Breaking News

ဇင်ယော်နီ - လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ -၅ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီများခရီးအတွေ့အကြုံ)

သစ်ပင်တောတောင် သဘာဝကို ဂရုစိုက်ထိန်းသိမ်းသော နော်ဝေနိုင်ငံတနေရာ ...

လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ - ၅
ဇင်ယော်နီ
(မိုးမခ) ဇန်နဝါရီ ၅ ၊ ၂၀၂၂

(၃၄)

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ စာရေးသူတည်းခိုခဲ့တာ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှာပါ။ အဲဒီက ဦးဇင်းလေးက ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားပြရမယ်လို့ပြောပါတယ်။

တပည့်တော် ဘာကူညီပေးရပါမလဲဘုရား လို့ လျှောက်တော့ ဘာမှ မလိုဘူးတဲ့၊ ခဏနေရင် တက္ကစီက လာခေါ်မှာတဲ့ ...။
ဪ ....တက္ကစီခေါ်ထားတာလားဆိုတော့ မဟုတ်ဘူးတဲ့၊ ဆေးရုံကလွှတ်ပေးမယ့်တက္ကစီပါတဲ့။ 
သူတို့ဆီမှာက လူနာတယောက်ဆေးရုံကိုသွားရမယ်ဆိုရင် ဆေးရုံက တက္ကစီလွှတ်ပေးပါသတဲ့။ မထူမထနိုင်တဲ့လူနာ၊ လမ်းမလျှောက်နိုင်တဲ့လူနာဖြစ်နေရင်လည်း ဝှီးချဲတို့ ထမ်းစင်တို့၊ ကူညီပေးမယ့်လူတို့အပြည့်စုံထည့်ပေးလိုက်တာပါတဲ့။
ပြီးတော့ ... 
ဆေးရုံတက်ရရင်လည်း ဘယ်မိသားစုဆွေမျိုးသားချင်းမှ လူနာလိုက်စောင့်ပေးစရာ မလိုပါဘူးတဲ့။ မလိုဘူးဆိုတာ စောင့်ခွင့်ကို မရှိတာဆိုပဲ။
ဒါ့အပြင် မိသားစုက လူနာအတွက် အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်တွေ ဘာမှ စီစဉ်ပေးစရာ မလိုပါဘူးတဲ့။

ပြင်ပက အစားအသောက် အသုံးအဆောင်တွေကို စားသောက်သုံးဆောင်ခွင့်မရှိဘဲ လူနာရဲ့ရောဂါအခြေအနေအပေါ်မူတည်ပြီး သင့်လျော်ရာ အစားအစာတွေကို ဆေးရုံကပဲ စီစဉ်ပေးပါသတဲ့။ လူနာစောင့်အဖြစ်လည်း ဆေးရုံကပဲ သူနာပြုတွေ စီစဉ်ပေးထားပြီး ဆေးတိုက် ဆေးထည့် ဆေးထိုး လိုအပ်တဲ့ ပြုစုမှုတွေ အားလုံး ပြုလုပ်ပေးပါသတဲ့။

မိသားစုဝင်တွေရဲ့ ပြုစုစောင့်ရှောက်မှုထက်စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကသာ လူနာကို ပြုစုစောင့်ရှောက်ကြရတာဖြစ်ပါတယ်။
သူတို့ဆီမှာ လူတယောက်ရဲ့ကျန်းမာရေးကို နိုင်ငံတော်က ဘယ်လိုအပြည့်အဝ တာဝန်ယူစောင့်ရှောက်ပေးကြောင်းတွေကို ပြောရင်းနဲ့ အဲဒီဦးဇင်းလေးက ...

ဒီမှာက လူတယောက်မကျန်းမာရင် အစိုးရက တာဝန်ယူတယ်။ တခုရှိတာက ဘာရောဂါတွေပဲဖြစ်ဖြစ် ချက် ချင်းမကုသေးဘဲ လိုအပ်တဲ့ စစ်ဆေးစမ်း သပ်မှုတွေကို အချိန်အတော်ယူလေ့ရှိတယ်။ အဲဒီကာလအတော အတွင်းမှာ ရေပဲလှိမ့်သောက်ခိုင်းနေတော့တာပဲ။
ဦးဇင်းကိုဆိုရင် သူတို့အကြိမ်ကြိမ်စမ်းသပ်ပေးနေတာ နှစ်လလောက်ရှိပြီ။ ဘာဆေးတလုံးမှ မထိုးသေးမတိုက်သေးဘူး။ 
တနေ့တနေ့ကို ရေဘယ်လောက်ကုန်အောင်သောက်ရမယ်လို့ပဲ မှာထားတယ်။

မြန်မာတယောက်နေရာက ရုတ်တရက်ကြည့်ရင်တော့ အတော်ဒေါသထွက်စရာပါပဲ။ ဦးဇင်း‌တို့မြန်မာတွေကကျတော့ ခေါင်းပဲကိုက်ကိုက်၊ ဗိုက်ပဲနာနာ ဘာရောဂါပဲဖြစ်ဖြစ် ဆရာဝန်က ချက်ချင်းဆေးထိုးအပ်ကြီးကိုင်ပြီး ထိုးလိုက်မှ၊ ရော ... ဒီဆေးဒီဆေးတွေကိုသောက်ဆိုပြီး ဆေးတွေ လက်တဆုပ်လောက်ကြီးပေးလိုက်မှ ကုသတယ်လို့အစွဲဖြစ်နေကြတာကိုး ....။
ဒီမှာကတော့ ဘာရောဂါပဲဖြစ်ဖြစ် ရေဟာအကောင်းဆုံးသောကုထုံးပဲဆိုပြီး ရေတွေချည်းလှိမ့်သောက်ခိုင်းနေတော့တာပါပဲလို့ ရယ်ကျဲကျဲလေးနဲ့ မိန့်ပါတယ်။

(၃၅)

ဒီနေရာမှာ စကားစပ်လို့ တရုတ်ပြည်တုန်းက ကျန်းမာရေးအတွေ့အကြုံကို ပြောပြချင်ပါသေးတယ်။
စာရေးသူတို့ရဲ့ ခရီးဖော်တဦးက ဆီးချိုရောဂါရှိလို့ မကြာခဏအင်ဆူလင်ဆိုတဲ့ဆေးကို ထိုးရပါတယ်။
စောစောပိုင်းမှာ ဆေးထိုးဖို့လိုအပ်လာရင် သူနာပြုကိုခေါပြီး ထိုးတယ်။ နောက်ပိုင်းကျတော့ သူ့အမျိုးသမီးက ထိုးထိုးပေးပါတယ်။
အခု တရုတ်ပြည်ခရီးမှာဆီးချိုတွေတက်တော့ အင်ဆူလင်ထိုးဖို့ အခက်ကြုံပါလေရော...။ သူကိုယ်တိုင်ကကျ အပ်မြင်ရင်တောင်ကြောက်တတ်သူမို့ မထိုးရဲဘူးတဲ့။ ခရီးဖော်တွေထဲမှာကလည်း ဆေးထိုးတတ်သူ အတွေ့အကြုံရှိသူက တဦးမှပါမလာဘူး။

နယ်ခံတရုတ်တွေကိုအကူအညီတောင်းတော့လည်း သူတို့ဆီမှာ တင်းကြပ်စွာတားမြစ်ထားတဲ့ကိစ္စမို့ ဘယ်သူမှထိုးမပေးရဲဘူး။ ဆေးရုံကို သွားမှရမှာလို့ ပြောကြပါတယ်။ ဟွန့် ....မြန်မာနိုင်ငံမှာဆို ဆီးချိုတက်လို့ အင်ဆူလင်ထိုးကြတယ်ဆိုတာဟာ ဆေးရုံသွားရမယ့်ကိစ္စမျိုးမှမဟုတ်ဘဲ။ ထမင်းစားရေသောက်သလို ထိုးနေကြတာပဲဟာ ... ။

ဒါဖြင့် အနီးဆုံးဆေးခန်းတခန်းကိုပို့ပေးပါဆိုတော့ ဒီမှာ ပုဂ္ဂလိကဆေးခန်း‌တွေ လုံးဝမရှိပါဘူးတဲ့။ အစိုးရဆေး ရုံက လွဲလို့ ဘယ်မှာမှ ဆေးကုသခွင့်မရှိပါဘူးတဲ့။
အဲဒါကိုချိုးဖောက်ရင် သေဒဏ်အထိကျခံရနိုင်တယ်ဆိုပဲ။
အဲဒါနဲ့ပဲ အစိုးရဆေးရုံကိုသွားပြီး တန်းစီစာရင်းယူပြီး အင်ဆူလင်ထိုးခဲ့ရပါတယ်။
အဲဒါလေးကကျတော့ ကွန်မြူနစ်တိုင်းပြည်ဖြစ်တဲ့တရုတ်နိုင်ငံမှာကြုံခဲ့ရတဲ့ ကျန်းမာရေးကိစ္စအတွေ့အကြုံလေး ဖြစ်ပါတယ်။

(၃၆)

ဆက်လက်ပြီး ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ကျန်းမာရေးလောကကို လှမ်းမြင်လိုက်ရတာလေးတခုပြောပြလိုပါတယ်။

တခါက ဗေဒင်နဲ့ပတ်သက်တဲ့အက်ပလီကေးရှင်းလေးတခုလုပ်ဖို့စုံစမ်းကြည့်တဲ့အခါ အိန္ဒိယကပညာရှင်တွေက နမူနာအက်ပလီကေးရှင်းတွေ ပြပါတယ်။ အဲဒါတွေက သူတို့ဆီကသမားတော်ကြီးတွေရဲ့အက်ပလီကေးရှင်းတွေပါ။

တပတ်တာအတွင်းမှာ ဘယ်နေ့တွေဆို မနက်ဘယ်နှနာရီက ဘယ်နှနာရီ၊ ဘယ်နေ့တွေကျတော့ ညနေဘယ်နှနာရီအတွင်း ဆရာဝန်ကြီးနဲ့တွေ့ဆုံဖို့ စာရင်းသွင်းနိုင်ပါသည်ဆိုတာမျိုးပါ။
အဲဒီမှာ ဆရာဝန်ကြီးနဲ့ဆယ်မိနစ်စကားပြောမှာလား၊ ဆယ့်ငါးမိနစ်စကားပြောမှာလား စသည်ဖြင့် ငွေကြေးနှုန်းထားတွေကလည်း သတ်မှတ်ထားပါတယ်။ 
ဆရာဝန်ကြီးက လူနာနဲ့ အွန်လိုင်းပေါ်မှာတွေ့ပြီး ရောဂါအခြေအနေမေးမြန်းမယ်။ လိုအပ်တာတွေ စစ်ဆေးခိုင်းမယ်၊ နောက်တကြိမ်ချိန်းဆိုကြပြီး ဆေးစစ်ချက်အဖြေ‌တွေကိုကြည့်မယ်။ လိုအပ်တဲ့ဆေးတွေညွှန်မယ်။ ဒါမှမဟုတ် ဘယ်ဆေးရုံမှာ ဘယ်လိုကုသပါလို့ လမ်းညွှန်မယ် ....စသည်ဖြင့်ပေါ့လေ ....။

အဲဒါလေးကလည်း အွန်လိုင်းတခေတ် ဖြစ်လာချိန်မှာ အိန္ဒိယရဲ့ ကျန်းမာရေးလောကမှာ အွန်လိုင်းကို ဘယ်လိုအသုံးချနေကြပြီဆိုတာလေးတစေ့ တစောင်းပါခင်ဗျာ ... ။

(၃၇)

တဆက်တည်း ခေါင်းထဲမှာ ပြန်ပေါ်လာတဲ့ ထိုင်းနိုင်ငံက ဆေးကုသမှုဆိုင်ရာအတွေ့အကြုံလေးလည်း မျှဝေလိုပါတယ်။

စာရေးသူတို့ရဲ့ဆရာကြီး အဘမင်းသိင်္ခနှလုံးသွေးကြောကျဉ်းရောဂါကိုအကြောင်းပြုပြီး ထိုင်းနိုင်ငံကိုဆေးသွားကုခဲ့စဉ်က ဖြစ်ပါတယ်။

ထိုင်းမှာကတော့ ကမ္ဘာအထိလက်တံဆန့်ထားတဲ့ပုဂ္ဂလိကဆေးရုံကြီးတွေက သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။ အာရပ်ဘက်က ရေနံသူဌေးတွေတောင်ကျန် းမာရေးကိစ္စဆိုရင် ထိုင်းကိုရောက်လာတတ်ကြပါသတဲ့။

တခေတ်တခါတုန်းကကျတော့ ပိုက်ဆံချမ်းသာတဲ့ထိုင်းသူဌေးတွေဟာ မြန်မာနိုင်ငံကိုလာပြီး ကုသမှုခံယူခဲ့ကြတာလို့လည်း အောက်တမေ့မေ့ပြန်ပြောကြပါတယ်။ အခုတော့ ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။

ထိုင်းကဆေးရုံကြီးတရုံမှာ အဘဆရာကြီးမင်းသိင်္ခဆေးကုသမှုခံယူတော့ ရောဂါအလိုက်ကျွမ်းကျင်သူပါရဂူကြီး အနည်းဆုံး ၅ ယောက်လောက်က လူ နာကိုအသီးသီးစစ်ဆေးကြပါတယ်။
ပြီးတော့မှ အဲဒီပါရဂူကြီး ၅ ယောက် ၆ ယောက်ဟာ စားပွဲဝိုင်းမှာမျက်နှာချင်းဆိုင်ဝိုင်းထိုင်ကြပြီး သူတို့အသီးသီးရဲ့တွေ့ရှိချက်တွေကို ဖလှယ်ကြ၊ ဆွေး နွေးနှီးနှောကြပါသတဲ့။

လူနာတဦးကို ဆေးကုသရာမှာ စစ်ပွဲတပွဲလိုသဘောထားပြီး ခင်ဗျားက အဲဒီဆေးပေးရင် ကျုပ်ဘက်က ဒီလိုလုပ်မှဖြစ်မှာ။
ဟိုပါရဂူကြီးရဲ့ ကုသချက်က နှလုံးကို အဲသလိုကုရင် ကျောက်ကပ်မှာ ဒီလိုဖြစ်လာနိုင်တယ်။ ကျောက်ကပ်ကို အဲသလိုကုရင် ‌သွေးကို ဒီလိုထိန်းမှဖြစ်မယ် ..... စသည် စသည်ဖြင့် ရောဂါဗေဒ ပါရဂူကြီးတွေ ခေါင်းချင်းရိုက် ညှိနှိုင်းတိုင်ပင်ပြီးမှ ဆေးကုသမှု ပြုကြတာလို့ သိခဲ့ရပါတယ်။

ဆေးပညာရှင်တစ်ဦးရဲ့အမြင်မဟုတ်ပါ။ သာမန်အရပ်သားတစ်ဦးက အရပ်သားလို တွေ့မြင်ကြားသိခဲ့တာကို ဖောက်သည်ချလိုက်ခြင်းသာဖြစ်ပါတယ်။

(၃၈)

တရက်မှာတော့ နော်ဝေတခွင် ခရီးစဉ်အတွင်းမှာ လမ်းဘေးမှာ မျက်စိတဆုံးလယ်ကွင်းပြင်ကြီးကို တွေ့ရပါတယ်။

တနေရာမှာ အိမ်ကလေး သုံးလုံးလောက်တွေ့ပါတယ်။ သူတို့ဆီက လယ်တောအိမ်ကလေးပေါ့။
အိမ်တလုံးကတော့ဖြင့် အိမ်အဆောက်အဦမဟုတ်ဘဲ ကွန်တိန်နာတလုံးကို ချထားတာဖြစ်ပါတယ်။

ခရီးသွားမိသားစုတစုဟာ အဲဒီကွန်တင်နာက ပြတင်းပေါက်ကိုဖွင့်ပြီး အာလူးတွေ ယူနေကြတာကို တွေ့ရပါတယ်။
သူတို့ဈေးဝယ်နေကြတာပါတဲ့ ...။

ကွန်တိန်နာရဲ့ နံရံမှာ ဘယ်ပစ္စည်းက ဘယ်ဈေးနှုန်း၊ ဖုန်းပေါ်ကနေ ဘယ်လို ငွေချေနိုင်ကြောင်း စာရေးပြီး ကပ်ထားပါတယ်။

အဲဒီနေရာမှာ ဘယ် ဈေးရောင်းသူမှ ရှိမနေပါဘူး။
ခရီးသွားတွေဟာ ဈေးဝယ်ချင်ရင် အဝေးပြေးလမ်းမကြီးပေါ်ကနေ လယ်တောတွေဘက် ချိုးဝင်လာ၊ အဲဒီလို ကွန်တိန်နာမှာ ထည့်ထားတဲ့ လယ်တောထွက် အသီးအနှံတွေကို မိမိနှစ်သက်သလောက် ယူဆောင်ပြီး ဖုန်းထဲကတစ်ဆင့် ငွေပေးချေလိုက်ကြတာပါ။

အဲဒီ ရောင်းသူမဲ့လယ်တောဆိုင်ကလေးကို အထူးအဆန်းအနေနဲ့ စာရေးသူက အွန်လိုင်းပေါ်မှာ live လွှင့်ပြတဲ့အခါ ဝင်ကြည့်သူပေါင်းသိန်းဂဏန်းဖြစ်သွားခဲ့ပါတယ်။

ဪ ... နော်ဝေသူနော်ဝေသားတွေ၊ ဥရောပသားတွေ စိတ်ထားကြီးမြတ်ရိုးဖြောင့်လှကြပါလားလို့လည်း တွေးမိကြပါတယ်။

သူတို့ဆီမှာက ဘာသီလမှလည်းမခံယူ၊ ဘာသစ္စာမှလည်း ဆိုမထား၊ ဘာကတိကဝတ်တွေမှ ပေးမထားကြပေမဲ့ သူတို့ရဲ့ပြုမူနေထိုင်ကျင့်ကြံခံယူ ရှင်သန်မှုတွေဟာ ဗုဒ္ဓရှင်တော်မြတ်အလိုကျ ငြိမ်းချမ်းနေကြပါလားလို့လည်း သတိပြုမိလိုက်ပါတယ်။

နောက်ပိုင်းမှာတော့ ဘာတခုတွေးမိသွားသလဲဆိုရင် သူတို့လို့အခြေအနေမျိုးမှာသာဆိုရင် မြန်မာတိုင်းရင်းသားတွေက အဲဒီထက်တောင်အဆပေါင်းများစွာ ဖြူစင်ရိုးဖြောင့်ကြီးမြတ်နိုင်မယ်ဆိုတာကိုပါပဲ။

သူတို့ဆီမှာက ကိုယ်ရထားတဲ့အလုပ်တခုကိုသာ ပုံမှန်လေးသာ လုပ်နေ၊ လူတန်းစေ့ စားနိုင်ဝတ်နိုင်နေနိုင်နေကြတာပါ။ 
မချမ်းသာရင်တောင် မဆင်းရဲ မငတ်မွတ်နိုင်ပါဘူး။

မကျန်းမာဘူးလား၊ မပူနဲ့၊ နိုင်ငံတော်က ကုသပေးမှာ ...။
ကလေးတွေပညာရေးလား၊ မပူနဲ့၊ နိုင်ငံတော်က တာဝန်ယူထားတာ ...။
အသက်ကြီးလာရင်လည်း နိုင်ငံတော်က ထောက်ပံ့ပေးထားမှာ ....။

အကြောင်းကြောင်းကြောင့် အလုပ်မရှိသေးသူတွေ၊ နေရာထိုင်ခင်းအဆင်မပြေသူတွေ၊ ပြည်ပကခိုလှုံလာသူမျိုးတွေဆိုရင်လည်း ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့အခြေအနေကိုမရောက်မချင်း အစိုးရကနေစရာပေးထားတယ်။ စားစရာပေးထားတယ်။

မချင့်မရဲနဲ့ပြုံးလိုက်မိတာက ဘယ်လောက်အထိတောင်လဲဆိုရင် အစိုးရကတာဝန်ယူပေးထားသူတဦးအတွက်လူလိုသူလို မနက်စာ၊ နေ့လယ်စာ၊ ညစာ
စားရိတ်တွက်ပြီးထုတ်ပေးတဲ့အပြင် ...ဆပ်ပြာဖိုး၊ အဝတ်အစားဖိုး၊ ဆေးဖိုး ....စတာတွေကိုတွက်ချက်ပြီးထုတ်ပေးသေးတဲ့အပြင် ...နှစ်လတခါ ဆံပင်ညှပ်ရဦးမှာဆိုတာအထိပါ အသေးစိတ်စဉ်းစားပြီး ထောက်ပံ့ပေးတယ်ဆိုတာပါပဲ။

အဲဒီတော့ကာ သူတို့ဆီမှာက ဘယ်သူ့ကိုမှ၊ ဘယ်ပတ်ဝန်းကျင်ကိုမှသာမထိခိုက်စေနဲ့၊ အနှောက်အယှက်မဖြစ်စေနဲ့၊ လူလိုသူလိုကောင်းကောင်းမွန်မွန်သာ နေလို့ကတော့ အစစအရာရာပူစရာမလိုအောင် အစိုးရကတာဝန်ယူထားတဲ့သဘောလေ ...။

လူတဦးဟာ လုပ်အားခထဲကနေ နင့်ခနဲနေအောင် အခွန်တွေထမ်းထားကြရပေမဲ့ အဲသလိုထမ်းထားရတာနဲ့ ထိုက်တန်အောင်ပြန်ရမယ့်အခွင့်အရေးတွေကလည်းရှိနေလေတော့ ပျော်ပျော်ကြီးအခွန်ထမ်းကြရုံပါပဲ။ 

အခွန်သာထမ်းလိုက်ရပြီး ပြည်သူ့ဆီအဖျားအနားလောက်တောင်ပြန်မရောက်ချင်တဲ့ အဂတိမင်းမူတဲ့တိုင်းပြည်တွေမှာကတော့ အခွန်ကိုနည်းမျိုးစုံနဲ့ ရှောင်ကြတာလည်းမဆန်းလှပါဘူး။ အိုးကအရွဲ့ဆိုတော့ စလောင်းတွေလည်း ရွဲ့ကုန်ရတဲ့သဘောပါ။

ရောင်းသူမဲ့လယ်တောဆိုင်ကလေးကိုတအံ့တဩဖြစ်ကြတယ်။
တကယ်ကတော့ သူတို့ဆီမှာ ထမင်းတဆုပ်၊ အာလူးတထုပ်ဆိုတာမျိုးက ခိုးစရာမှ မလိုတာ ...။
အဲဒီအတွက်လည်း အဲသလောက်တန်ဖိုးအတွက်က အလိုလိုရိုးသားနေကြပြီးဖြစ်နေတာလို့ ကောက်ချက်ချမိပါတယ်။

တကယ်ဆိုရင် မြန်မာတိုင်းရင်းသားတွေဟာ ကိုယ်စားမယ့်အထဲကတောင်ဖဲ့ပြီး ကျွေးချင်မွေးချင်ကြသူတွေပါ။
တစ်မူးရလို့ တစ်ပဲလှူဆိုပြီး ဘယ်လိုဘယ်လို လှူရတန်းရမလဲလို့ အမြဲနှလုံးသွင်းနေကြသူတွေပါ။

ဘယ်မှာ ရေဘေးတဲ့ဟေ့၊ ဘယ်မှာမီးဘေးတဲ့ဟေ့၊ ဘယ်မှာစစ်ဘေးတဲ့ဟေ့ဆိုရင် ... 
ကိုယ်က အဆင်ပြေမနေရင်တောင်မှ ကိုယ့်ထက်ဒုက္ခ‌ကြီးနေကြပါလားလို့ကရုဏာသက်ပြီး ဒုက္ခကိုမျှဝေခံစားတတ်တဲ့ လူမျိုးပါ။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေသာ အဂတိကင်းကင်း၊ အရည်အချင်းပြည့်ပြည့်၊ ကောင်းမြတ်သော စိတ်စေတနာ မနောတွေ ရှိနေကြည့်စမ်းပါ .....။ 

တိုင်းပြည်သာ ငြိမ်းချမ်းသာယာ ဝပြောကြည့်စမ်းပါ ....။

စိတ်ရင်းစေတနာကောင်းတဲ့ မြန်မာတွေ၊ စိတ်ထားကြီးမြတ် အထက်တန်းကျပြီးသား မြန်မာတွေ၊ ဉာဏ်ကြီးတဲ့ မြန်မာတွေ၊ အကြံကြီးတဲ့ မြန်မာတွေ၊ မာန်ကြီးတဲ့မြန်မာတွေ၊ ဇွဲနပဲကြီးတဲ့မြန်မာတွေ၊ လုံ့လဝီရိယကြီးတဲ့ မြန်မာတွေ၊ ကမ္ဘာနဲ့ရင်ပေါင်တန်းချင်တဲ့မြန်မာတွေအတွက် .....

နော်ဝေက ... ဥရောပက ...ရောင်းသူမဲ့ လယ်တောဆိုင်ကလေးဆိုတာ တအံတဩဖြစ်စရာမဟုတ်နိုင်တော့ပါဘူး။

သူတို့ကမှ ရောင်းနေသေး ....။

ငြိမ်းချမ်းတိုးတက်တဲ့ တိုင်းပြည်သာဆိုရင် မြန်မာတွေက အလကားတောင် ပေးနေ ဝေနေကြမှာ .....။
လိုသလောက်ယူသွားပါ၊ စားနိုင်သလောက်စားသွားပါ၊
လှူသူမဲ့ စတုဒိသာ .... 
ဆိုပြီး နေရာအနှံ ကြည်နူးနေကြရမှာ . ...။

ကံဉာဏ်ဝီရိယ
၃ ချက်လုံးအားကောင်းအောင်
ကြိုးပမ်းတော်မူနိုင်ကြပါစေ ....

ဇင်ယော်နီ
၂၀၂၂ ဇန်နဝါရီ ၄
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar