Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၄ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၄ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၁

မလွတ်လပ်မှုအောက်က လွတ်လပ်ရေးနေ့

ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပြီး ဆယ်စုနှစ်များစွာ လွတ်လပ်ရေးနေ့ မှာ မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေရွာတွေမှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ ဖြစ်တဲ့ အပြေးပြိုင်တာ၊ ချောတိုင်တက်တာ စတဲ့ ကစားနည်းတွေကို မြို့တွေ လမ်းတွေပေါ်မှာ ကစားကြပြိုင်ကြ ဆုပေးကြတာ နှစ်စဥ်လိုလို မြင်ကွင်းဖြစ်ပေမယ့် အခုနှစ် လွတ်လပ်ရေးနေ့မှာတော့ ရန်ကုန်မြို့အပါအဝင် မြို့ရွာတွေမှာ လွတ်လပ်ရေးနေ့ မဟုတ်သလို သာမန်ရုံးပိတ်ရက် တရက်လိုသာမြင်တွေ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၁ လလောက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေ သတ်ဖြတ်မှုတွေ အကျဥ်းချမှုတွေက လွတ်လပ်ရေးဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အနေအထားဖြစ်တာမို့ လွတ်လပ်ရေးနေ့ ဆိုတာကို ဘယ်သူမှ မခံစားနိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်သလို၊ မြို့တွေမှာ တက်ကြွလှုပ်ရှားသူ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်၊ မြို့နေလူထုစွန့်ခွာသွားတဲ့ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ပြီး နေအိမ်တွေ ထပ်မံမီးလောင်နေတာလည်း ဖြစ်ပါတယ်။ ဒီလို လတ်တလော အခြေအနေက မြန်မာပြည်က မလွတ်လပ်ဘူးဆိုတာကို ပေါ်လွင်စေတာဖြစ်ပါတယ်။ နိုင်ငံတဝှမ်းဖမ်းဆီးခံထားရသူ ထောင်နဲ့ သောင်းနဲ့ချီရှိနေချိန်၊ စစ်ကြောရေးလိုမျိုးမှာ ရာဂဏန်းနဲ့ချီ ရိုက်နှက်ညှင်းပန်း နှိပ်စက်ခံနေရချိန် လွတ်လပ်ရေးဆိုတဲ့ စကားလုံးဟာ မဆီလျော်တော့တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းဖြစ်ပြီးနောက် ဒီမိုကရေစီအရေးကြိုးပမ်းမှု လှုပ်ရှားမှုကို ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှု အဖြစ်တင်စားခေါ်ဝေါ်ခဲ့ကြဖူးသလို အခုက အဆိုပါ ဒုတိယလွတ်လပ်ရေးကြိုးပမ်းမှုရဲ့ အဆက်လို့ဆိုရမလား တတိယလွတ်လပ်ရေး ကြိုးပမ်းမှုလို့ တင်စားရမလား မပြောတတ်အောင် မြန်မာနိုင်ငံရဲ့ သမိုင်းက အဆိုးသံသရာ တကျော့ပြန်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ဒီနေ့ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကတော့ လွတ်လပ်ရေးနေ့ သပိတ်တွေ မန္တလေးမြို့မှာ လုပ်ဆောင်ခဲ့ကြတဲ့ သတင်း၊ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေက စစ်ကိုင်းတိုင်း ရွှေဘို ဝက်လက်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့မှာ တနေရာမက ဖြစ်ပွားခဲ့တဲ့ သတင်း၊ ယခင် မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဇနီးနဲ့ သားကို မနေ့က စစ်တပ်နဲ့ ဝင်စီးပြီးဖမ်းဆီးသွားတဲ့သတင်း ၊ စစ်တပ်ပိုင်စက်ရုံတွေကထုတ်လုပ်တဲ့ ဘီယာတွေ နဲ့ ကုန်ပစ္စည်းတွေမရောင်းဖို့ ကချင်ပြည်နယ်မြစ်ကြီးနားမှာ ကေအိုင်အေက စာထုတ်ပြီး သတိပေးထားတယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။

ပျောက်ကြားသပိတ်လို့ ခေါ်ဆိုမယ့် လျှပ်တပျက် ဆန္ဒပြသပိတ်မှောက်တာတွေ မန္တလေးမြို့မှာ အပတ်စဥ် တခါတရံနေ့စဥ်လိုလို ရှိနေခဲ့ပြီး ဒီနေ့ လွတ်လပ်ရေးနေ့မှာလည်း လွတ်လပ်ရေးသပိတ်အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လူငယ်တက်ကြွလှုပ်ရှားသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ရပ်တန့်သွားပြီလို့ မဆိုနိုင်အောင် နေ့ရက်ဆက်၍ သော်လည်းကောင်း သီတင်းပတ်တိုင်း တနေရာမဟုတ် တနေရာမှာ ပြဖို့ လှုပ်ရှားမှုကို ထိန်းသိမ်းထားကြတာလည်း ဖြစ်ပါတယ်။

နောက်သတင်းတပုဒ်ကတော့ စစ်ကောင်စီလေတပ်က နေ့စဥ်လိုလို မြန်မာနိုင်ငံရဲ့ တနေရာ သို့မဟုတ် တနေရာမက ပစ်ခတ်တာ တခါတရံ ဗုံးကြဲတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ယမန်နေ့ကတော့ ရွှေဘိုအနီးက ဝက်လက်မြို့နယ် ကျေးရွာတချို့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ဖာပွန်ခရိုင်က ကျေးရွာတရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ ဆေးခန်းတခန်း ပျက်စီးခဲ့ရတယ်လို့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက လေးကေကော် ဒေသမှာ တိုက်ပွဲဖြစ်ပွားစဥ်ကတည်း လေကြောင်းက ဗုံးကြဲတာ ပစ်ခတ်တာတွေရှိခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာပါ။

နောက်သတင်းတပုဒ်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ စစ်တပ်နဲ့ အကျိုးတူလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မရောင်းချဖို့ မသယ်ဆောင်ဖို့ တားမြစ်ကြောင်း ကေအိုင်အေက အမိန့်ထုတ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ စစ်တပ်ကို စီးပွားရေးအရ ပိတ်ဆို့မှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထပ်မံပါဝင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက TNLA က အလားတူအမိန့်မျိုး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။


Photo - Myanmar's military government has increasingly deployed helicopters as anti-coup militias sprung up across the country [File: Ye Aung Thu/AFP]

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar