Breaking News

မောင်မောင်စိုး - မရာ မှတ်စု

မောင်မောင်စိုး - မရာ မှတ်စု
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၂၂

မရာလူမျိုးအား ချင်းပြည်နယ်ရှိ မျိုးနွယ်စု ၅၃ မျိုးတွင် မီရမ် ခေါ်  မရာဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။ မရာတို့ကတော့ မရာလူမျိုးဟုသာခေါ်သည်။ ချင်းလူမျိုးဟူ၍ ဖေါ်ပြမထားပေ။ မရာတို့သည် ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မရာလူမျိုးများနေထိုင်ကြပြီး မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဖွဲ့စည်းပေးထားသည်ကိုတွေ့ရသည်။ လက်ရှိ ချင်းပြည်နယ်တွင်းရှိ မရာလူမျိုးများသည် မြို့နယ်များကွဲပြားနေသည်ထက် မီဇိုရမ်ပြည်နယ်မှာကဲ့ သို့ သူတို့လူမျိုးများနေထိုင်ဒေသအား မရာ ဒေသအဖြစ် စုစည်းသတ်မှတ်ပေးရန် လိုလားကြသည်ကိုလည်းတွေ့ရသည်။ 

ခေတ်သစ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ၁၉၉၀ ခုနှစ်တွင် မရာလူထုပါတီ Mara People Party ကိုဖွဲ့စည်းပြီး ၁၉၉၀ ‌ရွေးကောက်ပွဲတွင် အမတ်နေရာ ၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မတူပီမြို့နယ်တွင် အမတ်တနေရာ အနိုင်ရခဲ့သည်။ ၁၉၉၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မရာလူထုပါတီသည် နဝတအစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ ၂၀၁၅ ၊ ၂၀၂၀ ရွေး ကောက်ပွဲများတွင် NLD ပါတီအား ထောက်ခံမှုရှိခဲ့သည်ကိုလည်း တွေ့ရသည်။ မရာလူမျိုးများထဲမှ NLD ပါတီထောက်ခံသူ၊ တက်ကြွလှုပ်ရှားသူအဖြစ် ဒေါက်တာဆာဆာအား လူသိများသည်။ 

၂၀၂၁ ချင်းပြည်နယ်လှုပ်ရှားမှုများတွင် မြို့နယ်အလိုက် CDF ဖွဲ့စည်းမှုများအပြင် ဇို၊ လောက်သူစသည့် မျိုးနွယ်စုအလိုက် ဖွဲ့စည်းသည်ကို တွေ့ရသည်။ ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထွက်ပေါ်လာသော ကြေညာချက်အရ မရာလူမျိုးတို့မှ မရာတပ်မတော်ဖွဲ့စည်းသည်ကို တွေ့ရသည်။ ၎င်းကြေညာချက်ပါ ဖေါ်ပြချက်များအရ မရာလူမျိုးများသည် ရှေ့ယခင်ကာလကထဲက မိမိလူမျိုး၏စော်ဘွား၊နယ်ပိုင်၊ရွာပိုင်များဖြင့် နေထိုင်လာခဲ့ကြပြီး အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၉၆ ခုနှစ် ချင်းအက်ဥပဒေ The Chin Hill Regulation Act ထွက်လာသည့်အခါတွင်လည်း မရာလူမျိုးများအပေါ် လွှမ်းခြုံနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ ရိုးရာဓလေ့ထုံးတမ်းများအတိုင်း ဆက်လက်ရပ်တည်နေထိုင်လာခဲ့ကြသည်ဟု ဆိုသည်။ 

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှစ၍ ၁၉၆၂ ထိ တိုက်နယ် ၄ ခုဖြင့် ခွဲခြားအုပ်ချုပ်ပြီး ၁၉၇၄ မှ ယခုထိ မတူပီ၊ ထန်တလန်၊ ပလက်ဝ မြို့နယ် ၃ ခုတွင် ပိုင်းခြားအုပ်ချုပ်ခံနေရသည်ဟုဆိုသည်။ ပြည်တွင်း နိုင်ငံရေး လမ်း ကြောင်းအရ ၁၉၆၀/၁၉၉၀ ရွေးကောက်ပွဲများတွင် မရာတို့ဝင်ရောက်ရွေးကောက်ခံပြီး အနိုင်ရခဲ့သူများရှိ‌သော် လည်း ၁၉၆၂ အာဏာသိမ်းမှုနှင့် ၁၉၉၀ ခုရွေးကောက်ပွဲအား အသိမှတ်မပြုမှုကြောင့် အချီးနှီးဖြစ်ခဲ့သည်ဟုဆိုသည်။ 

ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်တွင် မရာပြည်သူ့တပ်မတော် (MPA) ကို စတင်ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယနယ်စပ်တနေရာတွင် နအဖကိုယ်စားလည်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့သော်လည်း ရလဒ်မထွက်ခဲ့။ MPA လှုပ်ရှားမှုများလည်း ၂၀၁၂ ခုနှစ်တွင်ရပ်တန့်သွားခဲ့သည်ဟုဆိုသည်။ ၂၀၁၇ စက်တင်ဘာ ၃၀ တွင် ပြန်လည်စုစည်းပြီး မရာအမျိုးသားလွတ်မြောက်ရေးတပ်ဦး Mara National Liberation Front- MNLF နှင့် မရာအမျိုးသားတပ်မတော် Mara National Army - MNA ကို ပြန်လည်ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။ ၂၀၁၈/ ၁၉ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတခုနှင့်အဆက် အသွယ်ရခဲ့သည်ဟု ဆိုသည်။ ၂၀၂၀ စက်တင်ဘာ ၂၀ ရက်တွင် ပါတီအမည်အား Mara National Party- MNP မရာအမျိုးသားပါတီဟု ပြောင်းလဲခဲ့ပြီး တပ်အမည်အား မူလအတိုင်း MNA ဟု ဆက်လက်ထားရှိသည်ဟုဆို သည်။ ၂၀၂၁ ဖေဖဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်းလှုပ်ရှားမှုများအတွင်း MNDF Mara National Defense Force ဟု စက်တင်ဘာလအတွင်းပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် Mara Army မရာစစ်တပ်ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်ဟုဆိုသည်။ချင်းပြည်နယ်တွင် မြို့နယ်အလိုက် CDF များဖွဲ့စည်းရာမှ မျိုးနွယ်စုအလိုက်တပ်ဖွဲ့များ ဖွဲ့လာသည်ကို တွေ့ရသည်။ မရာစစ်တပ်အင်အား မည်မျှရှိသည်ကို မသိရပါ။ လူမှုကွန်ယက်တွင် တွေ့ရသော ပုံများအရ အင်အားအများအပြားတော့မတွေ့ရပေ။လက်ရှိတွင် Mara Army သည် CNF အပါ အဖွဲ့ ၁၆ ဖွဲ့ပါသော CJDC- Chinland Joint Defense Committee တွင် ပါဝင်ပုံမရ‌ပေ။ CDF Mara ကတော့ CJDC အောက်တွင်ရှိသည်ဟုဆိုသည်။ မရာလူမျိုးတို့အတွင်းတွင်လည်း မတူကွဲပြားသော သဘောထားများရှိပုံရသည်။ 

သူတို့စစ်ရေးရည်ရွယ်ချက်ထက် မရာလူမျိုးများ၏ဒေသကို သီးသန့်သတ်မှတ်ပေးပြီး သီးသန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသအဖြစ်ထားရှိလိုသည့် သူတို့၏နိုင်ငံရေးရည်ရွယ်ချက်က စိတ်ဝင်စားဖွယ်‌ကောင်းသည်။ One Chin ဦးတည်လှုပ်ရှားမှုနှင့် ဇို၊ လောက်သူ၊ မရာတို့၏စဉ်းစားမှုမှာ အနည်းငယ်ကွဲပြားပုံရသည်။ ချင်းပြည်နယ်အရေးအား ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တချက်ဖြစ်ပုံရသည်။ ချင်းပြည်နယ်ရှိ အုပ်ချုပ်ရေးနယ်မြေများသတ်မှတ်ရာတွင် မျိုးနွယ်စုအလိုက်နေထိုင်သည့်အခြေခံပေါ်မှ နယ်မြေပိုင်းခြားသတ်မှတ်ရန် လိုအပ်သလော စဉ်းစားဖွယ်ဖြစ်သည်။ 

လက်တွေ့မြေပြင်တွင် ဤသို့သတ်မှတ်သည်က လွယ်ကူအဆင်ပြေစေမည်လော၊ ပဋိပက္ခများပိုတိုးလာမည်လောဆိုသည်ကို လေ့လာသုံးသပ်သင့်သည်။ မျိုးနွယ်စုအလိုက် အုပ်ချုပ်ရေးနယ်မြေများသတ်မှတ်ပြီး ချင်းဖက်ဒရယ်ပြည်နယ် Federated Chin State ဖွဲ့စည်းခြင်းသည် ချင်းပြည်နယ်အတွက် သင့်တော်သည့်ပုံစံလော စဉ်းစားဖွယ်ဖြစ်သည်။ ချင်းပြည်ရှိ မျိုးနွယ်အလိုက် ကွဲပြားမှု၊ စုစည်းမှုများမှာ ရှည်လျားသောသမိုင်းကြောင်းရှိပေရာ မိမိလက် လှမ်းမမှီသည့် ကိစ္စရပ်များစွာရှိနေပေသေးသည်။ ချင်းပြည်နယ်အပါ တိုင်းရင်းသားအရေးနှင့်ပတ်သက်ရန် လေ့လာရန်များစွာလိုအပ်နေပါသေးသည်။ 

မောင်မောင်စိုး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar