဖြစ်နေလောက်ပြီ။ မအလပုံမြင်တာနဲ့ မေတ္တာက အလိုလို ခမ်း၊
နှုတ်လျှာပါကြမ်းနေတော့ မီးရှို့ရင်လည်း ဟုတ်ကနဲနေမှာ။ သရဏဂုံကလည်း မလုံ မခြုံဆိုတော့
ခလုတ်ထိမှ အမိ တတယ်ဆိုပြီး ဘယ်ဘုရားမှ ကြွမှာ မဟုတ်ဘူး။ ဒါကြောင့် 'ခေတ်ပြောင်းမှပဲ
အချစ်ဟောင်းနဲ့တွေ့ပေါ့ဗျာ' ဆိုပြီး အသာလစ်ထွက်လာခဲ့တယ်။
အိမ်ရောက်တော့လည်း အိမ်ထဲကနေ ဟိုကြည့်ဒီကြည့်
အကဲခတ်နေရသေးတယ်။ ဘယ်မှာ အေးချမ်းလို့လဲ။ ဘယ်မှာ လွတ်လပ်လို့လဲ။ ဪ... ဒီနေ့ပဲ လွတ်လပ်ရေးနေ့ဆို၊
မြင့်မြတ်တဲ့ အသက်တွေသာ ပေးဆပ်ခဲ့ရတယ်၊ ဘယ်မှာ လွတ်လပ်လို့လဲ။ နေ့ထူးနေ့မြတ်တွေက တစ်ရက်ပြီး
တစ်ရက် တိုးလာတာပဲ ရှိတယ်၊ ဘယ်မှာ လွတ်လပ်လို့လဲ။ ဒီတစ်ခါမှ မလွတ်လပ်ရင်တော့၊ လွတ်လပ်ရေးဆိုတဲ့
စာတန်းလေးကို တိတ်တိတ် ကလေးပဲ ကိုးကွယ်နေရမယ်။ တိဿဘုရင့်ခေတ်လိုပေါ့။
လင်းလက်နွေဦး
၄.၁.၂၀၂၂
ည ၉နာရီ ၃၀မိနစ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar